ပါးစပ်မှ ဝင်လာနိုင်သော ခဲဆိပ်

by ဒေါက်တာဦးလှကြည် for Food Magazine

          ခဲဟာ လူ့ခန္ဓာကိုယ်ထဲကို ရောက်လာလျှင် အဆိပ်သင့်နိုင်တဲ့ သတ္တုတစ်မျိုး ဖြစ်ပါတယ်။ ခဲဆိပ်သင့်ခြင်းကို လူကြီး၊ လူငယ် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ခဲဆိပ် သင့်ခြင်းဟာ ဗိုက်နာတဲ့ဝေဒနာ၊ ခြေ၊ လက်တွေ ထုံကျဉ်တဲ့ ဝေဒနာမှအစ ကလေးငယ်တွေမှာ ရုတ်တရက် ဦးနှောက်လုပ်ငန်းထိခိုက်ပြီး အတက်ရောဂါနှင့် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ မသေဆုံးသည့်တိုင် လူစဉ်မမီတဲ့ဘဝနှင့် တစ်သက်လုံး နေသွားရနိုင်ပါတယ်။ ကာလကြာရှည် ခဲဆိပ်သင့်ခြင်းက ကလေးတွေရဲ့  ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ဥာဏ်ရည်ဥာဏ်သွေး (IQ အိုင်ကျူ)ကို ထိခိုက်စေနိုင်တဲ့အတွက် ကလေး၊ သူ့ရဲ့မိသားစုနှင့် အသိုင်းအဝိုင်းအတွက်သာမက နိုင်ငံအတွက်ပါ ကြီးမားတဲ့ဆုံးရှုံးမှုကို ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေက ယူဆနေကြပြီ ဖြစ်ပါတယ်။

ခဲဓာတ်ပေါင်းအမျိုးမျိုး

          ခဲသတ္တုကို မြေကြီးမှ ပေါပေါများများ ရရှိနိုင်ခြင်း၊ အရည်ကျိုရာတွင် လွယ်ကူခြင်း၊ ပုံသွန်းလောင်းရာတွင် လွယ်ကူခြင်း၊ အခြားသတ္တုအမျိုးမျိုးနှင့် ရောနှောအသုံးပြုနိုင်ခြင်း စတဲ့ ဂုဏ်သတ္တိတွေကြောင့် လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလွန်အသုံးများပါတယ်။ ယခင် (ရောမ ခေတ်ကတည်းက) က အသုံးပြုခဲ့တဲ့ ရေပိုက်တွေ၊ ဒင်္ဂါး (ခဲဒင်္ဂါး၊ ခဲမူးစေ့) တွေ၊ ခဲဝိုင်ယာကြိုးတွေ၊ ဘက်ထရီ အိုးတွေ၊ ခဲဂဟေ စတာတွေဖြစ်ပါတယ်။ လူသိမများတဲ့ ခဲပါတဲ့ပစ္စည်းတွေ အများအပြား ရှိပါသေးတယ်။ ဥပမာ- အိမ်သုတ်ဆေးတွေ၊ ပန်းချီဆေးတွေ၊ အရောင်ခြယ်ဆေးတွေ၊ ဓာတ်ဆီလောင်စာဆီတွေ ဖြစ်ပါတယ်။

          ခဲဓာတ်ပေါင်းတွေကို အော်ဂဲနစ် (Organic) ခဲဓာတ်ပေါင်းများနှင့် အော်ဂဲနစ်မဟုတ်တဲ့ (Inorganic) ခဲဓာတ် ပေါင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ ဘက်ထရီအိုးထဲက ခဲပြားတွေ၊ ခဲပိုက်၊ ခဲဒင်္ဂါး စတဲ့ပစ္စည်းတွေထဲက ခဲတွေဟာ အော်ဂဲနစ်မဟုတ်တဲ့ ခဲဓာတ်ပေါင်းတွေဖြစ်ပြီး ဓာတ်ဆီ၊ လောင်စာဆီတွေထဲက ခဲဓာတ်ပေါင်းဟာ အော်ဂဲနစ် ခဲဓာတ်ပေါင်း ဖြစ်ပါတယ်။ အော်ဂဲနစ်ခဲဓာတ်ပေါင်းတွေဟာ အရေပြားကို ဖောက်ပြီး လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ခြင်း၊ သွေးထဲကနေ ဦးနှောက်ထဲကို အလွယ်တကူ ဝင်ရောက်နိုင်ခြင်းဆိုတဲ့ ဂုဏ်သတ္တိတွေကြောင့် ပိုပြီး ကြောက်စရာကောင်းပါတယ်။ ခဲပါတဲ့ လောင်စာဆီတွေက အင်ဂျင်စက်ရဲ့ စွမ်းအားကို ပိုကောင်းစေတာမို့ အများအပြား ထုတ်လုပ်ရောင်းချ သုံးစွဲခဲ့ကြပါတယ်။  ခဲဆိပ်သင့်ခြင်းရဲ့  အန္တရာယ်ကြီးမားပုံကို ဂဃနဏသိလာတဲ့အတွက် ၁၉၉၀ ပြည့်နှစ်တွေက စပြီး ခဲပါတဲ့ လောင်စာဆီတွေနေရာမှာ ခဲမပါတဲ့ (un-leaded) ဓာတ်ဆီလောင်စာဆီတွေကို ပြောင်းပြီးသုံးနေကြပါပြီ။ ကမ္ဘာတစ်ဝန်း ယခုအခါမှာ ခဲပါတဲ့ ဓာတ်ဆီလောင်စာဆီသုံးနေတဲ့ နိုင်ငံရယ်လို့ ၅ နိုင်ငံလောက်သာ ရှိတော့တယ်လို့ သိရပါတယ်။

ခန္ဓာကိုယ်ထဲသို့ ခဲဓာတ်ဝင်ရာ လမ်းကြောင်းများ

          ခဲကို အရည်ကျိုတဲ့အခါ ထွက်လာတဲ့အငွေ့တွေ၊ ခဲပါတဲ့ လောင်စာဆီသုံး အင်ဂျင်တွေကထွက်တဲ့ အငွေ့တွေထဲက ခဲဓာတ်ပေါင်းတွေဟာ လူ့ခန္ဓာကိုယ်ထဲကို အသက်ရှူသွင်းလိုက်တဲ့ လေထဲကနေ ဝင်နိုင်ပါတယ်။ သောက်လိုက်တဲ့ရေနှင့် အရည်အမျိုးမျိုး၊ စားလိုက်တဲ့ အစားအစာတွေထဲက ခဲဟာလည်း ခန္ဓာကိုယ်ထဲကို ဝင်သွားနိုင်ပါတယ်။ ခဲဓာတ်ပေါင်း (အထူးသဖြင့် အော်ဂဲနစ် ခဲဓာတ်ပေါင်း) တွေဟာ လူ့ရဲ့အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲကို ဝင်သွားနိုင်တယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ဒီဆောင်းပါးက အစားအသောက်အကြောင်း တင်ပြနေတဲ့ မဂ္ဂဇင်းအတွက်ဖြစ်တာကြောင့် ပါးစပ်မှဝင်တဲ့ အကြောင်းကိုသာ ဦးစားပေးပြီး တင်ပြပါမယ်။

ပါးစပ်မှ ခဲဆိပ်ဝင်ခြင်း

          ခဲဓာတ်ပေါင်းတွေဟာ ပါးစပ်ထဲကိုဝင်လာတဲ့ အစားအသောက်၊ ဖုန်နှင့်အမှုန်တွေမှာ ပါလာနိုင်ပါတယ်။ အပင်ထွက်အစားအစာတွေမှာ ပါလာတဲ့ ခဲဓာတ်ပမာဏဟာ အပင်တွေ စိုက်ပျိုးဖြစ်ထွန်းရာ မြေကြီးထဲမှာရှိနေတဲ့ ခဲဓာတ်ပမာဏအပေါ် မူတည်ပါတယ်။  ဥပမာ- သတ္တုတွင်း၊ ခဲသတ္တုအရည်ကျိုစက်ရုံတွေ၊ ခဲသတ္တုပါတဲ့ အညစ်အကြေးတွေ စွန့်ပစ်ရာအနီးက မြေကြီးမှာဖြစ်ထွန်းတဲ့ ကောက်ပဲသီးနှံတွေ၊ အသီးအရွက်တွေမှာ ခဲဓာတ်ပါဝင်မှုမြင့်မားမှာ ဖြစ်ပါတယ်။

          ခဲဓာတ်ပေါင်းအချို့ဟာ အစားအသောက်ထဲမှာ နဂိုကတည်းက ပါလာတာမဟုတ်ဘဲ အစားအသောက် ထဲကို အပြင်မှ မတော်တဆဝင်လာ (Contaminate ဖြစ်) တာလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- စားဖို့ပြင်ဆင်ထားတဲ့ အစားအသောက်တွေထဲ ခဲပါတဲ့ဖုန်များ၊ အမှုန်များဝင်ခြင်း၊ ဂျုံကြိတ်စက်ရဲ့ ဘီးများမှ ခဲတွေဟာ ကြိတ်နေတဲ့ ဂျုံမှုန့်ထဲကို ဝင်လာခြင်း စတာတွေဖြစ်ပါတယ်။

          အစားအသောက်တွေကို သံဘူးတွေထဲမှာ ထည့်သွင်း (စည်သွတ်)ပြီး  ရောင်းချကြရာမှာ သံဘူးတွေကို ခဲနှင့် ဂဟေဆော်ကြတာရှိပါတယ်။ ခဲဓာတ်ပေါင်းတွေဟာ  ခဲဂဟေမှ စိမ့်ထွက်ပြီး ဘူးထဲမှာ ထည့်ထားတဲ့ အစားအသောက်ထဲကို ရောက်သွားနိုင်ပါတယ်။ အက်စစ် ဓာတ်ပါတဲ့ အစားအသောက်တွေထဲကို စိမ့်ထွက်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ အချဉ်အရသာနှင့် အယ်လ်ကိုဟော (အရက်) ပါတဲ့ အစားအသောက်တွေဟာ အက်စစ်ဓာတ်ပိုများပါတယ်။

ဘက်ထရီလုပ်ငန်းနှင့် ခဲဆိပ်အန္တရာယ်

          ခဲဆိပ်သင့်ကြရခြင်းရဲ့ အဓိကအကြောင်းတစ်ခုက ဘက်ထရီအိုးလုပ်ငန်းဖြစ်ပါတယ်။ ဘက်ထရီအိုးဆိုတာ ခဲ (lead) နှင့် ပြုလုပ်ထားတဲ့ လျှပ်စစ်အမဓာတ်ပလိတ်ပြား (negative plates)တွေနှင့် ခဲဒိုင်အောက်ဆိုက် (lead dioxide) နှင့်ပြုလုပ်ထားတဲ့ လျှပ်စစ်အဖိုဓာတ်ပလိတ်ပြား (positive plates) တွေကို ဆာဖြူရစ်အက်ဆစ် (sulphuric acid) အရည်ထဲမှာ စိမ်ထားခြင်းဖြစ်ပါတယ်။  ဘက်ထရီအိုးထုတ်လုပ်ခြင်းဟာ ကမ္ဘာတစ်ဝန်းမှာ အလွန်ကြီးမားတဲ့ စက်မှုလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဖွံ့ ဖြိုးဆဲ နိုင်ငံတွေမှာ ဘက်ထရီအိုးဟောင်းတွေထဲက ခဲပြားတွေကို အရည်ပြန်ကျိုပြီး အိုးအသစ်ဖြစ်အောင်ပြုလုပ် (recycle လုပ်) ကြပါတယ်။ ဆင်းရဲတဲ့အချို့နိုင်ငံတွေမှာ ဘက်ထရီ အဟောင်းမှ အသစ်ဖြစ်အောင် ပြန်လုပ်နေတဲ့ ခဲသတ္တု ပမာဏဟာ ဒီလုပ်ငန်းမှာ သုံးစွဲနေတဲ့ ခဲသတ္တုပမာဏ စုစုပေါင်းရဲ့  ၉၀% အထိတောင် ရှိနိုင်ပါသတဲ့။

          စည်းကမ်းတကျမလုပ်လျှင် ခဲကို အရည်ကျိုရာမှ ထွက်လာတဲ့ ခဲငွေ့ဟာ နှာခေါင်းကနေ ဝင်သွားနိုင်သလို စွန့်ပစ်တဲ့အရည်တွေ၊ အညစ်အကြေးတွေထဲက ခဲတွေဟာ ပတ်ဝန်းကျင် မြေကြီးထဲမှာ၊ ရေထဲမှာ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် မြေကြီးပေါ်မှာ ဆော့ကစားတတ်ပြီး မြေကြီးတွေ၊ ဖုန်တွေ၊ ရွှံ့တွေ ပေကျံနေတဲ့ လက်ကို စင်အောင်မဆေးဘဲ အစာစားသောက်တတ်တဲ့ ကလေးသူငယ်တွေဟာ ခဲဆိပ်သင့်နိုင်တဲ့ အန္တရာယ်ပိုများပါတယ်။ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ရန်ကုန်ကလေးဆေးရုံကြီးမှာ စာရေးသူ တာဝန်ထမ်းဆောင်ခဲ့စဉ်က ရုတ်တရက် အတက်ရောဂါကြောင့် ဆေးရုံကို ရောက်လာတဲ့ ကလေးအချို့ရဲ့  မိသားစုရာဇဝင်ကို မေးကြည့်တဲ့အခါ ဘက်ထရီ ပြုပြင်ရေးလုပ်ငန်းလုပ်တဲ့ မိသားစုက ကလေးတွေ၊  အဲဒီလုပ်ငန်းရှိရာ အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ကလေးတွေဖြစ်နေတာကို တွေ့ခဲ့ရတာ မှတ်မိနေပါတယ်။ သူတို့ဟာ ခဲဆိပ်သင့်ပြီး ရုတ်တရက် ဦးနှောက်ထိခိုက်တဲ့ အခြေအနေ (lead encephalopathy) ဖြစ်သွားတာပါ။

အိမ်သုတ်ဆေးနှင့် ခဲဆိပ်အန္တရာယ်

          ကမ္ဘာတစ်ဝန်း ခဲဆိပ်သင့်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုက ရှေးခေတ်က သုံးခဲ့တဲ့ အိမ်သုတ်ဆေးတွေ ဖြစ်ပါတယ်။ ရှေးခေတ်က အဆောက်အအုံတွေရဲ့  မျက်နှာကြက်၊ နံရံစတဲ့နေရာတွေကို အလှခြယ်ထားတဲ့ သုတ်ဆေးတွေမှာ ခဲဓာတ်ပေါင်းတွေ ပါဝင်ခဲ့ပါတယ်။ ဟောင်းနွမ်းနေတဲ့ သုတ်ဆေးတွေဟာ အဖတ်တွေအဖြစ် ကွာကျပြီး အိမ်အတွင်းက ဖုန်တွေ၊ အမှုန်တွေ၊ အိမ်ပြင်က မြေကြီးတွေထဲမှာ ရောက်ရှိနေပါတယ်။ ဒါတွေဟာ ပြင်ဆင် ထားတဲ့ အစားအသောက်တွေထဲ ဝင်နိုင်ပါတယ်။ အဲဒါတွေနဲ့ ပေကျံနေတဲ့လက်ကို စင်အောင်မဆေးဘဲ အစာစားတယ်ဆိုလျှင် ပါးစပ်ထဲကို ခဲဓာတ်ပေါင်းတွေ ဝင်နိုင် ပါတယ်။ မြေကြီးပေါ်မှာဆော့ကစားတဲ့အရွယ်ကလေး သူငယ်တွေဟာ ဒီနည်းနဲ့ ပိုပြီးခဲဆိပ်သင့်ကြပါတယ်။

          အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ခဲပါတဲ့ သုတ်ဆေးတွေမသုံးဖို့ ဥပဒေနှင့် ပိတ်ပင်လိုက်ပါပြီ။ ခဲပါတဲ့ သုတ်ဆေးတွေမသုံးဖို့ ပိတ်ပင် ခြင်းဟာ ခဲပါတဲ့ ဓာတ်ဆီတွေကို ပိတ်ပင်တာလောက် အကျိုးသက်ရောက်မှုမမြန်ပါဘူး။ ခဲပါတဲ့ ဓာတ်ဆီတွေ မရှိတော့ပေမယ့် အဆောက်အအုံဟောင်းတွေမှာ ကျန်နေတဲ့ သုတ်ဆေးတွေရဲ့ အန္တရာယ်က ဆက်ပြီးရှိနေ ဆဲမို့ ဖြစ်ပါတယ်။

          အချို့နိုင်ငံတွေမှာ အိမ်၊ ကျောင်း၊ ရုံးစတဲ့ လူနေ အဆောက်အအုံသုတ်ဆေးတွေကိုသာ ခဲဓာတ်မပါ ရအောင် ကန့်သတ်ပိတ်ပင်ပြီး လမ်းမှာ စိုက်ထူထားတဲ့ မော်တော်ယာဉ်အချက်ပြ၊ လမ်းအချက်ပြဆိုင်းဘုတ်လို ပစ္စည်းတွေမှာသုံးတဲ့ သုတ်ဆေးတွေကို မကန့်သတ် မပိတ်ပင်ပါဘူး။ တကယ်တော့ အိမ်မှာသုံးတာလောက် မဆိုးပေမယ့် လမ်းပေါ်က ဆိုင်းဘုတ်တွေမှာ သုံးထားတဲ့ သုတ်ဆေးတွေဟာလည်း ဟောင်းနွမ်းလာတဲ့အခါ ကွာ ကျပြီး မြေကြီးပေါ်မှာ ခဲဓာတ်တွေရောက်ရှိကာ လမ်းသွား လမ်းလာတွေနှင့် သန့်ရှင်းရေး အလုပ်သမားတွေ၊ အလုပ် သမတွေအတွက် ခဲဆိပ်သင့်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ပန်းချီဆေး၊ အရောင်ခြယ်ဆေးနှင့် ခဲဆိပ်အန္တရာယ်

          ပန်းချီဆရာတွေသုံးတဲ့ ပန်းချီဆေးတွေမှာလည်း ခဲဓာတ်ပေါင်းတွေပါခဲ့ပါတယ်။ ကမ္ဘာကျော် အီတာလျံ ပန်းချီဆရာကြီးတစ်ဦးဖြစ်တဲ့ Caravaggio ဟာ ခဲဓာတ်ပါတဲ့ ပန်းချီဆေးတွေနှင့် ထိတွေ့မှုများခြင်း၊ သေသေချာချာ အကာအကွယ်မယူခဲ့ခြင်းတို့ကြောင့် ခဲဆိပ်သင့်ရောဂါရပြီး သေဆုံးခဲ့တယ်လို့ ယုံကြည်သူတွေရှိပါတယ်။ နာမည်ကျော် ပန်းချီဆရာကြီးတွေဖြစ်ကြတဲ့ Francisco Goya နှင့် Vincent Van Gogh တို့ဟာလည်း အလားတူ ကြုံတွေ့ခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ယူဆသူများ ရှိပါတယ်။

          ကလေးကစားစရာတွေကို လှပအောင် ဆေးရောင်အမျိုးမျိုး ခြယ်သကြပါတယ်။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံတွေမှာတော့ ကလေးကစားစရာတွေကိုလည်း ခဲမပါတဲ့ဆေးနှင့်သာ အရောင်ခြယ်ခွင့်ရှိပါတယ်။ သူတို့ နိုင်ငံထဲကို နိုင်ငံခြားက ဝင်လာပြီး လူအများသုံးဖို့ ဆိုင်တွေမှာရောင်းချနေတဲ့ ကလေးကစားစရာပစ္စည်းတွေကိုလည်း ခဲပါ မပါ သေသေချာချာ စစ်ပါတယ်။

          မြန်မာနိုင်ငံရဲ့ ရိုးရာကလေးကစားစရာ အိုးပုတ်၊ ချိုးရုပ်၊ လိပ်ရုပ်၊ နွားရုပ်၊ ဖိုးဝရုပ်၊ ပစ်တိုင်းထောင် ရုပ်ကလေးတွေမှာ အရောင်ခြယ်ထားတဲ့ ဆေးတွေရဲ့ ခဲဆိပ်ကင်းမှု ရှိ မရှိ ဆိုတဲ့ အချက်ကို သံသယဖြစ်မိပါတယ်။ ခဲဓာတ်ပေါင်းတွေသာ ပါနေခဲ့လျှင် မြန်မာကလေးသူငယ်တွေ ခဲဆိပ်သင့်တဲ့ ဒဏ်ခံရနိုင်ပါတယ်။ မြန်မာနိုင်ငံက ဝယ်လာခဲ့တဲ့ ကလေးကစားစရာတွေမှာ  ခဲဆိပ်တွေပါတယ်ဆိုတဲ့ သတင်းဆိုးမျိုးသာ ထွက်ပေါ်ခဲ့လျှင် နိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးကိုလည်း ထိခိုက်နိုင်ပါတယ်။

ခဲပါသောစဥ့်နှင့် ပြုလုပ်သည့် မြေထည်၊ ကြွေထည်ပစ္စည်းများ

          နိုင်ငံတကာမှာ ရိုးရာနည်းတွေနှင့် စဥ့်ထည်ပစ္စည်းတွေ ပြုလုပ်ရာမှာ ခဲသတ္တုပါတဲ့ စဥ့်ရည်တွေကို အသုံးပြုကြပါတယ်။ စဥ့်ထည်တွေကို ပန်းအိုးစတဲ့ အလှအပပစ္စည်းတွေအနေနှင့်သာမက စဥ့်ပန်းကန်၊ စဥ့်ကရား၊ စဥ့်အိုးစသဖြင့် အစားအသောက်တွေ ထည့်ရာမှာလည်း အသုံးပြုတာရှိပါတယ်။ ခေတ်မီနည်းနှင့် ပြုလုပ်တဲ့ ပစ္စည်းတွေမှာတော့ ခဲမပါတဲ့ စဥ့်တွေကို သုံးနေပါပြီ။ စဥ့်ထည်ပစ္စည်းတွေကို ရိုးရာနည်းတွေနှင့် ထုတ်လုပ်တဲ့အခါ အပူချိန်ပြင်းပြင်းနှင့် အချိန်ကြာကြာ မီးဖုတ်ရပါတယ်။ အပူချိန် မလုံလောက်ဘူး၊ မီးဖုတ်ချိန် မလုံလောက်ဘူးဆိုလျှင် အသုံးပြုတဲ့အခါ စဥ့်ထဲက ခဲဓာတ်ပေါင်းတွေဟာ စဥ့်ပန်းကန်၊ စဥ့်အိုးမှ ထွက်လာပြီး ထည့်ထားတဲ့ အစားအသောက်ထဲကို ရောက်လာနိုင်ပါတယ်။ အထူးသဖြင့် အက်ဆစ်ဓာတ်ပါတဲ့ (ချဉ်တဲ့) အရည်၊ အဖတ်တွေထည့်လျှင် ပိုပြီးဖြစ်တတ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မက်ဆီကိုနိုင်ငံက ဝင်လာတဲ့ ရိုးရာစဥ့်ထည်တွေနှင့် ပတ်သက်ပြီး စစ်ဆေးရတာ၊ စည်းကမ်းသတ်မှတ်ရတာ တွေ ရှိခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဆီယာတယ်လ် (Seattle)မြို့မှ ဇနီးမောင်နှံနှစ်ဦး  ပဟေဠိဆန်စွာ နေထိုင်မကောင်းဖြစ်ခဲ့တာကို သေသေချာချာ စူးစမ်းလေ့လာခဲ့ရာမှာ သူတို့အသုံးပြုနေကျ စဥ့်ပန်းကန်မှ ခဲဆိပ်သင့်ခြင်းဖြစ်ကြောင်း တွေ့ခဲ့ရတယ်လို့ The Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

ခဲပါသော လူသုံးကုန်ပစ္စည်းများ

          ရှေးခေတ်က အမျိုးသမီးတွေ မျက်နှာကို လိမ်းခြယ်ရာမှာ အသုံးပြုတဲ့ပစ္စည်း (မိတ်ကပ်)တွေ၊ ယခုခေတ် အချို့သောလူမျိုးတွေ မျက်စိတစ်ဝိုက်မှာ အရောင်ခြယ်တဲ့ ပစ္စည်းတွေမှာ ခဲဓာတ်ပေါင်းတွေ ပါနေပါတယ်။ ဒီခဲဓာတ်ပေါင်းတွေဟာ ခန္ဓာကိုယ်ထဲကို အရေပြားမှသာမက ပါးစပ်မှလည်း ဝင်သွားနိုင်ပါတယ်။

          ခဲနှင့်ပြုလုပ်ထားပြီး ဈေးပေါတဲ့ အလှဆင်ပစ္စည်းတွေ ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ခဲနှင့် ပြုလုပ်ထားတဲ့ ဆွဲသီးကလေးကို မျိုချမိတဲ့ ကလေးငယ်ဟာ ခဲဆိပ်သင့်ပြီး ဆေးရုံရောက်လာတဲ့အတွက် ဈေးကွက်ထဲက အလားတူ ဆွဲသီးကလေးပေါင်း တစ်သန်းခွဲလောက်ကို ပြန်ပြီးသိမ်းလိုက်ရတဲ့ အဖြစ်မျိုး ရှိခဲ့ဖူးပါတယ်။ ဒီလိုအဖြစ်မျိုးတွေ အခြားနိုင်ငံတွေမှာလည်း ရှိခဲ့ဖူးပါတယ်။

ခဲယမ်းများ 

          ခဲယမ်းမီးကျောက်တွေ ပြုလုပ်ရာမှာ ခဲကို အသုံး များခဲ့ပါတယ်။ ခဲထိပ်ဖူး၊ ခဲစေ့ကလေးများနှင့် ပြုလုပ်ထားတဲ့ နှစ်လုံးပြူးကျည်ဆန် (စရိတ်ကျည်ဆန်) ထိမှန်ထားတဲ့ သားကောင်ဟာ အသက်မသေခဲ့လျှင် သူ့ရဲ့ခန္ဓာကိုယ်အတွင်းမှာ ခဲဓာတ်တွေ ပျံ့နှံ့နေမှာ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ အဲဒီတိရစ္ဆာန်ကို သတ်ဖြတ် စားသုံးမိသူဟာ ခဲဆိပ်သင့်နိုင်ပါတယ်။  ယခုအခါ ခဲထိပ်ဖူး၊ ခဲစေ့ကလေးတွေနှင့် ပြုလုပ်တဲ့ ကျည်ဆန်တွေအစား သံမဏိ၊ သွပ်တို့နှင့်ပြုလုပ်တဲ့ ကျည်ဆန်တွေကို သုံးနေ ကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ ခဲကျည်ဆန်တွေဟာ အလေးချိန်စီးခြင်း၊ သားကောင်ကို ထိမှန်ချက် ပိုကောင်းခြင်းတို့ကြောင့် အမဲလိုက်ရာမှာ ခဲကျည်ဆန်များကို ဆက်လက် အသုံးပြုနေကြဆဲဖြစ်ပါတယ်။

          ရေမှာ ကျက်စားတဲ့ရေကြက်၊ တောဘဲစတဲ့ ငှက် (water fowl)တွေကို နှစ်လုံးပြူးနှင့် ပစ်တဲ့အခါ ငှက်တွေကို မထိမှန်တဲ့ ခဲအလုံးကလေးတွေဟာ ရေကန်ထဲကိုကျပြီး ရေမှာ ခဲဓာတ်ပါဝင်မှု များပြားလာနိုင်ပါတယ်။ ခဲဓာတ်ပါတဲ့ ရေကို သောက်မိလျှင် ခဲဆိပ်တွေ ခန္ဓာကိုယ်အတွင်း ဝင်လာနိုင်ပါတယ်။ ခဲလုံးကလေးတွေကို စားမျိုမိတဲ့ ရေပျော်ငှက်တွေဟာလည်း ခဲဆိပ်သင့်ပြီး သေကြရပါ တယ်။ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါမှာ ရေပျော်ငှက်တွေကို ခဲကျည်ဆန်နှင့် မပစ်ခတ်ဖို့ ဥပဒေဖြင့် ပိတ်ပင်ထားပါတယ်။

          ခဲကျည်ဆန်မှန်ပြီး သေဆုံးခဲ့တဲ့ တိရစ္ဆာန်အသေကောင်တွေကို စားသုံးကြတဲ့ လင်းတလိုငှက်တွေဟာ လည်း ခဲဆိပ်သင့်ပြီး သေကြတာရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှ ကယ်လီဖိုးနီးယား လင်းတငှက် (California condors) တွေ၊ တူရကီ လင်းတမျိုး (Turkey vultures) တွေ အမြောက်အမြားဟာ အဲဒီနည်းနှင့် ခဲဆိပ်သင့်ပြီး သေဆုံးခဲ့ကြရတယ်လို့ ဖတ်ရ၊ မှတ်ရပါတယ်။

ဘယဆေးများ

          နိုင်ငံအများအပြားမှာ ရိုးရာဘယဆေးအမျိုးမျိုးရှိ ပါတယ်။ အိန္ဒိယအပါအဝင် တောင်အာရှဒေသမှာ အာယုဗေဒ ဘယဆေးတွေကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်မှီဝဲရုံမက နိုင်ငံခြားကိုပါ တင်ပို့ရောင်းချပါတယ်။ အာယုဗေဒနည်းနှင့် ဖော်စပ်တဲ့ ဘယဆေးအချို့ကို နိုင်ငံခြားမှာပြုလုပ်တာတွေလည်း ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ဝယ်ယူရရှိနိုင်တဲ့ အာယုဗေဒ ဘယဆေးအချို့မှာ ခဲဓာတ်ပေါင်းတွေ ပါဝင်နေတာ တွေ့ရကြောင်း အစီရင်ခံထားတာတွေ ရှိပါတယ်။

အီလက်ထရွန်နစ်ပစ္စည်းများ

          ကမ္ဘာတစ်ဝန်းမှာ ဆယ်လူလာဖုန်း၊ ကွန်ပျူတာစတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေ အသုံးများလာနေပါတယ်။ ဒီပစ္စည်းတွေထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းတွေမှာ ခဲကို အသုံးပြုရတဲ့အတွက် ခဲနှင့်ထိတွေ့မှုပိုများလာသလို ဒီပစ္စည်းတွေကို စွန့်ပစ်တဲ့ နေရာတွေထဲမှာလည်း ခဲဓာတ်တွေ များလာနေပါတယ်။ အမှိုက်ပုံတွေမှာ စွန့်ပစ်ပစ္စည်း တွေကို ရှာဖွေကောက်ယူ ရောင်းချစားသောက်ကြရတဲ့ လူတွေ၊ ကလေးသူငယ်တွေရဲ့ သွေးထဲမှာ ခဲဓာတ် ပမာဏမြင့်မားနေတာကို ဖိလစ်ပိုင်နိုင်ငံမှာ သုတေသန တစ်ခု ပြုလုပ်ထားတာရှိပါတယ်။ အခြားရောဂါတွေလိုပဲ ခဲဆိပ်သင့်ခြင်းဒဏ်ကိုလည်း ဆင်းရဲသူတွေသာ ပိုပြီး ခံစားကြရပါတယ်။

ဝိသမလောဘနှင့် ခဲဆိပ်အန္တရာယ်

          ခဲဆိပ်သင့်ရခြင်းရဲ့  အကြောင်းရင်းတွေကို သိပြီဆိုလျှင် ရှောင်ရှားရမည့် အချက်တွေကို သဘောပေါက် လောက်ပါပြီ။ ခဲပါတဲ့ အိမ်သုတ်ဆေးတွေ၊ အရောင်ခြယ် ဆေးတွေထုတ်လုပ်ရောင်းချခြင်း မပြုဖို့၊ ခဲပါတဲ့ သုတ်ဆေးတွေနှင့် ကလေးကစားစရာတွေကို အရောင်မခြယ်ဖို့ ဥပဒေနှင့် ပိတ်ပင်တားမြစ်ဖို့ လိုပါတယ်။ ဥပဒေမရှိသေးလျှင် မိမိအသိနှင့် မိမိရှောင်ရှားသင့်ပါတယ်။ အဆိုးဆုံး ကတော့ အသား ငါး စတဲ့ စားကုန်ပစ္စည်းတွေ အလေးချိန်ပိုများအောင် ခဲသတ္တုတွေထည့်ခြင်းဟာ မိမိကိုယ်ကျိုး အတွက် သူတစ်ပါးကို တစ်သက်လုံး လူစဉ်မမီတဲ့ဘဝ ရောက်စေနိုင်ရုံမက အသက်သေဆုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ပြစ်မှုပဲဆိုတာ သိထားသင့်ပါတယ်။ အဲဒီပြစ်မှု အတွက် ခံရတဲ့ပြစ်ဒဏ်ကလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုး ဖြစ်သင့်ပါတယ်။  ခဲဆိပ်သင့်ခြင်းရဲ့ အန္တရာယ်ကြီးပုံတွေကို အသေးစိတ် ဆက်လက်တင်ပြပါဦးမယ်။

Facebook Comments

Menu