ပုစွန်နှင့် မုန်ညင်းဖြူချဉ်စပ်ဟင်းလျာ

ပုစွန်နှင့် မုန်ညင်းဖြူချဉ်စပ်ဟင်းလျာ

            ဒီဟင်းလျာကတော့ မုန်ညင်းဖြူကို အဓိကအခြေခံထားပြီး ပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ချဉ်စပ်အရသာလည်းရှိသလို ပုစွန်အရသာနဲ့ မုန်ညင်းဖြူရဲ့ လက်ဆတ်တဲ့ အရသာကိုပါ မြည်းစမ်းနိုင်မယ့် ဟင်းလျာပဲဖြစ်ပါတယ်။

►   ပါဝင်ပစ္စည်းများ

♦   ပုစွန် (သေး)   –   100 gm

♦   မုန်ညင်းဖြူ   –   60 gm (၈ ရွက်ခန့်)

♦   ငရုတ်ချဉ်   –   စားပွဲဇွန်း ၁ ၁/၂ ဇွန်း

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ခရုဆီ   –   စားပွဲဇွန်း ၁ ဇွန်း

♦   ငရုတ်ကောင်းမှုန့်   –   လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

♦   ငရုတ်သီး (နီ) (စိမ်း)   –   ၅ တောင့်ခန့်

♦   နံနံပင်   –   ၃ ပင်ခန့်

♦   ကော်မှုန့်   –   စားပွဲဇွန်း ၂ ဇွန်း

♦   ကြက်သွန်ဖြူ   –   ၂ တက်

♦   ကြက်သွန်နီ   –   ၁ လုံးခန့်

♦   ဆီ   – စားပွဲဇွန်း ၁ ဇွန်း

►   ပြုလုပ်ပုံအဆင့်ဆင့်

၁။        ပုစွန်ကို အခွံ၊ ခေါင်းများ၊ အမြီးများဖယ်ပြီး အသားများကိုပဲ သုံးပါမည်။

၂။        မုန်ညင်းရွက်များကို တစ်ရွက်ချင်းစီခွာပြီး ရေနွေးဆူဆူထဲမှာ ဆားထည့်ပြီး ရေနွေးဖျောပေးပါ။

၃။        ပြီးရင် ရေစင်အောင်စစ်ပြီး မုန်ညင်းရွက်များကို တစ်ရွက်ချင်းစီ ပြန်ထပ်ပြီး သုံးပိုင်း (သို့) လေးပိုင်းလှီး ဖြတ်ပြီး ပန်းကန်ထဲတွင် ပြင်ထားပါ။

၎။        ဒယ်အိုးကို အပူပေးပြီး ကြက်သွန်ဖြူ (နုပ်နုပ်စဉ်း)ကို ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုရင် ပုစွန်နှင့် ငရုတ်သီးစိမ်း (ပါးပါးလှီး) များကို ဆီသတ်ပါ။

၅။        အနံ့များ မွှေးလာပြီဆိုရင် ငရုတ်ချဉ်နှင့် အရသာများထည့်ပေးပါ။ ရေထည့်ပြီး ခဏနှပ်ထားပေးပါ။ အရသာမှာ ချဉ်စပ်အရသာရလာပြီဆိုရင် နံနံပင်များကို နုပ်နုပ်စဉ်းပြီး ထည့်ပေးပါ။

၆။        ပြီးရင်တော့ ကော်ရည်ထည့်ပြီး အပျစ်ရလာပြီဆိုရင် မုန်ညင်းပေါ်မှ လောင်းထည့်ပြီး မြည်းနိုင်ပါပြီ။

***        ဒီဟင်းလျာမှာ သတိထားရမှာက မုန်ညင်းကို ရေနွေးဖျောတာပဲဖြစ်ပါတယ်။ ရေနွေးထဲမှာ အကြာကြီးမပြုတ်ရပါ။

♦   အံ့ဝင့်ထွဋ်(MRTV-4)   ♦

Facebook Comments