ပုစွန်ဆီထမင်း

 by Myint Oo Tha for Food Magazine

          ငယ်ငယ်က ရန်ကုန်က အစ်မတွေပို့ပေးမှ ပုစွန်ဆီကို စားရပါတယ်။ အညာမှာဆိုတော့ ပုစွန်ဆီဆိုတာ မရှိသလောက်ရှားပါးပါတယ်။ အိမ်မှာ ပုစွန်ဆီကို ထမင်းပူပူလေးနဲ့ နယ်ပြီး မနက်စာကျွေးပါတယ်။ အိမ်မှာ မနက်စာဆိုတော့ ငါးမုန့်ကြော်၊ ပါပလာကြော်၊ စားတော်ပဲပြုတ်တို့နဲ့ စားပါတယ်။

          ဧရာဝတီတိုင်းဘက်ရောက်မှ ပုစွန်ဆီထမင်းကို သရက်သီး၊ ငှက်ပျောသီးတို့နဲ့ စားရမှန်းသိတာပါ။ အဲဒီတော့မှ အညာမှာ ငါးရည်ကျို၊ ငါးခြောက်ရည်ကျိုချက်ရင် ထမင်းဖြူ၊ သရက်သီးမှည့်နဲ့စားတာကို သတိရမိတယ်။ ပြီးတော့ မွန်ပြည်နယ်မှာဆိုရင် ထမင်းနဲ့ နာနတ်သီးစားသလိုပေါ့။

ပါဝင်ပစ္စည်းများ

ပုစွန်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း (၈၀ ဂရမ်)

ဆီ  –  စားပွဲဇွန်း ၇ ဇွန်း ( ၈၀ ဂရမ်)

ငှက်ပျောသီး  –  ၂ လုံး

သရက်သီး  –  ၄ လုံး

ထမင်းဖြူပူပူ  –  ပန်းကန်လုံး ၄ လုံး

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်ဆီချက်မည်ဆိုလျှင် ပုစွန်နှင့်ဆီကို ဆတူရောပြီး ချက်ရပါတယ်။ မီးပူပူမှာ ချက်မိလျှင်လည်း ပုစွန်ဆီတူးပြီး ခါးသွားမှာ ဖြစ်ပါတယ်။

၂။       အဲဒါကြောင့် ချက်မည့်အိုးထဲ ပုစွန်ဆီနှင့် ဆီထည့်ပြီး အရင်ဆုံး ရောစပ်သွားအောင် မွှေထားပါ။

၃။       ဆီနှင့် ပုစွန်ဆီ ရောသွားပြီဆိုလျှင် မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ချက်ပါ။

၎။       အချိန်ကြာကြာချက်ဖို့မလိုပါ။ ဆီပူလာလျှင် အဆက်မပြတ်မွှေပြီးသည်နှင့် မီးကို ပိတ်လိုက်ပါ။

၅။       ဒါဆိုလျှင် ပုစွန်မွှေးမွှေးလေး ရပါပြီ။

၆။       ထမင်းပူပူကို ပန်းကန်လုံး ၁ လုံး (တစ်ယောက်စာ) ကို ဇလုံထဲထည့်ပြီး ပုစွန်ဆီ ၂ ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး နယ်ပါ။

၇။       ပြီးလျှင် သရက်သီး၊ ငှက်ပျောသီးတို့နဲ့ သုံးဆောင်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments