ပုစွန်တုပ်ကင်နဲ့ ပင်လယ်စာဆော့စ်

by Chef Thit Htoo for Food Magazine

          ပုစွန်တုပ်ကို ဒီအတိုင်းလေး ဆား၊ ကြက်သွန်ဖြူ အရည်လေးနဲ့ ထောပတ်ဆီလေး သုတ်ကင်ပေးပြီး ပင်လယ်စာဆော့စ် ချဉ်ချဉ်စပ်စပ်ကလေးစပ်ကာ ပုစွန်ကင်လေးနှစ်ပြီး စားရတာ အရသာ သိပ်ကောင်းပါတယ်။ ပြင်ဆင်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

ပုစွန်တုပ်ကြီး  –  ၃ ကောင်

ကြက်သွန်ဖြူ  –  ၈ မြွှာ

ထောပတ်  –  ထမင်းစားဇွန်း ၁ ဇွန်း

ငရုတ်သီးအနီ/အစိမ်း  –  ၁၀ တောင့်

သံပရာသီး  –  ၁ လုံး

ငံပြာရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

ကြံသကာအနှစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်ပုံ

          ဆော့စ်ကို အရင်စပ်ပါမယ်။ ကြက်သွန်ဖြူတစ်ဝက်နဲ့ ငရုတ်သီးစိမ်းတို့ကို အရင်ညက်နေအောင်ထောင်းပြီး သံပရာရည်၊ ငံပြာရည်ထည့်၊ ကြံသကာအနှစ်ထည့်ပြီး ကြေအောင် မွှေပေးပါ။ ရေနွေးပူပူကို ထမင်းစားဇွန်း ၃ ဇွန်းခန့် ထည့်ပေးပြီး အဆင်သင့်ထားပါ။

၁။       ပုစွန်တုပ်ကို ဗိုက်ဘက်ကနေပြီး ၂ ခြမ်းခွဲလိုက်ပါ။ ခေါင်းပိုင်းက အညစ်အကြေးတွေကို ဇွန်းသေးသေး နဲ့ ခြစ်ထုတ်ပြီး ဖယ်ပါ။

၂။       ပုစွန်အသားပေါ်မှာ ဆားဖြူးပါ။ ကြက်သွန်ဖြူ ထောင်းပြီး ပုစွန်အသားပေါ် အရည်ညှစ်ချထားပါ။ ကြက်သွန်ဖြူ အဖတ်ကလေးတွေကိုတော့ ဆော့စ်ထဲ ရောထည့်စားဖို့ ဖယ်ထားပေးပါ။

၃။       အရသာသွင်းထားတဲ့ပုစွန်ကို မီးသွေးမီး၊ ဒါမှမဟုတ် အဆင်ပြေတဲ့ မီးမှာ အောက်မီးတစ်မျိုးတည်း ပုစွန်ခြမ်းထားတာကို ပက်လက်ထား (အခွံက အောက်ဘက်) ပြီး မီးအလယ်အလတ်နဲ့ ကင်ပေးပါ။ အသားအရောင်ပြောင်းလာလျှင် အပေါ်ကနေ ထောပတ်ဆီလေးသုတ်ပေးပြီး အဆုံးသတ်ပါ။ အဆင်သင့်စပ်ပြီးသား ဆော့စ်လေးနဲ့ သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments