ပုစွန်ကင်မွှေးမွှေးလေး

by Htet Family’s Creation for Food Magazine

          အိမ်မှာ သားကြီးရဲ့ ကျောင်းက ခရီးထွက်ကြလို့ သူမရှိတဲ့နှစ်ရက်မှာ အလွန်ကို သက်သောင့်သက်သာ မရှိတာပါ။ စိတ်တွေက သူအရွယ်ရောက်လို့ ထွက်သွားရင်ဆိုတဲ့ အတွေးနဲ့ တော်တော်ကို ကသိကအောက်ဖြစ်မိရတယ်။ သူပြန်လာရင် ကြိုက်တာလေးကို စားစေချင်မိတဲ့ အမေတစ်ယောက်ရဲ့စေတနာရယ်၊ ကိုယ်နေမကောင်းလို့ ဘာမှလုပ်ချင် ကိုင်ချင်စိတ် မရှိတာရယ် လွန်ဆွဲနေတယ်။ ဒီတော့ လွယ်လည်းလွယ်၊ သူလည်းကြိုက်တဲ့ ပုစွန်ကင်လေးတွေလုပ်ဖို့ စဉ်းစားမိတယ်။ အရေးကြီးတာက ပုစွန်လတ်ဖို့နဲ့ ပုစွန်ကို မွမ်းမံသုတ်လိမ်းတဲ့ အရသာအရည်က အဓိကလေ။ ကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ပုစွန်ကျား  –  လိုသလောက် (၂၆ ကောင်ခန့်)

အရသာအရည်စပ်ရန်

သံလွင်ဆီ  –  ထမင်းစားဇွန်း ၃ ဇွန်း

ငရုတ်ကောင်း  –  အချိုဇွန်း ၁ ဇွန်း

အသားမှုန့်  –  အချိုဇွန်း ၁ ဇွန်း

Ginger Garlic Paste  –  အချိုဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  အချိုဇွန်း ၁ ဇွန်း (သို့) Seasoning Sauce

          အရသာစပ်ရန် ပစ္စည်းအားလုံးတို့ကို ရောသမမွှေထားပါ။ သုတ်လိမ်းရန် Brush လေးတစ်ခု လိုပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်တွေကို ဘယ်လိုကိုင်ရလဲလို့ မေးတဲ့ ညီမလေး တွေအတွက်ပါနော်။ အစ်မကတော့ ကတ်ကြေးနဲ့ လုပ်ရတာ ပိုအားရတယ်။ ပုစွန်ရဲ့ ရေယက်၊ ခြေထောက်နဲ့ လက်တွေကို ညှပ်ထုတ်လိုက်ပါတယ်။

၂။       ခေါင်းပိုင်းနေရာက အခွံမာကို ခွာပြီးတဲ့အခါမှာ ခေါင်းက ချေးအိတ်ကိုဖယ်ဖို့ ကတ်ကြေးနဲ့ အနည်းငယ်ထိုးခွဲ လိုက်ပါ။ ခေါင်းက ပုစွန်ဆီတွေ၊ အနှစ်တွေနဲ့ မမှားဖို့ လိုပါတယ်ရှင်။ ခေါင်းထိပ်ဆုံးမှာ ချေးအိတ်အမည်းလေး ရှိပါတယ်။ အဲဒါလေးကို ဖြုတ်ပစ်ရမှာပါ။ ချေးအိတ်ထုတ်ပြီးရင် ကျောကို ကတ်ကြေးနဲ့ခွဲပြီး ကျောလယ်တစ်လျှောက် ချေးချောင်းကို ဆွဲဖယ်ထုတ်ပစ်ရပါတယ်။

၃။       အဲဒီလိုလုပ်ပြီးရင် ပုစွန်လေးတွေကို စီထားပြီး အရသာ သုတ်လိမ်းပေးကာ နီရဲပြီး ကျက်လာသည်အထိ ကင်ပေးရပါမယ်။ ကျက်လာတဲ့ ပုစွန်ကင်ရဲရဲ မွှေးမွှေးပူပူလေးကို ကြိုက်နှစ်သက်ရာ ဆော့စ်နဲ့ တွဲဖက်ကာ စားသုံးနိုင်ပါတယ်ရှင်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments