ပါးစပ်မှ ဝင်လာနိုင်သော ခဲဆိပ် (၂)

by ဒေါက်တာလှကြည် for Food Magazine

          ဒီဆောင်းပါးဟာ ပြီးခဲ့တဲ့လထုတ် Food Magazine မှ “ပါးစပ်မှဝင်လာနိုင်သော ခဲဆိပ်” ဆိုတဲ့ ဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ဦးစွာ ယခင်ဆောင်းပါးကို အကျဉ်းချုံးပြီး တင်ပြပါမယ်။

          ပြီးခဲ့တဲ့လ ဆောင်းပါးမှာ ခဲဓာတ်ပေါင်းအမျိုးမျိုးအကြောင်းနှင့် ခဲဓာတ်ပေါင်းတွေက လူ့ခန္ဓာကိုယ်ထဲကို အသက်ရှူလမ်းကြောင်း (နှာခေါင်း)၊ အစာလမ်းကြောင်း (ပါးစပ်) နှင့် အရေပြားတို့ကို ဖောက်ပြီး ဝင်နိုင်တဲ့ အကြောင်း၊ ဒီလမ်းကြောင်းတွေအနက် ပါးစပ်မှ ခဲဆိပ်ဝင်ခြင်းအကြောင်းကို အသေးစိတ်တင်ပြခဲ့ပါတယ်။ ခဲဓာတ်ပေါင်းတွေဟာ သဘာဝအစားအစာတွေမှာ၊ သောက်ရေထဲမှာ ပါလာနိုင်ကြောင်း၊ ခဲဓာတ်များတဲ့ မြေကြီးမှာ စိုက်ပျိုးဖြစ်ထွန်းတဲ့ အပင်ထွက်အစားအစာ (အသီး၊ အရွက်၊ အပွင့်၊ သစ်ဥသစ်ဖု) တွေမှာ ခဲဓာတ်တွေ များနိုင်သလို ခဲဓာတ်များနေတဲ့ မြေအောက်ရေကို သောက်သုံးမိခြင်းအားဖြင့်လည်း ခန္ဓာကိုယ်ထဲ ခဲဓာတ်တွေ အစာလမ်းကြောင်းမှ ဝင်ရောက်နိုင်တယ်ဆိုတာ ရှင်းပြ ခဲ့ပါတယ်။

          သဘာဝ အစားအစာတွေမှာ ခဲဓာတ်ပေါင်းတွေ မပါပေမယ့် အစားအစာတွေ ပြင်ဆင် ချက်ပြုတ်တဲ့အချိန်မှာ ခဲဓာတ်ပေါင်းတွေ ဝင်လာနိုင်ကြောင်း၊ ခဲဓာတ်ပေါင်းတွေ ရှိနေတဲ့ ဖုန်တွေ၊ အမှုန်တွေနဲ့ ပေကျံနေတဲ့ လက်ကို စင်အောင်မဆေးဘဲ အစာစားသောက်ခြင်းကြောင့်လည်း ခဲဓာတ်ပေါင်းတွေက အစားအစာများနှင့်အတူ ခန္ဓာကိုယ်ထဲ ဝင်သွားနိုင်ကြောင်း ပြောခဲ့ပါတယ်။

          မြေကြီးပေါ်မှာ ဆော့ကစားတတ်ခြင်း၊ လက်ကို စင်အောင် မဆေးဘဲ အစာစားတတ်ခြင်း စတဲ့ အမူအကျင့်တွေကြောင့် ကလေးတွေဟာ လူကြီးတွေထက် ပိုပြီး ခဲဆိပ်သင့်တဲ့ အန္တရာယ်ကို ကြုံတွေ့ခံစားရတတ်ကြောင်း လည်း ရှင်းပြခဲ့ပါတယ်။

          အသက်မွေးဝမ်းကျောင်းလုပ်ငန်းအချို့ဟာ ခဲဆိပ်သင့်စေနိုင်တဲ့ အခွင့်အလမ်းပိုများကြောင်း ဥပမာများနှင့် တကွ တင်ပြခဲ့ပါတယ်။ ဘက်ထရီအိုးဟောင်းတွေကို အသစ်ပြန်လည်ပြုလုပ်ရာမှာ ခဲကို အရည်ကျိုခြင်း၊ ခဲပြားများကို ဆေးကြောရခြင်းတို့ကြောင့်လည်း ခဲဆိပ်တွေက အလုပ်သမားတွေ၊ အိမ်သားတွေ၊ အနီးပတ်ဝန်းကျင်မှာ ဆော့ကစားကြတဲ့ ကလေးတွေကို အန္တရာယ် ဖြစ်စေနိုင်ကြောင်း တင်ပြခဲ့ပါတယ်။

          ရှေးခေတ်က အသုံးပြုခဲ့ကြတဲ့ အိမ်သုတ်ဆေးတွေမှာ ခဲဓာတ်ပေါင်းတွေပါဝင်ကြောင်း၊ အဆောက်အအုံ ဟောင်းတွေက ကွာကျလာတဲ့ သုတ်ဆေးအဖပ်တွေဟာ အိမ်ကြမ်းပြင်မှာ၊ အိမ်ပတ်ဝန်းကျင် မြေကြီးမှာရှိနေရာမှ လူတွေရဲ့ပါးစပ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ အိမ်သုတ်ဆေးတွေမှာပါနေတဲ့ ခဲဓာတ်ပေါင်းတွေကြောင့် ကလေးသူငယ်တွေ ခဲဆိပ်သင့်ပြီး ဆေးရုံရောက်လာကြတဲ့ အဖြစ်မျိုး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကတည်းက  ရှိခဲ့ပါတယ်။

          ပန်းချီရေးတဲ့ ဆေးတွေမှာပါနေတဲ့ ခဲဓာတ်ပေါင်းတွေကြောင့် ကမ္ဘာကျော် ပန်းချီဆရာကြီးတွေ ခဲဆိပ် သင့်ရောဂါ ခံစားခဲ့ရတဲ့အကြောင်း၊ ကလေးကစားစရာတွေကို အလှခြယ်တဲ့ ရောင်စုံဆေးတွေမှာ ခဲဓာတ်ပေါင်း တွေ ပါဝင်နေခြင်းကြောင့်လည်း ကလေးတွေ ခဲဆိပ်သင့်နိုင်ကြောင်း၊ မြန်မာ့ရိုးရာ အိုးဖုတ်၊ ချိုးရုပ်၊ ပစ်တိုင်းထောင်၊ ဖိုးဝရုပ် စတဲ့ ကစားစရာတွေကို ရောင်စုံခြယ်ထားတဲ့ ဆေးတွေမှာ ခဲဓာတ်ပေါင်းတွေ ပါဝင်နေရင် ပါးစပ်နှင့် ကိုက်မိ၊ စုပ်မိတဲ့ ကလေးတွေကို ခဲဆိပ်သင့်နိုင်ကြောင်း သတိပေးရေးသားခဲ့ပါတယ်။ လူ့အသုံးအဆောင်နှင့် ကလေးကစားစရာတွေမှာ ခဲဓာတ်မပါဝင်ရအောင် ကြပ်ကြပ်မတ်မတ် လုပ်နေတဲ့ အမေရိကန်နိုင်ငံမှာလည်း ခဲနှင့်ပြုလုပ်ထားတဲ့ ဆွဲသီးကလေးကို မျိုချမိတဲ့ ကလေးတစ်ယောက် ဆေးရုံရောက်လာပြီး သွေးထဲမှာ ခဲဓာတ်ပေါင်းတွေ များနေတာကို တွေ့ရတဲ့အတွက် ကလေးတွေကို ဆွဲဆောင်နိုင်တဲ့ အဲဒီပစ္စည်းမျိုး အရေအတွက် တစ်သန်းခွဲကို ဈေးကွက်က ပြန်လည်ရုပ်သိမ်းခဲ့ရဖူးပါတယ်။

          ရိုးရာနည်းနှင့် ပြုလုပ်တဲ့ အိုးခွက်၊ ပန်းကန်၊ စဥ့်ထည်၊ြွေကထည်၊ မြေထည်ပစ္စည်းတွေမှာ ခဲဓာတ်ပေါင်းတွေ ပါဝင်နိုင်ကြောင်း၊ ဒီလို အိုးခွက်၊ ပန်းကန်တွေထဲမှာ အစားအသောက်တွေကို ထည့်ပြီး စားသောက်မည်ဆိုလျှင် စဥ့်ထည်၊ အိုးခွက်၊ ပန်းကန်တွေထဲက ခဲတွေဟာ အစားအသောက်တွေ၊ အထူးသဖြင့် အက်စစ်ဓာတ်သဘာဝရှိတဲ့ အစားအသောက်တွေထဲ ဝင်လာနိုင်ကြောင်း အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သာဓက ပေးပြီး ရေးသားတင်ပြခဲ့ပါတယ်။

          ခဲလုံးကလေးတွေပါတဲ့ နှစ်လုံးပြူးစရိတ်ကျည် (ကျည်ဆန်) မှန်ပြီးတော့ ချက်ချင်းအသက်မသေတဲ့ သားကောင်က ခဲဆိပ်သင့်ပြီး အချိန်အတန်ကြာမှ သေဆုံးနိုင်ကြောင်း၊ အဲဒီလိုနည်းနှင့် သေဆုံးတဲ့ တိရစ္ဆာန်ရဲ့ အသားကို စားမိသူ (လူ)မှာ ခဲဆိပ်သင့်ရောဂါ ရရှိနိုင်ကြောင်း၊ ခဲဆိပ်သင့်ပြီး သေဆုံးတဲ့ တိရစ္ဆာန်အသေကောင်တွေကို စားသောက်ကြတဲ့ လင်းတငှက်တွေ ခဲဆိပ်သင့်ပြီး သေဆုံးကြရပုံ အဖြစ်အပျက်တွေကိုလည်း တင်ပြခဲ့ပါတယ်။

          အသား၊ ငါး၊ နနွင်းမှုန့် စတဲ့ စားကုန်ပစ္စည်းတွေ အလေးချိန်ပိုများပြီး ပိုက်ဆံပိုရအောင် ဝိသမလောဘနှင့် ခဲသတ္တုတွေထည့်တာက မိမိကိုယ်ကျိုးတစ်ခုတည်း အတွက် သူတစ်ပါးကို ခဲဆိပ်သင့်စေ၊ ရောဂါရစေနိုင်ရုံမက အသက်သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ပြစ်မှုဖြစ်တဲ့အတွက် လုံးဝမလုပ်သင့်ကြောင်း အသိပေးတင်ပြရင်း ဆောင်းပါး ပထမပိုင်းကို နိဂုံးချုပ်ခဲ့ပါတယ်။

ခဲဆိပ်သင့်ရောဂါ

          ဒီလဆောင်းပါးမှာ ခဲဆိပ်သင့်ရောဂါအကြောင်း ဆက်လက်ပြီး တင်ပြပါမယ်။ ခဲဆိပ်သင့်ရောဂါကို လူကြီး၊ လူငယ်လူရွယ်မရွေး ခံစားရနိုင်ပါတယ်။ မိခင်ရဲ့ ဝမ်းဗိုက်အတွင်းက သန္ဓေသားပင် ခဲဆိပ်သင့်ခြင်းရဲ့ဒဏ်ကို ခံစားရနိုင်ပါတယ်။ ခဲဆိပ်က ဦးနှောက်နှင့် အာရုံကြောတွေကို အဓိကအားဖြင့် ထိခိုက်စေပါတယ်။

          လူကြီးတွေမှာ ခြေတွေ၊ လက်တွေထုံခြင်း၊ ကျဉ်ခြင်း၊ ဗိုက်နာခြင်း စတဲ့ အသေးအမွှား ရောဂါဝေဒနာမျိုးမှအစ ဦးနှောက်ထိခိုက်ခြင်းနှင့် အသက်သေဆုံးခြင်းအထိ ပြင်းထန်နိုင်ပါတယ်။

          ခဲဆိပ်ကြွကက်သားတွေကို အလုပ်လုပ်ဖို့ လှုံ့ဆော်ပေးတဲ့ အာရုံကြောများကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြေပြင်နှင့်အပြိုင် တစ်တန်းတည်းဆန့်ထားတဲ့လက်မှာ လက်ဖဝါးနှင့် လက်ချောင်းတွေကို (လက်ကောက်ဝတ် အဆစ်မှာ) အပေါ်သို့ လှန်ပြီးတင်ပေးရတဲ့ ကြွက်သားတွေ၊ ခဲဆိပ်ကြောင့် အလုပ်မလုပ်တဲ့အတွက် လက်ဖဝါးနှင့် လက်ချောင်းတွေ၊ လက်ကောက်ဝတ်မှ တွဲလောင်းကျ နေတာကို wrist drop လို့ ခေါ်ပါတယ်။

          ခြေဖဝါးနှင့် ခြေချောင်းတွေကို (ခြေချင်းဝတ် အဆစ်မှာ) အပေါ်သို့ လှန်တင်ပေးတဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးတဲ့ အာရုံကြောတွေ ခဲဆိပ်သင့်ပြီး ထိခိုက်ထားသူဟာ လမ်းလျှောက်တဲ့အခါ ခြေဖျားကို မြေကြီးမှ လွတ်အောင်မကြွနိုင်ဘဲ တရွတ်တိုက်ဆွဲနေတာကို foot drop လို့ ခေါ်ပါတယ်။ ကာလတာရှည် ခဲဆိပ်သင့်ခြင်း ကြောင့် သွေးအားနည်းသွားနိုင်ပါတယ်။ ခဲနှင့် ထိတွေ့ရတဲ့ လုပ်ငန်းတစ်ခုခု လုပ်နေသူတစ်ယောက် သွေးအားနည်းနေတဲ့အတွက် သွေးကိုစစ်ဆေးကြည့်တဲ့အခါ သွေးနီဥ အချို့မှာ အပြာရောင် အစက်ကလေးတွေ (baso-philic stippling) တွေ့ရတယ်ဆိုရင် အဲဒါဟာ ခဲဆိပ်ကြောင့် သွေးအားနည်းတာကိုပြတဲ့ လက္ခဏာဖြစ်ပါတယ်။

          ခဲဆိပ်ကြောင့် ကျောက်ကပ်လုပ်ငန်းလည်း ထိခိုက်နိုင်ပါတယ်။ ခဲဆိပ်ကြောင့် အမျိုးသားတွေမှာရော အမျိုးသမီးတွေမှာပါ မျိုးပွားနိုင်တဲ့စွမ်းအင် လျော့နည်းပြီး မြုံသွားနိုင်ပါတယ်။ ခဲသတ္တု အသုံးပြုတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေ ကလေးမရနိုင်ဘဲ မြုံနေတတ်တာကို ကြုံခဲ့ရတဲ့ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီလို စက်ရုံတွေမှာ အမျိုးသမီးတွေကို အလုပ်မခိုင်းဖို့၊ ထိရောက်တဲ့ အကာအကွယ်တွေပေးဖို့ စည်းမျဉ်းဥပဒေတွေ သတ်မှတ်ခဲ့ရပါတယ်။

ကလေးသူငယ်များ ခဲဆိပ်သင့်ခြင်း

          ခဲဆိပ်ဟာ ကလေးတွေကို အသက်အန္တရာယ်ကြုံ တွေ့တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဩစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ဆေးရုံကြီးတစ်ရုံမှာ ဦးနှောက်အမြှေးရောင် ရောဂါလို့ အမည်တပ်ပြီး ကုသခံခဲ့ရတဲ့ ကလေးအချို့ဟာ အမှန်စင်စစ် ခဲဆိပ်သင့်ရောဂါ ခံစားခဲ့ရတာဖြစ်ကြောင်း ၁၈၉၂ ခုနှစ် (လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၇ နှစ်) ကတည်းက သိရှိခဲ့ကြပြီးဖြစ်ပါတယ်။ ဗက်တီးရီးယားစတဲ့ ရောဂါပိုးတွေကြောင့်  ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) ဖြစ်တဲ့ ကလေးများနှင့် ခဲဆိပ်သင့်ပြီး ဦးနှောက်ထိခိုက်ခံရတဲ့ (lead encephalopathy) ကလေးများဟာ ခြေတွေ၊ လက်တွေ ကောက်ကွေးပြီး တက်တဲ့ လက္ဓဏာချင်းတူတဲ့ အတွက် သေသေချာချာ မစုံစမ်းမစစ်ဆေးလျှင် မှားနိုင်ပါတယ်။

          မြန်မာနိုင်ငံမှာလည်း ၁၉၈၀ ပြည့်နှစ်တစ်ဝိုက်က စာရေးသူဟာ ရန်ကုန်မြို့ရှိ ကလေးဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့စဉ် အတက်ရောဂါနှင့် ရောက်လာတဲ့ ကလေးတိုင်းကို မိသားစုတွေက ဘာအလုပ်လုပ်သလဲ၊ ဘက်ထရီအိုးပြင်တဲ့ လုပ်ငန်းလုပ်သလား၊ အိမ်အနီး ပတ်ဝန်းကျင်မှာ ဘက်ထရီအိုးပြင်တဲ့လုပ်ငန်း ရှိသလား ဆိုတဲ့ မေးခွန်းမျိုးကို မပျက်မကွက် မေးခဲ့ရပါတယ်။ ခဲဆိပ်သင့်ပြီး ဦးနှောက်ထိခိုက်ခံလိုက်ရတဲ့ ကလေးဟာ အသက်သေဆုံးသွားနိုင်ပါတယ်။ မသေဘဲ ရှင်ကျန်ခဲ့သည့်တိုင် ဦးနှောက် ထိခိုက်ခြင်းဒဏ်ကြောင့် ခြေ၊ လက် မသန်စွမ်းခြင်း၊ စိတ်ဖွံ့ဖြိုးမှု စံမမီခြင်း၊ ဥာဏ်ရည်နိမ့်ခြင်းတို့ကို တစ်သက်လုံး ခံစားသွားရနိုင်ပါတယ်။

သန္ဓေသားကို ခဲဆိပ်သင့်ခြင်း

          ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ အော့အန်ခြင်းမှ သက်သာစေဖို့၊ စိတ်ငြိမ်ပြီး အိပ်ပျော်စေဖို့၊ Thalidomide ဆိုတဲ့ဆေးကို သောက်သုံးမိတဲ့ အမျိုးသမီးတွေဟာ ခြေ၊ လက်အင်္ဂါ ချို့ယွင်းမှုတွေပါတဲ့ ကလေးတွေကို မွေးဖွားလာတဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးတစ်ခု ၁၉၆၁-၆၂ ခုနှစ် ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာ မိခင်မှီဝဲတဲ့ ဆေးဝါးတွေ၊ မိခင်ရဲ့သွေးထဲမှာရှိနေတဲ့ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေဟာ မိခင်ထံမှ သန္ဓေသားထံ ရောက်သွားပြီး၊ အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆဖြစ်ပေါ် ကြီးထွားလာပြီး သုတေသနများပြုလုပ် လာကြပါတော့တယ်။

          သန္ဓေသားအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေအနက် ခဲ၊ အာဆင်းနစ် (arsenic) နှင့် အယ်လ်ကိုဟော (alcohol) တို့ကို သိလာပြီး ၁၉၇၀ ပြည့်နှစ်ရဲ့ နောက်ပိုင်းနှစ်တွေ (late 1970s) မှာ ခဲအကြောင်းလေ့လာမှုက ဦးစားပေးနေရာကို ရောက်ရှိခဲ့ပါတယ်။

          အမိဝမ်းမှ ကျွတ်လျှင်ကျွတ်ချင်း ကလေးရဲ့ ချက်ကြိုးမှ သွေးကို ဖောက်ပြီး နမူနာယူ စစ်ဆေးကြည့်တဲ့အခါ မိခင်ရဲ့သွေးမှာ ခဲဆိပ်ပမာဏများနေလျှင် ကလေးရဲ့သွေးမှာလည်း ခဲဓာတ်ပမာဏ များနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး မိခင်ရဲ့သွေးထဲမှာရှိတဲ့ ခဲဓာတ်ပေါင်းတွေဟာ အချင်း (placenta) ကို ဖြတ်ပြီး ချက်ကြိုးမှတစ်ဆင့် သန္ဓေသားထံ  ရောက်သွားနိုင်ကြောင်း၊ အဲဒီခဲဆိပ်က မွေးလာတဲ့ကလေးအပေါ် ဘယ်လိုဆိုးကျိုး သက်ရောက်နိုင်မယ်ဆိုတာတွေကို လေ့လာထားတဲ့ သုတေသနတွေ ထွက်ပေါ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု  ဘော့စတန် (Boston) မြို့က ဆေးရုံကြီးတစ်ရုံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနကြီးတစ်ခုရဲ့ ပထမ ၂ နှစ်အတွင်း မွေးကင်းစ ကလေးငယ် ၁၂၀ဝ၀ ရဲ့ ချက်ကြိုးမှ သွေးနမူနာများကို ရယူနိုင်ခဲ့ပါတယ်။ ကလေး ၅၀ဝ၀ မှာ သွေးအတွင်း ခဲဓာတ်ပေါင်း ပမာဏများခြင်းဟာ အသေးစားကိုယ်အင်္ဂါ ချို့ယွင်းမှုတွေ ပါလာခြင်းနှင့် ဆက်နွှယ်ပတ်သက်မှု (association) ရှိတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

          အဲဒီသုတေသနကြီးကို နောက်ထပ် ၁၀ နှစ် ဆက်လက်ပြုလုပ်ခဲ့ရာမှာ ကလေးတွေကို အသက် ၆ လမှာ တစ်ကြိမ်၊ အသက် ၁၂ လ၊ ၂ နှစ်၊ ၄ နှစ် ၈ လနှင့် ၁၀ နှစ် အရွယ်တွေမှာ တစ်ကြိမ်စီ ထပ်မံတွေ့ဆုံပြီး သူတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး (အိုင်ကျူ-IQ) ကို စစ်ဆေးခဲ့ပါ တယ်။ ချက်ကြိုးထဲက သွေးမှာ ခဲဆိပ်များခဲ့တဲ့ ကလေး ငယ်တွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးက အသက် ၂ နှစ်အထိ သိသိသာသာ နိမ့်ကျနေတာကို တွေ့ခဲ့ရပါတယ်။ အသက် ၄ နှစ် ၈ လနှင့် ၁၀ နှစ်အရွယ်တွေမှာ စစ်ဆေးတွေ့ရှိရတဲ့ အိုင်ကျူဟာ အသက် ၂ နှစ်အရွယ်မှာ ရှိနေခဲ့တဲ့ သွေးအတွင်းက ခဲဓာတ်ပမာဏနှင့် ဆက်နွှယ်မှုမရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ အလားတူတွေ့ရှိမှုမျိုးကို အမေရိကန် ပြည်ထောင်စု Cincinnati မြို့နှင့် ဩစတြေးလျနိုင်ငံတို့မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေမှာလည်း တွေ့ခဲ့ရပါတယ်။ အဲဒါတွေဟာ ခဲဆိပ်က ကလေးတွေမှာ မွေးရာပါ ဦးနှောက် ချို့ယွင်းမှုကို ဖြစ်စေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ဖြစ်ပါတယ်။

          သွေးထဲက ခဲဆိပ်အများစုဟာ အရိုးတွေထဲကို ဝင်ရောက်လာပြီး အဲဒီနေရာမှာ ကြာမြင့်စွာ တည်ရှိနေတတ်ပါတယ်။ အရိုးများအတွင်း ကိန်းအောင်းနေကြတဲ့ ခဲဓာတ်ပေါင်းတွေဟာ ဦးနှောက်၊ ကျောက်ကပ် စတဲ့ အင်္ဂါတွေကို ဒုက္ခမပေးနိုင်ပါဘူး။ သွေးထဲမှာ ရှိနေတဲ့ ခဲဓာတ်ပေါင်းတွေကသာ ဒုက္ခပေးခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိလာတဲ့အခါ ပြောင်းလဲလာတဲ့ ဇီဝကမ္မသဘာဝအရ သူ့ရဲ့အရိုးတွေထဲမှာ ကိန်းအောင်းနေတဲ့ ခဲဓာတ်ပေါင်းတွေဟာ အရိုးတွေထဲကနေ ထွက်လာပြီး သွေးထဲသို့ ဝင်ကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဘဝမှာ အမျိုးသမီးရဲ့ သွေးအတွင်း ခဲဓာတ်ပမာဏဟာ နဂိုကထက် မြင့်တက်လာတတ်ပါတယ်။ မြင့်တက်လာတဲ့ ခဲဓာတ်ပေါင်းတွေဟာ အချင်းကိုဖြတ်ပြီး သန္ဓေသားရဲ့သွေးထဲကို ရောက်သွားခြင်းအားဖြင့် သန္ဓေသားဟာ ခဲဆိပ်သင့်ခြင်းဒဏ်ကို ခံစားခြင်း ဖြစ်ပါတယ်။

ခဲဆိပ်၊ ကလေး၏ စိတ်ဖွံ့ဖြိုးမှုနှင့် ဥာဏ်ရည်ဥာဏ်သွေး

          သန္ဓေသားဘဝမှာ ကြုံတွေ့ရတဲ့ ခဲဆိပ်၊ လသား အရွယ်နှင့် ကလေးသူငယ်ဘဝမှာ ကြုံတွေ့ရတဲ့ ခဲဆိပ်တွေက ကလေးရဲ့ ဦးနှောက်ဖွံ့ ဖြိုးမှုကို ထိခိုက်ပါတယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးမှုကို ထိခိုက်ခြင်းဟာ ခဲဆိပ်ရဲ့ ကြောက်စရာအကောင်းဆုံး အန္တရာယ် ဖြစ်ပါတယ်။ ကလေးရဲ့ မှတ်ဥာဏ် (memory)၊ အာရုံစူးစိုက်နိုင်စွမ်း (concentration)၊ စဉ်းစားတွေးခေါ်မှု (thinking)၊ ဥာဏ်ရည်ဥာဏ်သွေး (IQ)၊ အရေး၊ အဖတ်၊ အတွက် (“အ” သုံးလုံး) ဆိုင်ရာ သင်ယူနိုင်စွမ်းတွေကို ထိခိုက် ယုတ်လျော့စေပါတယ်။ မူမမှန်တဲ့ အပြုအမူ (abnormal behavior) တွေကို ဖြစ်စေပါတယ်။ ကလေးရဲ့ သွေး ၁ ဒက်ဆီလီတာ (decilitre) မှာ ခဲဓာတ်ပမာဏ ၁ မိုက်ခရိုဂရမ် (microgram) မြင့်တက်လာရုံနှင့် ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေး (IQ) ဟာ ၂ မှတ်လောက် လျော့သွားနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ ရှိပါတယ်။ ၁ ဒက်ဆီလီတာဟာ ၁ လီတာရဲ့ ၁၀ ပုံ ၁ ပုံရှိပြီး ၁ မိုက်ခရိုဂရမ်ဟာ ၁ ဂရမ် (မြန်မာအလေးချိန် ၁ ပဲသား ခန့်)ရဲ့ အပုံ တစ်သန်းပုံ တစ်ပုံသာ ရှိပါတယ်။ ငယ်စဉ်က ခဲဆိပ်သင့်ဒဏ်ခံခဲ့ရတဲ့ ကလေးတွေဟာ အရွယ်ရောက်တဲ့အခါ မူမမှန်တဲ့ အပြုအမူတွေ ပြုလုပ်ခြင်း၊ ကျောင်းပြေးခြင်း၊ ဆေးစွဲခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်းတို့ကို ပိုပြီး ပြုလုပ်ကြတယ်လို့လည်း သုတေသနတွေမှာ တွေ့ရပါတယ်။

          ခဲဆိပ်နှင့်ပတ်သက်ပြီး ပညာရှင်တွေ အလေးထား ဆုံးအချက်က ကလေးတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေး (IQ)ကို ထိခိုက်စေခြင်းပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေမှာ ခဲပါတဲ့ အိမ်သုတ်ဆေးတွေ သုံးစွဲမှု ပိတ်ပင်ခဲ့တာ၊ ခဲပါတဲ့ မော်တော်ယာဉ်သုံးဓာတ်ဆီတွေ ထုတ်လုပ်ရောင်းချမှု ပိတ်ပင်ခဲ့တာ၊ ခဲနှင့်ပြုလုပ်တဲ့ ကလေးကစားစရာတွေ ပြုလုပ်ရောင်းချမှုကို ပိတ်ပင်ခဲ့တာ၊ ခဲပါတဲ့ စဥ့်ထည်၊ ကြွေထည်ပစ္စည်းတွေ၊ အလှကုန်ပစ္စည်းတွေ ထုတ်လုပ် ရောင်းချခြင်း၊ ခဲပါတဲ့ ဘယဆေးတွေ တင်သွင်းခြင်းတို့ကို တင်းကြပ်တဲ့ ဥပဒေ စည်းမျဉ်းများနှင့် ပိတ်ပင်ပြီး ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမှတ်တာဟာ အဓိက အကြောင်းရင်းက ကလေးတွေကို ခဲဆိပ်ကြောင့် စိတ်ဖွံ့ဖြိုးမှု၊ ဥာဏ်ရည်ဥာဏ်သွေး ဖွံ့ဖြိုးမှုကို မထိခိုက်အောင် ကာကွယ်ဖို့ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ခဲဆိပ်ကြောင့် ကလေးတွေ ဥာဏ်ရည်ဥာဏ်သွေးနိမ့်ခြင်းဟာ သူတို့အတွက်၊ သူတို့မိသားစုနှင့် အသိုင်းအဝိုင်းအတွက်သာမက နိုင်ငံရဲ့ဖွံ့ဖြိုးရေး၊ တိုးတက်ရေး၊ အနာဂတ်လုံခြုံ ရေးတို့ကိုလည်း ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက အရှည်ကြီးမျှော်ပြီး တွေးမိကြပါတယ်။

          ဂျာမနီနိုင်ငံမှာ အမျိုးသမီးများနှင့် ကလေးသူငယ်များကို ခဲပါတဲ့ သုတ်ဆေး ထုတ်လုပ်ရာ စက်ရုံတွေမှာ အလုပ်လုပ်ခွင့်မပြုတဲ့ ကျန်းမာရေးဥပဒေ ၁၈၈၆ ခုနှစ်ကပင် ရှိခဲ့ပါသတဲ့။ နိုင်ငံတစ်ဝန်း ခဲဆိပ်မပြန့်ရေး၊ ပြည်သူ တွေအတွက် ခဲဆိပ်အန္တရာယ် ကာကွယ်ရေးအစီအစဉ်တွေကို ဖွံ့ဖြိုးပြီး နိုင်ငံအများအပြားမှာ ပြုလုပ်နေခဲ့တာ ကြာပါပြီ။ သူတို့လို ဖွံ့ဖြိုးလာဖို့ ကြိုးပမ်းနေတဲ့ ကျွန်တော် တို့နိုင်ငံမှာ ယခင်က သူတို့ကြုံခဲ့ရတာမျိုးတွေ မဖြစ်လာအောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ ခဲဆိပ်အန္တရာယ်အကြောင်းကို ပြည်သူတွေ သေသေချာချာ သိရှိနားလည်အောင် ပညာပေးဖို့၊ နိုင်ငံအတွင်း ခဲဆိပ်ပြန့်မှု ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို သေသေချာချာလုပ်ဖို့၊ ဥပဒေစည်းမျဉ်းစည်းကမ်း တွေ ပြဋ္ဌာန်းသတ်မှတ်ဖို့၊ ရှိပြီးသား ဥပဒေတွေကို ခေတ်နှင့်အညီ ပြင်ဆင်ဖို့၊ ဖောက်ဖျက်သူတွေကို ထိရောက်တဲ့ အရေးယူမှု၊ ပြစ်ဒဏ်ချမှတ်မှုတွေ ပြုလုပ်ဖို့ လိုနေပါပြီ။

Facebook Comments

Menu