ပုစွန်ကြက်ဥဖူရောင် (Egg Foo Young) 芙蓉蛋

by Sofia for Food Magazine

          တရုတ်အစားအစာဖြစ်တဲ့ ကြက်ဥဖူရောင်ဟာ Cantonese အခေါ်တစ်ခုသာဖြစ်ပြီး အသား၊ ငါး၊ ပုစွန်နှစ်သက်ရာနှင့် အသီးအနှံများကို ကြက်ဥဖြင့် ရောမွှေကြော်ထားတဲ့ ကြက်ဥမွေကြော်လေးပဲ ဖြစ်ပါတယ်။ ထူးခြားချက်မှာ ကြက်ဥကို ကြွပ်ရွပြီး နီရောင်သန်းအောင် ကြော်တာဖြစ်ပါတယ်။ ဆော့စ်ကိုတော့ အချို့ဆမ်းပေးလေ့ရှိပြီး အချို့ကတော့ သီးသန့်တည်ခင်းကြပါတယ်။ ဆော့စ်မပါဘဲလည်း အချပ်လိုက် တည်ခင်းနိုင်ပါတယ်။ ဆိုဖီယာကတော့ အသီးအနှံများနှင့် အမြင်တစ်မျိုးထူးအောင် ပြင်ဆင်ထားပါတယ်။ ကြက်ဥမွှေကြော်ကိုပဲ ထမင်းဝိုင်းမှာ တင့်တယ်အောင် တည်ခင်းနိုင်မယ့် နည်းလေးဖြစ်လို့ ကြော်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၃ လုံး

ပုစွန်  –  ၅ ကောင်

ပဲပင်ပေါက်  –  လက်တစ်ဆုပ်

မုန်လာဥနီ –  အနည်းငယ်

မှို (နှစ်သက်ရာ)  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ခရုဆီ  –  ၁ ဇွန်း

နှမ်းဆီ  –  ၁ ဇွန်း

ဆီ  –  ၃ ဇွန်း

ဆော့စ်ချက်ရန်

နှစ်သက်ရာ အသီးအနှံ  –  Optional

ကြက်ပြုတ်ရည်  –  ပန်းကန်လုံး ၁ လုံး

ပဲငံပြာရည်  –  ၁/၂ ဇွန်း

ပြောင်းကော်မှုန့်  –  ၁ ဇွန်း

ရှလကာရည်  –  ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်ဥကို ပန်းကန်လုံး ၁ လုံးထဲ ခွဲပြီးထည့်ပါ။ ပုစွန်သေးသေးစိတ်၊ ပဲပင်ပေါက်၊ မုန်လာဥနီ၊ မှို၊ ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ခရုဆီ၊ နှမ်းဆီတို့ကို ထည့်ပြီး သမအောင် ခေါက်ထားပါ။

၂။       ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်ဥခေါက်ထားသည်ကို ထည့်ပြီး ကြော်ပါ။ နှစ်ချပ်ခွဲပြီး ကြော်နိုင်ပါတယ်။

၃။       ကြက်ဥကို နှစ်ဖက်လှန်ပြီး အနားသားများ ကြွပ်ရွသည်အထိ ကြော်ပါ။

၎။       နီရောင်သန်းပြီး ကြွပ်ရွလာပါက ဆယ်ယူ၍ တည်ခင်းမည့်ပန်းကန်ထဲမှာ ထည့်ပါ။ (ဆော့စ်မထည့်လိုပါက တည်ခင်းနိုင်ပါပြီ)

၅။       ပန်းကန်လုံး ၁ လုံးထဲ ဆော့စ်အတွက် ပါဝင်ပစ္စည်းအားလုံးထည့်ပြီး ဖျော်ထားပါ။

၆။       ကြက်ဥကြော်ထားသော အိုးမှာ အသီးအနှံထည့်လိုပါက ထည့်ပြီး ဆီသတ်ကာ ဖျော်ထားသောဆော့စ်ကိုထည့်ပြီး ဆူပွက်အောင် တည်ပါ။

၇။       ဆူပွက်ပြီး ပျစ်လာပါက ကြော်ထားပြီးသား ကြက်ဥပေါ်မှာ ဆမ်းပေးပြီး ချက်ချင်း တည်ခင်းနိုင်ပါပြီ။

          ကြက်ဥနှင့် ဆော့စ်ကို သီးသန့်စီလည်း တည်ခင်းနိုင်ပါတယ်။

*        ပုစွန်အစား နှစ်သက်ရာအသားကို အစားထိုးနိုင်ပါတယ်။

*        အသားမထည့်ဘဲ သီးနှံစုံဖြင့်လည်း ကြော်နိုင်ပါတယ်။

Facebook Comments