ပုစွန်ကုန်းဘောင်

by Sofia for Food Magazine

          ထမင်းမြိန်စေမယ့် ပုစွန်ကုန်းဘောင်ကြီးကြော်ဆိုင်ဟင်းလေးကို အတော်များများ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ချက်ရလွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကို ကြိုတင်လှီးဖြတ်ထားကာ စားခါနီးမှသာလျှင် ကြော်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။ ချက်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကောင်

ကြက်သွန်နီ  –  ၂ လုံး (အနေတော်)

ချင်း၊ ကြက်သွန်ဖြူထောင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  ဇွန်းတစ်ဝက်

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ကော်မှုန့်  –  ၁ ဇွန်း

ခရမ်းချဉ်သီး  –  တစ်ခြမ်း

ရွှေပဲသီး  –  ၅ တောင့်

ငရုတ်သီးခြောက်  –  ၅ တောင့်

ရှောက်ကောမှုန့် တရုတ်မဆလာ  –  အနည်းငယ်

Sweet Soya Sauce  –  ၁ ဇွန်း (အနောက်ရည်)

ဆီ  –  လိုသလောက်

ချက်ပြုတ်နည်း

၁။       ဦးစွာ ပုစွန်ကို ရေဆေးသန့်စင်ပြီး ကျောခွဲထားပါ။ ဆား၊ ဟင်းခတ်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူထောင်းနှင့် ကော်မှုန့်တို့ကိုထည့်ပြီး နယ်ထားပါ။

၂။       ကြက်သွန်နီအတုံးကြီး လှီးထားပါ။ ခရမ်းချဉ်သီးအတုံးကြီး စိတ်ထားပါ။ ငရုတ်သီးခြောက်ကို ခြွေထားပါ။ ရွှေပဲသီးကို တစ်ဝက်စိတ်ထားပါ။

၃။       အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ (ဆီအနည်းငယ် ပိုထည့်ပေးမှ ဟင်းပွဲလှပါတယ်။)

၎။       ဆီပူလျှင် ငရုတ်ခြောက်ကို ကျွမ်းအောင်ကြော်ပြီး ဖယ်ထုတ်ထားပါ။ ပုစွန်ကို ဆီပူထဲ ထည့်ကြော်ပါ။ တစ်ဝက်ကျက်အနေအထားရလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ။

၅။       အိုးထဲမှ ဆီအချို့ကို ဖယ်ထုတ်၍ ကြက်သွန်ထည့်ပြီး ကြော်ပါ။ မီးပြင်းဖြင့် အရောင် ပြောင်းရုံကြော်ပါ။ ပုစွန်၊ ရွှေပဲသီးနှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။

၆။       ကြက်ပြုတ်ရည် သို့မဟုတ် ရေအနည်းငယ်ထည့်ပေးပါ။ Sweet Soya Sauce (အနောက်ရည်) ထည့်ပြီး မွှေပေးပါ။ နောက်ဆုံးမှ ရှောက်ကောမှုန့်ထည့်ပြီး ငရုတ်သီးခြောက်ကြော်ထည့်ကာ သမအောင်မွှေပေးပြီး ပန်းကန်မှာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

          (မီးပြင်းဖြင့် ကြော်ပြီး ကြက်သွန်တအားခြောက်ပြီး နွမ်းလျှင် စားမကောင်းပါ။)

Facebook Comments