ပိန်းဥပဲပုစွန်အချိုချက်

by Myint Oo Tha for Food Magazine

          ဒီဟင်းလေးကတော့ ကျွန်တော့်ရဲ့ ပရိသတ်တစ်ဦးပြောပြတဲ့ ဟင်းလေးပါ။ ပထမတစ်ကြိမ်ချက်ကတည်းက ကြိုက်ခဲ့တယ်။ လုံးဝ ဆီထည့်စရာမလိုတဲ့အတွက် ကျွန်တော် ဝိတ်ချနေတဲ့အချိန်မှာ ချက်စားဖြစ်ခဲ့တယ်။ ငါးမထည့်ဘဲ ပုစွန်ခြောက်နဲ့ ချက်လည်း အရမ်းစားကောင်းပါတယ်။ ဒီဟင်းချက်စားတဲ့နေ့ဆိုရင် ချင်းပဲပုပ်ထောင်းလေး အမြဲထောင်းပြီး စားဖြစ်တယ်။ ပိန်းဥပဲသီးချိုချို အရည်စပ်စပ်လေးစားလိုက်၊ ချင်းပဲပုပ်ထောင်း ပူပူစပ်စပ်လေးစားလိုက်နဲ့ အရမ်းကိုလိုက်ဖက်တဲ့ ဟင်းအတွဲအမျိုးအစားပါ။ ပြီးလျှင် မရမ်းသီးထောင်း ဒါမှမဟုတ် သရက်သီးထောင်းစပ်စပ်လေးနဲ့ လိုက်ဖက်ပါသေးတယ်။

ပါဝင်ပစ္စည်းများ

ပိန်းဥ  –  ၆၀ဝ ဂရမ် (အခွံနွှာပြီး အနေတော်အရွယ်တုံးထားပါ)

ပဲပုစွန်  –  ၂၅၀ ဂရမ် (ြွေခထားပါ)

ငါးခူ  –  ၂၅၀ ဂရမ် (အတုံးကြီးကြီး တုံးထားပါ)

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီး  –  ၂ လုံး (၂၄၀ ဂရမ်)(အတုံးသေးသေးတုံးထားပါ)

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  ၁   ၁/၂ လီတာ

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးလှီးထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဦးဆုံး ချက်မယ့်အိုးထဲ ရေထည့်ပြီး ဆူအောင်တည်ထားပါ။

၂။       ရေဆူသည်နှင့် ပိန်းဥ၊ ငါးပိ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဆားထည့်ပြီး တည်ထားပါ။

၃။       ပိန်းဥနူးခါနီးမှာ ငါးနဲ့ ပဲပုစွန်ထည့်ပြီး ချက်ပါ။

၎။       ပိန်းဥနှင့် ပဲပုစွန်နူးလျှင် အဆင်သင့်ဖြစ်ပါပြီ။ ချင်းထောင်းပူပူစပ်စပ်လေးနဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။

www.facebook.com/Myint Oo Tha

Facebook Comments