ပီလောပီနံဥ အဆိပ်သင့်ခြင်း (ကလောဥ တောက်ခြင်း)

by ဒေါက်တာလှကြည် for Food Magazine

မြန်မာနိုင်ငံမှာ အဆိပ်သင့်နိုင်တဲ့ သဘာဝအစား အစာအမျိုးမျိုးရှိပါတယ်။ မှိုစားပြီး အဆိပ်သင့်တာ၊ ပီလောပီနံဥ စားပြီး အဆိပ်သင့်တာနဲ့ တညင်းသီးစားပြီး အဆိပ်သင့်တာ စသဖြင့် ဖြစ်ပါတယ်။ မှိုစားပြီး အဆိပ် သင့်တဲ့အကြောင်းကို ပြီးခဲ့တဲ့လထုတ် Food Magazine မှာ တင်ပြခဲ့ပြီးပါပြီ။ ဒီဆောင်းပါးမှာတော့ ပီလောပီနံဥ ကြောင့် အစာအဆိပ်သင့်တဲ့အကြောင်း တင်ပြပါမယ်။

ပီလောပီနံဥကို စာရေးသူတို့ ဒေသအရပ်ထဲမှာ ကလောဥလို့ ပြောပါတယ်။ ပီလောပီနံဥ စားပြီး အဆိပ် သင့်တာကို  “ကလောဥ တောက်တယ်” လို့ ပြောတတ်ပါ တယ်။ တောက်တယ်ဆိုတာ အဆိပ်အတောက်ဖြစ်တယ် ဆိုတာကို အတိုကောက် ပြောတာလို့ ထင်ပါတယ်။

“အဆိပ်သင့်တယ်” ဆိုတဲ့ စကားလုံးကြီးကို ပါးစပ်က ပြောရမှာ ပြင်းထန်လွန်းတော့ မပြောချင်လို့ “တောက် တယ်” လို့ ပြောတာ ဖြစ်နိုင်ပါတယ်။ အဆိပ်သင့်တယ်ဆို တာထက် တောက်တယ်ဆိုတာ နားမှာကြားရတာလည်း ပိုပြီးခံသာပါတယ်။ြွေမကိုက်တာကို ပိုးထိတယ်လို့ ပြောသလိုပေါ့။ ဒါကြောင့် ဒီဆောင်းပါးမှာ ကလောဥ တောက်တယ်လို့ပဲ ရေးသွားပါမယ်။ ဒါကို ပီလောပီနံ အဆိပ်သင့်တာလို့ နားလည်ပေးကြပါ။

မြန်မာတွေက ကလောဥကို ပြုတ်ပြီးစားပါတယ်။ ပေါင်းပြီးစားပါတယ်။ စာရေးသူတို့ ငယ်စဉ်က မွေးရပ် မြေမှာ “ကလောပေါင်း” ကို သရေစာအနေနဲ့လည်း ရောင်းပါတယ်။ သကြားလေးဖြူးပြီး စားရတာကို မှတ်မိ နေပါတယ်။ ငယ်ငယ်က စားခဲ့တဲ့ “ကလောဥ ဆနွင်း မကင်း” ကလည်း အလွန်အရသာရှိပါတယ်။ ရန်ကုန် ရောက်လာပြီးမှ ကလောဥ ဆနွင်းမကင်းနဲ့ ဝေးခဲ့ရတာ နှစ် ၅၀ ကျော်နေပါပြီ။ လွန်ခဲ့တဲ့ ၂- ၃ နှစ်လောက်ကမှ ပဲခူးကျောက်တန်းရွာကို သူငယ်ချင်းတစ်ယောက်နဲ့ အလည်လိုက်သွားရင်း ကလောဥ ဆနွင်းမကင်းနဲ့ ပြန်ဆုံ ရပါတယ်။ ကလောဥကို ပြုတ်စား၊ ပေါင်းစားလို့ တောက် (အဆိပ်သင့်) တာကို အင်္ဂလိပ်လို Cassava poisoning  လို့ ပြောပါတယ်။

ကလောပင်ဟာ ရာသီဥတုဒဏ်ကို အတော်ခံနိုင်ပါ တယ်။ နေရာဒေသ အများအပြားမှာ စိုက်ပျိုးဖြစ်ထွန်းပါ တယ်။ ဆန်တို့၊ ဂျုံတို့ စိုက်ပျိုးလို့ မဖြစ်ထွန်းတဲ့ အချို့သော အာဖရိကနိုင်ငံတွေမှာ ကလောဥကို ပင်တိုင်စာအဖြစ် နေ့စဉ်စားသုံးရပါတယ်။ ဂျုံကို ပင်တိုင်စားသူတွေက ဂျုံမှုန့်ကိုသုံးပြီး ပေါင်မုန့်၊ ကိတ်မုန့်နှင့် အစားအစာ အမျိုးမျိုး၊ မုန့်ပဲသရေစာအမျိုးမျိုး ပြုလုပ် စားသုံးကြ ပါတယ်။  ဆန်ကို ပင်တိုင်စားသုံးသူတွေကလည်း ထမင်း အပြင်၊ ဆန်မှုန့်နှင့်ပြုလုပ်တဲ့ အစားအစာမျိုးစုံ၊ မုန့်ပဲ သရေစာမျိုးစုံကို ပြုလုပ် စားသုံးကြပါတယ်။ ပီလော ပီနံဥကို ပင်တိုင်စားသူတွေကလည်း ပီလောပီနံအမှုန့်ကို အစားအစာအမျိုးမျိုး၊ မုန့်အမျိုးမျိုး ပြုလုပ်စားသုံးကြ ပါတယ်။ ပီလောပီနံအမှုန့်ကို တာပီယိုးကား (tapioca) လို့ ခေါ်ပါတယ်။ ပီလောပီနံအမှုန့်နဲ့ ပြုလုပ်တဲ့ အစားအစာ တွေစားပြီး တောက် (အဆိပ်သင့်)တဲ့အဖြစ်အပျက်တွေ အခြားနိုင်ငံတွေမှာ ရှိပါတယ်။ ဒါကြောင့် Cassava poisoning လို့ပဲပြောပြော၊ Tapoica poisoning လို့ပဲပြောပြော ကလောဥတောက်တာ၊ ပီလောပီနံ အဆိပ် သင့်တာကို ပြောခြင်းဖြစ်ပါတယ်။

ကလောဥ တောက်ခြင်း

ကလောဥရဲ့  ရုပ်ကလာပ်စည်း (Cell) တွေ အတွင်း မှာ လီနာမရင် (Linamarin)ဆိုတဲ့ ဓာတ်ပေါင်းတစ်မျိုး ရှိနေပါတယ်။ ကလောဥရဲ့  ဆဲလ်နံရံ (cell wall) တွေထဲမှာ Linamarase ဆိုတဲ့ အင်ဇိုင်းတစ်မျိုး ရှိနေပါတယ်။ လီနာမရင်ဓာတ်ပေါင်းနဲ့ Linamarase အင်ဇိုင်းဟာ ကလောဥရဲ့ တစ်နေရာစီမှာရှိနေတာမို့ ဓာတ်ပြုလို့မရ (chemical reaction) မဖြစ်နိုင်ပါဘူး။ ကလောဥကို စားလိုက်လို့ လူ့ဝမ်းဗိုက်ထဲ ရောက်သွားတဲ့အခါမှာတော့ လီနာမရင်နှင့် Linamarase အင်ဇိုင်းတို့ ထိတွေ့ ပြီး ဓာတ်ပြုရာမှ လီနာမရင်ဓာတ်ပေါင်းဟာ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက် (Hydrogen cyanide) ဆိုတဲ့ ဓာတ်ပေါင်း ဖြစ်လာပါတော့တယ်။ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်မှာ အဆိပ်အာနိသင်ရှိပါတယ်။ ဒါကြောင့် ကလောဥ တောက်တယ်ဆိုတာ ဆိုင်ယာနိုက် အဆိပ်သင့်တာပါ။ဆိုင်ယာနိုက်အဆိပ် ၂.၅ ဂရမ် (တစ်မူးသားခန့်) ဟာြွကက်တစ်ကောင်ကို သေစေနိုင်ပါတယ်။

ကလောဥမှာ အချိုမျိုးနှင့် အခါးမျိုးဆိုပြီး ရှိတဲ့ အနက် အခါးမျိုးမှာ လီနာမရင် ဓာတ်ပေါင်းပိုများပြီးတော့ ဆိုင်ယာနိုက်အဆိပ်လည်း ပိုဖြစ်ပါတယ်။ အရသာခါး လေ၊ လီနာမရင် ဓာတ်ပေါင်းပိုများလေ အဆိပ်အာနိသင် ပြင်းလေဖြစ်ပါတယ်။ အချိုမျိုးဆိုတာ တကယ်တော့ မခါးတဲ့ ဥမျိုးကို ပြောတာပါ။ မပြုတ်ရသေးတဲ့ ကလောဥ အချိုမျိုး ၁ ကီလိုဂရမ်မှာ ဆိုင်ယာနိုက် ၂၀ မီလီဂရမ်ထက် နည်းပါတယ်။ ကလောဥအခါးမျိုး ၁ ကီလိုဂရမ်မှာတော့ ဆိုင်ယာနိုက်အဆိပ် ၁၀ဝ၀ မီလီဂရမ် (၁ ဂရမ်) လောက် အထိ ပါပါတယ်။ အချိုမျိုးထက် အခါးမျိုးက ဆိုင်ယာနိုက် ပမာဏ အဆ ၅၀ လောက် ပိုများပါတယ်။ မိုးခေါင်ပြီး ခြောက်သွေ့တဲ့ဒေသတွေမှာပေါက်တဲ့ ကလောဥတွေမှာ ဆိုင်ယာနိုက်အဆိပ်ဖြစ်လာနိုင်တဲ့ ဓာတ်ပေါင်း ပိုများ ပါတယ်။

ဖွံ့ ဖြိုးပြီးနိုင်ငံတွေမှာ ပီလောပီနံဥနှင့် ပီလောပီနံ အမှုန့်တွေမှာ လီနာမရင်ဓာတ်ပေါင်း ဘယ်လောက်ထက် မပိုမှ လူတွေစားသုံးခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်။ ဥပမာ- ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံ တို့မှာ ကလောဥ ၁ ကီလိုဂရမ်မှာ လီနာမရင် ၅၀ မီလီ ဂရမ်ထက် မများတဲ့ ကလောဥမျိုးတွေကိုသာ လူတွေ စားသုံးဖို့ သတ်မှတ်ပေးထားပါတယ်။ ပီလောပီနံမှုန့်တွေ ထုတ်လုပ်ရာမှာလည်း လီနာမရင် ဓာတ်ပေါင်းနည်းသွား အောင် ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေလိုက်နာပြီး ထုတ်လုပ်ရမယ်ဆိုတာ ထုတ်ပြန်ထားပါတယ်။ သတ်မှတ် ထားတဲ့ လီနာမရင်ဓာတ်ပေါင်း ပမာဏထက် မပိုတဲ့ ကလောဥတွေနဲ့ စက်ရုံကြီးတွေမှာ သိပံ္ပနည်းကျ ထုတ် လုပ်ထားတဲ့ ကလောဥမှုန့်တွေကိုသာ စားသုံးကြတဲ့ အတွက် သူတို့ဆီမှာ ကလောဥအဆိပ်သင့်တယ်ဆိုတာ အလွန်ရှားပါတယ်။ ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာတော့ လူတွေ စားသုံးဖို့ စိုက်ပျိုးတဲ့ ကလောဥမှာ လီနာမရင်ဓာတ်ပေါင်း ပါဝင်မှု သတ်မှတ်ချက်လည်းမရှိ၊ ကလောဥမှုန့်တွေနဲ့ လုပ်ထားတဲ့မုန့်တွေကလည်း ထုတ်လုပ်ရာမှာ စည်းမျဉ်း စည်းကမ်း တင်းတင်းကြပ်ကြပ် မရှိလေတော့ ကလောဥ စားပြီး တောက်တာ၊ ကလောဥမှုန့်နဲ့ လုပ်တဲ့မုန့်တွေ စားပြီး ကလောဥတောက်တာတွေရှိနေဆဲ ဖြစ်ပါတယ်။

 

ဘာကြောင့် ကလောဥတောက်ရသလဲ

ကလောဥကို မပြုတ်၊ မပေါင်းဘဲ အစိမ်းအတိုင်း စားရင် ကလောဥတောက်တာ ဖြစ်တတ်ပါတယ်။ ကလောဥကို ပြုတ်ရာမှာဖြစ်စေ၊ ကလောဥအမှုန့်နှင့် အစားအစာ ပြုလုပ်ရာမှာဖြစ်စေ လိုအပ်ချက် တစ်ခုခု ကြောင့်လည်း ကလောဥတောက်တာ  ဖြစ်တတ်ပါတယ်။ ကလောဥတောက်တဲ့ ဝေဒနာနှင့် ရောဂါလက္ခဏာတို့က မူးဝေခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်းတို့ ဖြစ်ပါတယ်။ များသောအားဖြင့် စားပြီး ၄ နာရီလောက် ကြာမှ  ရောဂါလက္ခဏာတွေဖြစ်လာတတ်တယ်ဆိုပေ မယ့် စားပြီး ၁ -၂ နာရီအတွင်းမှာ သေသွားတာတောင် ရှိပါတယ်။ ကလောဥတောက်ပြီး ဆေးရုံရောက်လာသူ တွေ မြန်မာနိုင်ငံမှာ ရှိပါတယ်။ မိဘတွေ တစ်နေကုန် အပြင်ထွက်ပြီး အလုပ်လုပ်နေတုန်း အိမ်မှာ ကျန်ခဲ့တဲ့ ကလေးနှစ်ယောက်ဟာ ကလောဥပြုတ်စားပြီး အဆိပ် သင့်နေတာကို မိဘတွေ ညနေဘက် အိမ်ပြန်ရောက်မှ သိရလို့ ဆေးခန်းကိုခေါ်လာတဲ့ အဖြစ်တစ်ခုကို လွန်ခဲ့တဲ့

၁၅ နှစ်လောက်က ရန်ကုန်မှာကြုံဖူးပါတယ်။ မူလတန်း ကျောင်းသားအရွယ် ကလေးက သတိရပါသေးတယ်။ မူကြိုအရွယ်အငယ်လေးက သတိလစ်ပြီး ပြာနှမ်းနေပါပြီ။ ဆေးရုံကို ပို့လိုက်ရပါတယ်။ ကလေးတွေ ကလောဥ တောက်တာ အခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ၂၀ဝ၅ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရဲ့ အရှေ့တောင် ဘက် ဘိုဟော (Bohol) ကျွန်းက မူလတန်းကျောင်းသား လေးတွေဟာ ကလောဥအမှုန့်နဲ့လုပ်ထားတဲ့ မုန့်တွေ စားပြီး ကလောဥအဆိပ်သင့်တဲ့အတွက် ကလေး ၆၀ မှ ၁၀ဝ လောက် ဆေးရုံရောက်သွားပြီး ၂၇ ယောက် သေဆုံး ခဲ့တဲ့ ဝမ်းနည်းထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ ဖူးပါတယ်။ အစာရေစာငတ်မွတ်ခေါင်းပါးနေတဲ့ ဒုက္ခ သည်စခန်း (အခြားနိုင်ငံ)တွေမှာ ကလောဥအခါးမျိုး တွေကို စားပြီး အဆိပ်သင့် သေဆုံးကြတာလည်း ရှိပါ တယ်။

 

ကလောဥကို  နေ့စဉ် ပင်တိုင်စားနေခြင်း ဆိုးကျိုးများ

ဆန်တို့၊ ဂျုံတို့ မဖြစ်ထွန်းလို့ ကလောဥကို ပင်တိုင် စာအဖြစ် နေ့စဉ်စားသုံးနေရတဲ့ အာဖရိကဒေသအချို့က လူတွေဟာ  အစုလိုက် အပြုံလိုက် လည်ပင်းကြီးရောဂါ (endemic goiter) ခံစားနေကြရတာရှိပါတယ်။ ဒါဟာ ကလောဥကြောင့် ကာလကြာရှည် ဆိုင်ယာနိုက်အဆိပ်သင့်ခြင်းဖြစ်ပါတယ်။ ရေသောက်လိုက်တဲ့အခါ စလုတ် နှင့်အတူ အထက်အောက် လှုပ်ရှားသွားတဲ့ သိုင်းရွိုက် ဂလင်း (thyroid gland) ဆိုတဲ့ အကျိတ်တစ်ခု လူတိုင်း ရဲ့ လည်ပင်းရှေ့မှာ ရှိပါတယ်။ သာမန်အရွယ်အစား သိုင်းရွိုက်ဂလင်းကို မျက်စိနဲ့ မမြင်ရပါဘူး။

သိုင်းရွိုက်ဂလင်းက ပုံမှန်ထက် အရွယ်အစား ပိုကြီးပြီး လည်ပင်းရှေ့မှာ အဖုအလုံးအနေနဲ့ မြင်နေရ တာကို လည်ပင်းကြီးရောဂါလို့ ပြောခြင်းဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းက သိုင်ရော့ဆင် (Throxin) ဆိုတဲ့ ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ဒီဟော်မုန်းက ဦးနှောက်၊ နှလုံး အစရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေ အလုပ်လုပ်နိုင် အောင် လှုံ့ဆော်အားပေးတာမို့ အလွန်အရေးကြီးပါ တယ်။ ကလောဥထဲက ဆိုင်ယာနိုက်အဆိပ်က သိုင်ရော့ ဆင် ဟော်မုန်း ထုတ်လုပ်မှုလုပ်ငန်းကို နှောင့်ယှက်တဲ့ အတွက် သိုင်းရွိုက်ဂလင်းကနေ သိုင်ရော့ဆင်ဟော်မုန်း အလုံအလောက်မထွက်နိုင်ပါဘူး။ ဒီအခါမှာ ဂလင်းရဲ့ အရွယ်အစားကို ကြီးအောင်လုပ်ပြီး ဟော်မုန်းထုတ်လုပ် မှုလုပ်ငန်းကို တိုးချဲ့ရပါတယ်။ ဒါကြောင့် သိုင်းရွက်ဂလင်း ဟာ ကြီးလာပြီး လည်ပင်းကြီးရောဂါ ဖြစ်လာတာပါ။

ကလောဥကို အမြဲစားနေရသူတွေမှာ လည်ပင်းကြီး ရောဂါအပြင် ဆိုင်ယာနိုက် အဆိပ်ကြောင့် အာရုံကြော တွေ ထိခိုက်ပြီးြွကက်သားတွေ တုန့်နေ၊ ဆွဲနေတဲ့ရောဂါ၊ ခြေ၊ လက်တို့ကို ဟန်ချက်ညီညီ မလှုပ်ရှားနိုင်တဲ့ ရောဂါ တစ်မျိုးလည်း ဖြစ်တတ်ပါတယ်။  Tropical ataxic neuropathy လို့ ခေါ်ပါတယ်။ အစာငတ်မွတ်မှုဘေး ကြုံတွေ့နေရတဲ့ ဒေသတွေမှာ လူတွေဟာ ဆန်တွေ၊ ဂျုံတွေ မစားနိုင်ဘဲ ကလောဥကိုပဲ စားနေရတဲ့အတွက် အာရုံကြောတွေ အားနည်းပြီး အကြောသေတဲ့ ရောဂါ တစ်မျိုးခံစားကြရတာ လည်း ရှိပါတယ်။ (ပုံကို ရှုပါ)

 

ကလောဥအဆိပ်သင့်မှု  လျော့အောင်

လုပ်နိုင်သည့်နည်းများ

ဆိုင်ယာနိုက်အဆိပ်ဖြစ်လာနိုင်တဲ့ လီနာမရင် ဓာတ်ပေါင်းများစွာပါတဲ့ ကလောဥ အခါးမျိုးကို မစားပါနှင့်။ အချိုမျိုးကိုလည်း အစိမ်း (မပြုတ်ဘဲ) မစားသင့်ပါဘူး။ ကလောဥကို ပြုတ်ပြီး စားတာက အစိမ်းစားတာထက် အဆိပ်သင့်နိုင်တဲ့အန္တရာယ် လျော့နည်းပါတယ်။

ကလောဥကို အပူချိန် ၁၀ဝ ဒီဂရီစင်တီဂရိတ်ရှိတဲ့ ပွက်ပွက်ဆူနေတဲ့ ရေထဲမှာ ပြုတ်လိုက်တဲ့အခါ လီနာမရင် ဓာတ်ပေါင်းကို ဆိုင်ယာနိုက်အဆိပ်ဖြစ်အောင် ပြောင်း ပေးတဲ့ အင်ဇိုင်းဟာ ပျက်စီးသွားတဲ့အတွက် ဆိုင်ယာနိုက် အဆိပ်ဖြစ်ပေါ်မှု နည်းသွားပါတယ်။ ကလောဥကို တစ်ဥ လုံးသော်လည်းကောင်း၊ အပိုင်းရှည်ကြီးအဖြစ်သော် လည်းကောင်း ပြုတ်တာထက် အပိုင်းတိုတိုလေးတွေ ပိုင်းပြီး ပြုတ်တာက အဆိပ်ကို ပိုလျော့စေပါတယ်။ အခွံ ချွတ်ပြီး ပြုတ်တာကလည်း အဆိပ်ကို လျော့နည်းစေပါ တယ်။

ရေများများနဲ့ ပြုတ်တာက ရေနည်းနည်းနဲ့ ပြုတ်တာ ထက် အဆိပ်ကို ပိုလျှော့စေပါတယ်။ ၂ ဂရမ်စီသာလေးတဲ့ အပိုင်းကလေးတွေကို မိနစ် ၃၀ ပြုတ်လိုက်ရင် အဆိပ် ဓာတ်ပေါင်း ၇၅% လောက် လျော့သွားနိုင်ပါတယ်။ ၅၀ ဂရမ်လောက်လေးတဲ့ အပိုင်းကြီးတွေကို ပြုတ်တဲ့အခါမှာ တော့ ၂၅% သာ လျော့သွားတယ်ဆိုတာ လေ့လာတွေ့ရှိ ရပါတယ်။ ကလောဥပြုတ်ပြီးတဲ့အခါ ရေကို သွန်ပစ်ရပါ မယ်။ အခြားအစားအစာတွေ ချက်ပြုတ်ရာမှာ ပြန်မသုံး သင့်ပါဘူး။  ကလောဥအပိုင်းတိုကလေးတွေကို မပြုတ်ခင် ရေထဲမှာ စိမ်ထားမယ်ဆိုရင် အဆိပ်ဓာတ်ပေါင်းတွေ ပိုပြီးလျော့သွားနိုင်ပါတယ်။ ရေစိမ်တယ်ဆိုရာမှာလည်း ၃-၄ နာရီလောက်စိမ်ရုံနဲ့တော့ မရပါဘူး။ အချိန်ကြာကြာ စိမ်ထားဖို့ လိုပါတယ်။ ၁၈ နာရီကနေ ၂၄ နာရီလောက် စိမ်ထားမယ်ဆိုရင် အဆိပ်တစ်ဝက်လောက် လျော့သွား နိုင်ပါတယ်။

ကလောဥကို ရေနွေးငွေ့နှင့်ပေါင်းတာ၊ မီးဖုတ်တာ၊ ကြော်တာတွေဟာ အပူချိန် ၁၀ဝ ဒီဂရီမှာ ရေများများနှင့် အချိန်ကြာကြာပြုတ်တာလောက် အဆိပ်ဓာတ်ပေါင်း မလျော့ပါဘူး။ ကလောဥကို ပြုတ်တဲ့အခါ ရေပူပူထဲမှာ အချိန်အကြာကြီးထားလို့ရပေမယ့် ဆီပူထဲမှာ အချိန် အကြာကြီး ကြော်နေလို့မရတာ၊ မီးသွေးထဲမှာ အချိန် အကြာကြီး မီးဖုတ်နေလို့မရတာကြောင့် ဖြစ်နိုင်ပါတယ်။

 

ကလေးတွေကို  ကလောဥ  မကျွေးသင့်ပါ

ကလောဥထဲက ဆိုင်ယာနိုက်အဆိပ်ဟာ ကလေး တွေကို ပိုပြီး ဒုက္ခပေးနိုင်တယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ အဲဒီ အကြောင်းကို ရှင်းပြပါမယ်။

လူ့ခန္ဓာကိုယ်ထဲကို ဆိုင်ယာနိုက်ဓာတ်ပေါင်းတွေ ရောက်လာစေနိုင်တဲ့ အခြားအစားအစာတွေ ရှိပါသေး တယ်။ ဥပမာ- ပဲကျား (lima beans)၊ မက်မွန်သီးအခါးမျိုး (bitter almonds) တို့ ဖြစ်ပါတယ်။ ပန်းသီး၊ မက်မွန်သီး (peaches) တရုတ်ဆီးသီး (apricots) စတဲ့ အသီးတွေရဲ့ အစေ့တွေမှာလည်း ဆိုင်ယာနိုက်ဖြစ်လာနိုင်တဲ့ ဓာတ် ပေါင်းတွေ ပါဝင်နေပါတယ်။ ဘာလီ (barley)၊ နှမ်းကြတ် စေ့ (flaxseed) အစရှိတဲ့ ကောက်နှံတွေမှာလည်း ပါပါ တယ်  မြန်မာတွေကြိုက်ကြတဲ့ မျှစ်မှာလည်း ဆိုင်ယာနိုက် ဖြစ်လာနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်ပါတယ်။ အစာ အမျိုးမျိုးစားပြီး ခန္ဓာကိုယ်ထဲရောက်လာတဲ့ ဆိုင်ယာနိုက် အဆိပ်အနည်းငယ်လောက်ကိုတော့ အဆိပ်အာနိသင် မရှိတဲ့ သိုင်အိုဆိုင်ယာနိတ် (Thiocyanate) ဓာတ်ပေါင်း ဖြစ်သွားအောင် လူ့ခန္ဓာကိုယ်က ပြောင်းပစ်နိုင်စွမ်း ရှိပါ တယ်။ ဒီလိုအစွမ်းက လူကြီးတွေမှာ အားကောင်းပြီး ကလေးတွေမှာ အားပျော့ပါတယ်။ အသက်ငယ်လေ အား ပျော့လေ ဖြစ်ပါတယ်။ လူကြီးတွေဟာ ကလောဥစားပြီး ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆိုင်ယာနိုက်အဆိပ် အနည်းငယ်လောက်ကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ ကလေးတွေမှာတော့ ဆိုင်ယာနိုက်အဆိပ်ကို ချေဖျက် နိုင်စွမ်းမရှိတဲ့အတွက်၊ နည်းတဲ့အတွက် အဆိပ်ဒဏ် ပိုပြီးခံရခြင်းဖြစ်ပါတယ်။ ကလေးရဲ့အသက်ငယ်လေ အဆိပ်ဖြစ်တဲ့လက္ခဏာတွေ ပိုပြီးပြင်းထန်လေ၊ အသက် အန္တရာယ်ပိုများလေ ဖြစ်ပါတယ်။ မိသားစုဝင်အားလုံး ကလောဥပြုတ်စားကြပေမယ့် လူကြီးတွေ ကလောဥ မတောက်ဘဲ ကလေးတွေသာ အဆိပ်သင့်ခံရတာ အဲဒါ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကလောဥ မကျွေးသင့်ပါဘူး။ ၂ နှစ်၊ ၃ နှစ်၊ ၄ နှစ်အရွယ် ကလေး တွေဆိုရင် လုံးဝမကျွေးသင့်ပါဘူး။ မူလတန်းကျောင်းသား အရွယ်တွေအတွက်တောင် စိတ်မချရပါဘူး။

နောက်တစ်ချက်က ကလောဥဟာ အခြားအစား အစာတွေနဲ့ ယှဉ်လိုက်ရင် အာဟာရတန်ဖိုးလည်း နိမ့်ပါ တယ်။ ကလောဥအစိမ်း ၁၀ဝ ဂရမ်မှာ ရေက ၆၀ ဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၈ ဂရမ်၊ ပရိုတင်း ၁ ဂရမ်သာ ပါဝင်ပါတယ်။ အဆီဓာတ်က မပါသလောက် နည်းပါ တယ်။ ကာဗိုဟိုက်ဒရိတ်ဆိုတာက မည်သည့်ကောက်နှံ မျိုးကို စားသည်ဖြစ်စေ၊ မည်သည့်သစ်ဥမျိုးကို စားသည် ဖြစ်စေ ရနိုင်တဲ့အာဟာရဖြစ်ပါတယ်။ ကောက်နှံတွေ၊ သစ်ဥသစ်ဖုတွေရဲ့ အာဟာရတန်ဖိုးဟာ သူတို့မှာပါနေတဲ့ ပရိုတင်း၊ ဗီတာမင် စတဲ့အာဟာရတွေြွကယ်ဝမှုအပေါ် မူတည်ပါတယ်။ ကလေးတွေရဲ့ ကြီးထွားမှုအတွက် လိုအပ်တဲ့ ပရိုတင်းအာဟာရက ဆန်နှင့် ဂျုံတို့မှာ ၇%-၈% လောက်ပါပြီး ကလောဥမှာ ၁% သာ ပါဝင်ပါတယ်။ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ အခြားသစ်ဥတွေကလည်း ဆန်နှင့် ဂျုံလောက် ပရိုတင်းမများပါဘူး။ ဆိုလိုတာက ပိုက်ဆံ ကုန်တာချင်း အတူတူ ပရိုတင်းအာဟာရဓာတ်များတဲ့ ဆန်၊ ကောက်ညှင်းတို့နဲ့ လုပ်တဲ့မုန့်တွေ၊ ဂျုံနဲ့လုပ်တဲ့ မုန့်တွေသာ ကျွေးသင့်ပါတယ်။ ပရိုတင်းပါဝင်မှုနည်းပြီး အဆိပ်သင့်နိုင်တဲ့ အန္တရာယ်လည်းရှိတဲ့ ကလောဥကို မကျွေးသင့်ပါဘူး။ ကလေးတွေကို သစ်ဥသစ်ဖုတွေ ကျွေးတာ ကောင်းပါတယ်။ သစ်ဥသစ်ဖုကျွေးမယ်ဆိုရင် ရွှေဝါကန်စွန်းဥလို ဗီတာမင်အေ လောင်းလျာ ဘေတာ ကယ်ရိုတင်း (beta carotene)ြွကယ်ဝတဲ့ ရွှေဝါ ကန်စွန်းဥ၊ အဆိပ်အတောက် အန္တရာယ်ကင်းတဲ့ အာလူး၊ ပိန်းဥ စတာတွေကိုသာ ကျွေးသင့်ပါတယ်။

ကလောဥတောက်ခြင်းအတွက် ဖြေဆေး

ကလောဥတောက်ခြင်းအတွက် ဖြေဆေးရှိပါ

တယ်။ အဲဒါက သိုင်အိုဆာလဖိတ် (Thiosulfate) ဆိုတဲ့ ထိုးဆေးထိုးပေးခြင်း ဖြစ်ပါတယ်။ ကလောဥစားပြီး ခန္ဓာ ကိုယ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ဆိုင်ယာနိုက်အဆိပ်က ခန္ဓာ ကိုယ်ရဲ့  ရုပ်ကလာပ်စည်း (Cell) တွေရဲ့ အောက်ဆီဂျင် အသုံးပြုမှုကို နှောင့်ယှက်ပါတယ်။ အောက်ဆီဂျင်ကို အသုံးမပြုနိုင်တဲ့ ဦးနှောက်၊ နှလုံးနှင့် အဆုတ်စတဲ့ အရေး ကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ ဘာအလုပ်မှ မလုပ် နိုင်တော့ဘဲ အသက်သေဆုံးရခြင်းဖြစ်ပါတယ်။ သိုင်အို ဆာလဖိတ်ထိုးဆေးက ပီလောပီနံဥထဲက အဆိပ်အာနိ သင်ရှိတဲ့ ဆိုင်ယာနိုက်ဓာတ်ပေါင်းနှင့် ဓာတ်ပြုပြီး အဆိပ် အာနိသင်မရှိတဲ့ သိုင်အိုဆိုင်ယာနိတ် (Thiocyanate) ဖြစ်သွားအောင် ပြောင်းလဲပေးလိုက်ခြင်းအားဖြင့် အဆိပ် ပြေသွားခြင်းဖြစ်ပါတယ်။

Facebook Comments