ပုစွန် ဂျုံနှစ်ကပ်ကြော် ၊ ကညွတ်နှင့် ပန်းဂေါ်ဖီ (Batter Prawn with Boiled Asparagus & Cauliflower)

By Presenter Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်များကို ဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ ဥရောပအစားအစာ ပြင်ဆင်ချက်ပြုတ်နည်းကို အခြေခံပြီး ပြင်ဆင်ထားတဲ့ “ပုစွန် ဂျုံနှစ်ကပ်ကြော်၊ ကညွတ်နှင့် ပန်းဂေါ်ဖီ” အတွဲလေးပါ။ ပုစွန်ကို ကျန်းမာရေးနှင့် ညီညွတ်အောင် ပြင်ဆင်ထားသလို  ကညွတ်နှင့် ပန်းဂေါ်ဖီကိုလည်း ရိုးရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်အောင် ပြင်ဆင်ထားတာကြောင့် အာဟာရဖြစ်စေသလို အစာကြေဖို့လည်း လွယ်ကူစေမှာပါ။ ကျန်းမာရေးနှင့် ညီညွတ်အောင် ပြင်ဆင်ထားတဲ့ Healthy Food ဖြစ်တဲ့အတွက် သာမန် အစားအစာတွေလို အရသာတော့ မထူးခြားနိုင်ပါဘူး။ သဘာဝအနံ့အရသာကိုသာ နှစ်သက်စွာ သုံးဆောင်ရမှာပါ။ ကဲ … ကျန်းမာရေးနှင့် ညီညွတ်တဲ့ ပုစွန် ဂျုံနှစ်ကပ်ကြော်လေး ပြင်ဆင်ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ပုစွန်ကျား  –  ၃ ကောင်

ဂျုံမှုန့်  –  ၃ ဇွန်း

ဘီယာ  –  ၁၀ဝ မီလီလီတာ

မာ့စတတ်ဆော့စ်  –  အနည်းငယ်

သံပရိုရည်  –  အနည်းငယ်

သံလွင်ဆီ  –  ၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကညွတ်  –  ၅ ချောင်း

ပန်းဂေါ်ဖီ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၅ မြွှာ

နွားနို့  –  ၃ ဇွန်း

ထောပတ်  –  ၂ ဇွန်း

ပစ်စတာချိုအစေ့  –  အနည်းငယ်

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။       ပုစွန်ကျားကို သန့်စင်ပြီး သံပရိုရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ မာ့စတတ်ဆော့စ်တို့ဖြင့် အရသာသွင်းပါ။

၂။       ဂျုံမှုန့်ကို ဘီယာနှင့်ရောပြီး မုန့်နှစ်ဖြစ်အောင် ဖျော်ထားပါ။

၃။       ပုစွန်ကျားကို ဒယ်အိုးထဲ သံလွင်ဆီ အနည်းငယ်နှင့် မုန့်နှစ်ကပ်ထည့်ကြော်ပြီး သံပရိုသီးနှင့် တွဲဖက်တည်ခင်းပါ။

၎။       ကညွတ်ကို အမျှင်ထုတ်၊ ရေနွေးဖြင့် ပြုတ်ပြီး အအေးခံထားပါ။

၅။       ပန်းဂေါ်ဖီ အနည်းငယ်နှင့် ကြက်သွန်ဖြူကို ပြုတ်ပြီး နွားနို့၊ ထောပတ်၊ သံပရိုရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီ၊ ပစ်စတာချို အစေ့တို့ဖြင့် ကျေညက်အောင်ကြိတ်ကာ အသင့်ပြုတ်ထားသော ကညွတ်နှင့် တွဲဖက်တည်ခင်းပါ။

www.facebook.com/Sunny Angelo

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments