ပုစွန်သီးရွက်စုံနှင့် ပဲပြားအစပ်ချက် (Stir-Fried Prawn & Vegetables with Soft Tofu)

by Presenter Chef Ko Sunny for Food Magazine

          ဒီလအတွက် ပရိသတ်ကြီးကို ထပ်မံဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲလေးကတော့ . . .  “ပုစွန်သီးရွက်စုံနှင့် ပဲပြားအစပ်ချက်” လေးပါပဲ။ ပုစွန်နဲ့ သီးရွက်စုံကို ရိုးရိုးရှင်းရှင်း ခရုဆီလေးနဲ့ကြော်ပြီး ကျက်ခါနီးမှ ပဲပြားနုလေးကို အနှစ်ဖြစ်အောင် ရောချက်ထားတာပါ။ တရုတ်အစားအစာ ချက်ပြုတ်နည်းကို အခြေခံ ချက်ပြုတ်ထားတာပါ။ ပဲပြားနုက ဟင်းအနှစ်လို ပျော်ဝင်သွားလို့ ထမင်းဖြူလေးနဲ့ တွဲဖက်သုံးဆောင်မယ်ဆိုရင်တော့ အလွန်ထမင်းမြိန်စေမှာပါဗျာ။ ကဲ … ပုစွန်နဲ့ သီးရွက်စုံကို ပဲပြားနုလေးနဲ့  အစပ်လေးချက်ကြည့်ကြရအောင် . . . OK

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကောင်

ကင်းမွန်ငါး  –  ၅ ကောင်

ပဲပြားနု  –  ၁ တုံး

ငရုတ်ပွနီ/ဝါ/စိမ်း  –  ၁ လုံးစီ

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်နီ/ဖြူ  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

ပဲငံပြာရည်  –  အနည်းငယ်

ခရုဆီ  –  အနည်းငယ်

နှမ်းဆီမွှေး  –  အနည်းငယ်

ဆား  –  အနည်းငယ်

အသားမှုန့်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

သံလွင်ဆီ  –  အနည်းငယ်

ဆလတ်ရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပုစွန်နှင့် ကင်းမွန်ငါးကို သန့်စင်ပြီး ကင်းမွန်ကို ပါးပါးလှီး ထားပါ။

၂။       အသီးအရွက်များကိုလည်း လှီးထားပါ။

၃။       ကြက်သွန်ဖြူကို ထုပြီး သံလွင်ဆီဖြင့် ဆီသတ်ပါ။ ပြီးလျှင် ပုစွန်နှင့် ကင်းမွန်ငါး ထည့်ကြော်ပါ။ ပုစွန်အနည်းငယ်မွှေးလာလျှင် အသီးအရွက်စုံ ထည့်ကြော်ပါ။ ပြီးလျှင် ငံပြာရည်၊ ဆား၊ ခရုဆီအသားမှုန့်နှင့် ငရုတ်ကောင်းတို့ကို ထည့်ချက်ပေးပါ။

၎။       အရသာအားလုံး ပြည့်စုံပါက ပဲပြားနုကို ဇွန်းဖြင့် ဖဲ့၍ ထည့်ချက်ပြီး နှမ်းဆီမွှေး ထည့်ကာ အဆုံးသတ်ပါ။

www.facebook.com/Sunny Angelo

Facebook Comments