ပုစွန်မီးဖုတ်သုပ်

by ကိုသစ်ထူး for Food Magazine

             ပုစွန်ပေါတဲ့ရာသီမှာ ပုစွန်ကို စိတ်ကြိုက် ချက်ပြုတ် သုပ်စားတတ်ရင် အကောင်းဆုံး ပါပဲ။ ပုစွန်ကို အခွံအားလုံးမနွှာသေးဘဲ ကုပ်နားလေး ကနေ အခွံကို ကတ်ကြေးနဲ့ကိုက်ပြီး ကျောဘက် တစ်လျှောက် ခွဲလိုက်ပြီး ကျောက ချေးကြောင်းကို ထုတ်လိုက်ပါ။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကောင် (သန့်စင်ပြီး )

ပင်စိမ်းရွက်  –  ၁၀ ခက်

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးလှီးပြီး)

ကြက်သွန်ဖြူ  –  ၃ မြွှာ (ပါးပါးလှီးပြီး)

ငရုတ်သီးစိမ်း  –  ၅ တောင့်

သံပရာသီး  –  ၁ လုံး (အရည်ညှစ်ရန်)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

နံနံပင်  –  အလှဆင်ရန်

ပြုလုပ်နည်းအဆင့်ဆင့်

၁။  သန့်စင်ပြီးပုစွန်များကို ခဲပတ်ထဲမှာ ပင်စိမ်း ရွက်များခင်းပြီး ထုပ်ပါ။ မီးဖိုမှာ အထုပ်လိုက် တစ်ဖက်ကို ၅ မိနစ်စီ လှန်ပြီး ကင်ပေးပါ။

၂။  ခဲပတ်ထုပ်ကို အအေးခံ၍ ပုစွန်များထုတ်ပြီး အသားခွာပါ။ ပုစွန်များကို လှီးပြီး ပင်စိမ်းရွက် နှင့် ထွက်လာသောအရည်များကိုပါ ပြန်ပြီး ရောထည့်ထားပါ။ ပုစွန်ခေါင်း ကို နှစ်သက်ရင် ထည့်သုံးပါ။

၃။  နံနံပင်မှလွဲပြီး ကျန်ပါဝင်ပစ္စည်းများ ရောထည့် နယ်၍ ပန်းကန်မှာ ပြင်ဆင်ချိန် နံနံပင်များနှင့် အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments