ပရီဘိုင်အောတစ် (Prebiotics) (သို့) အကျိုးပြု ပိုးစာများ

by ဒေါက်တာ လှကြည် for Food Magazine

ပိုးကောင်

          မြန်မာတို့က သန်ကောင်၊ တုတ်ကောင်တို့လို မျက်စိနဲ့မြင်နိုင်တဲ့ အကောင်ကြီးတွေကိုလည်း သန်ပိုး၊ တုတ်ပိုး၊ ကပ်ပါးပိုး စသည်ဖြင့် ပြောကြပါတယ်။ ပုရွက်ဆိတ်၊ ခါချဉ်၊ ကြမ်းပိုး၊ စပါးပင်တွေ၊ သစ်ရွက်တွေကို ကိုက်ဖြတ် စားသောက်ဖျက်ဆီးတတ်တဲ့ နှံဖြတ်ပိုး၊ ရွက်စားပိုးတို့ကိုလည်း ပိုးကောင်လို့ပဲ ပြောပါတယ်။ မြွေကိုက်လျှင်တောင် ပိုးထိတယ်လို့ ပြောကြပါတယ်။ ပိုးထိတယ်ဆိုတဲ့ စကားလုံးက မြွေကိုက်တယ်ဆိုတဲ့ စကားလုံးလောက် အထိတ်တလန့် မဖြစ်စေနိုင်ခြင်း၊ နားဝင်မဆိုးခြင်းကြောင့် ဖြစ်ပါလိမ့်မယ်။ အချို့ဒေသတွေမှာ မြွေတွေ့လျှင် ပိုးကောင်တွေ့တယ်၊ မြွေရှိလျှင် ပိုးကောင်ရှိတယ်လို့ ပြောကြပါတယ်။ ဒီတော့ ပိုးဆိုတဲ့ မြန်မာစကားလုံးကို သူ့နေရာနှင့်သူ အဓိပ္ပာယ်အမျိုးမျိုးနှင့် ပြောကြပါတယ်။

          သာမန်မျက်စိနှင့် မမြင်နိုင်တဲ့အတွက် မြင်ကွင်းကို အဆများစွာချဲ့ပေးနိုင်တဲ့ မှန်ဘီလူးပါတဲ့ မှန်ပြောင်း (microscope – မိုက်ခရိုစကုပ်) နှင့် ကြည့်မှ မြင်ရတဲ့ ဗက်တီးရီးယား (bacteria) တွေကို ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ် (Virus) တွေကို ဗိုင်းရပ်စ်ပိုးလို့ အမည်မှာ ပိုးတပ်ပြီး ပြောကြပြန်ပါတယ်။ မျက်စိနှင့် မမြင်နိုင်တဲ့ ဗိုင်းရပ်စ်တွေ၊ ဗက်တီးရီးယားတွေကအစ မြွေဆိုတဲ့ ရှည်မျောမျော အကောင်ကြီးတွေအထိ ပိုးလို့ ခေါ်နေတဲ့ မြန်မာစကားမှာ ပိုးသတ်ဆေးဆိုတဲ့ စကားကိုလည်း နေရာအမျိုးမျိုးမှာ အဓိပ္ပာယ်အမျိုးမျိုးနှင့် သုံးနေကြပြန်ပါတယ်။

အင်းဆက်ပိုးများကို သတ်သည့် ပိုးသတ်ဆေး

          စပါး၊ ပြောင်း စတဲ့ ကောက်ပင်တွေ၊ သစ်ပင်တွေ၊ သစ်ရွက်တွေ၊ သီးနှံတွေကို ဖျက်ဆီးတတ်တဲ့ အကောင် ငယ်လေးတွေဟာ အင်းဆက် (insect) ဆိုတဲ့ ပိုးအမျိုး အစားမှာ ပါဝင်ပါတယ်။ ခြင်၊ ယင်ကောင် စတဲ့ အကောင်တွေဟာလည်း အင်းဆက်ပိုးတွေပဲ ဖြစ်ပါတယ်။ အင်းဆက်ပိုးတွေကို သတ်ဖြတ်နှိမ်နင်းနိုင်တဲ့ ဆေး (အဆိပ်) တွေကို အင်ဆက်တီဆိုက် (insecticide) လို့ ခေါ်ပါတယ်။ -cide က သတ်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ လူ (သူတစ်ပါး) ကို သတ်လျှင် homicide မိမိကိုယ်ကိုမိမိ သတ်လျှင် suicide လို့ ပြောသလို အင်းဆက်ပိုးကို သတ်တဲ့အတွက် Insecticide လို့ ပြောခြင်း ဖြစ်ပါတယ်။ ဗက်တီးရီးယား ပိုးကို သတ်လျှင် bactericide ဗိုင်းရပ်စ်ပိုးကို သတ်လျှင် viricide စသည်ဖြင့် ပြောပါတယ်။

          မြန်မာတွေက အင်းဆက်ပိုးသတ်ဆေး၊ ဗက်တီးရီးယားပိုးသတ်ဆေး၊ ဗိုင်းရပ်စ်ပိုးသတ်ဆေး စသည်ဖြင့် ခွဲခြားပြီး မပြောပါဘူး။ ပိုးသတ်ဆေးလို့ပဲ ရောပြီး ပြောနေကြပါတယ်။ မတော်တဆဖြစ်စေ၊ တမင် သေကြောင်းကြံတဲ့အနေနဲ့ ဖြစ်စေ၊ အင်းဆက်ပိုးသတ်ဆေးသောက်ပြီး ဆေးရုံကိုရောက်လာတဲ့ လူနာတွေကို မိမိဆရာဝန်ဖြစ်စက မကြာခဏ ကြုံခဲ့ဖူးပါတယ်။ တစ်ခါက နယ်မြို့ကလေး တစ်မြို့မှာ ညဘက် ဇာတ်ပွဲကြည့်နေတုန်း ဆေးရုံမှာ အင်ဒရင်း (Endrin) ပိုးသတ်ဆေးသောက်ထားတဲ့ လူနာ ရောက်နေတယ်ဆိုတဲ့သတင်း လာပို့လို့ ပြဇာတ်ကြည့်နေရင်း ပွဲခင်းထဲက ထွက်လာခဲ့ရတာကို မှတ်မိနေပါတယ်။ အင်းဆက်ပိုးသတ်ဆေးတွေက အင်းဆက်ပိုးကိုသာမက လူကိုလည်း သေစေနိုင်ပါတယ်။

သက်မဲ့ပစ္စည်းများတွင် ကပ်ငြိနေသော ကူးစက်ရောဂါပိုးများကို သတ်သည့် ပိုးသတ်ဆေး

          ဆေးရုံ၊ ဆေးခန်းတွေမှာ ခွဲစိတ်ခန်းတွေ၊ လူနာခန်းတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ကြမ်းပြင်၊ နံရံ၊ စားပွဲ၊ ကုလားထိုင် စတဲ့ သက်မဲ့ပစ္စည်းတွေမှာ ရှိနေ၊ ကပ်ငြိနေနိုင်တဲ့ မျက်စိနှင့်မြင်နိုင်တဲ့ ပိုးတွေ၊ မမြင်နိုင်တဲ့ ပိုးတွေကို သတ်ဖြတ်သုတ်သင် ရှင်းလင်းဖို့ ဖျန်းတဲ့ ဒက်တောလ် (Dettol) လို ဆေးရည်တွေကို (disinfectant) လို့ ခေါ်ပါတယ်။ ကူးစက်ရောဂါပိုးတွေ မပျံ့နှံ့အောင်လုပ်ပေးတဲ့ ပစ္စည်းတွေလို့ အဓိပ္ပာယ်ရပါတယ်။ ရောဂါပိုး ကူးစက်ပျံ့နှံ့သည်လို့ အဓိပ္ပာယ်ရတဲ့ Infect ဆိုတဲ့ စကားလုံးက ဆက်စပ်ပြီး disinfectant လို့ ဖြစ်လာတာပါ။ သက်မဲ့ပစ္စည်းတွေမှာ ရောဂါပိုးတွေ မကပ်ငြိနိုင်အောင် လုပ်ပေးတာပါ။ အဲဒီဆေးရည်တွေကိုလည်း မြန်မာတွေက ပိုးသတ်ဆေးလို့ပဲ ပြောကြပြန်ပါတယ်။

လူ့ခန္ဓာကိုယ်ထဲက  ရောဂါပိုးများကို သတ်သည့် ပဋိဇီဝဆေးများ

          လူ့ခန္ဓာကိုယ်ထဲမှာ ရောက်နေတဲ့၊ သာမန်မျက်စိနှင့် မမြင်နိုင်အောင် သေးငယ်တဲ့ ဗက်တီးရီးယား (bacteria) အစရှိတဲ့ ရောဂါပိုးကလေးတွေ အသက်မရှင်နိုင်၊ မပွားများနိုင်အောင် နှိမ်နင်းသတ်ဖြတ်နိုင်စွမ်းရှိတဲ့ ဆေးတွေကို အင်တီဘိုင်အောတစ် (Antibiotic) လို့ ခေါ်ပါတယ်။ အင်တီ (Anti-) က ဆန့်ကျင်တယ်လို့ အဓိပ္ပာယ်ရပါတယ်။ အင်တီ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီဆန့်ကျင်ရေး၊ အင်တီဖက်ဆစ်ဆိုတာ ဖက်ဆစ်ဆန့်ကျင်ရေး စသည်ဖြင့် ဖြစ်ပါတယ်။ ဘိုင်အောတစ် (-biotic) က အသက်ရှင်သန်ခြင်း အဓိပ္ပာယ်ရ ပါတယ်။ အင်တီဘိုင်အောတစ်ဆိုတာ အသက်ရှင်ခြင်းကို ဆန့်ကျင်တယ်လို့ မှတ်သားနိုင်ပါတယ်။ ဗက်တီးရီးယားအစရှိတဲ့ ရောဂါပိုးကလေးတွေရဲ့ အသက်ရှင်ခြင်းကို ဆန့်ကျင်ပါတယ်။ လူ့ခန္ဓာကိုယ်ထဲ ရောက်နေတဲ့ ရောဂါပိုးတွေကို သတ်ပေးပါတယ်။ အချို့က သေအောင် မသတ်နိုင်သည့်တိုင် ဆက်ပြီး မပွားများနိုင်အောင် နှိမ်နင်းပေးပါတယ်။ ပင်နီစလင်၊ Amoxicillin, ဆထရက်ပ်တိုမိုက်စင် (Streptomycin)၊ ခလိုရင်ဖင်နီကော (Chloramphenicol) စတဲ့ ဆေးတွေဖြစ်ပါတယ်။ အင်တီဘိုင်အောတစ်တွေဟာ လူနာရဲ့ ခန္ဓာကိုယ်ထဲက ရောဂါပိုးတွေကိုသာ သတ်ဖြတ်နှိမ်နင်းပါတယ်။ ဆေးညွှန်းအတိုင်း သောက်တဲ့သူကို အသက်အန္တရာယ်မပေးပါဘူး။ ပင်နီစလင်ထိုးပြီး အချို့လူတွေ သေသွားတယ်ဆိုတာ ပင်နီစလင်ရဲ့ သတ်ဖြတ်နိုင်စွမ်းကြောင့် မဟုတ်ပါဘူး။ ဆေးနှင့်လူ အပြင်းအထန် ဓာတ်မတည့်ခြင်းကြောင့်သာ ဖြစ်ပါတယ်။

          အင်တီဘိုင်အောတစ်တွေကို ပညာရှင်တွေက ပဋိဇီဝဆေးလို့ မြန်မာဘာသာ ပြန်ထားပါတယ်။ ပဋိက  ဆန့်ကျင်ဘက် (anti-) လို့ အဓိပ္ပာယ်ရပါတယ်။ ဇီဝက အသက်ရှင်သန်မှု (biotic) လို့ အဓိပ္ပာယ်ရလေတော့ ပဋိဇီဝ ဆိုတာ အသက်ရှင်ခြင်းရဲ့ ဆန့်ကျင်ဘက် (Antibiotic) ကို မြန်မာလို ထိထိမိမိ တိုတိုတုတ်တုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ Antibiotic ကို ပဋိဇီဝဆေးလို့ မြန်မာလိုပြောတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေရှိသလို အင်တီဘိုင်အောတစ်လို့ ပြောသူတွေလည်း ရှိပါတယ်။ မကြာသေးတဲ့ ကာလအတွင်းမှာတော့ လူနာအချို့က ပဋိဇီဝဆေးတွေကို ပိုးသတ်ဆေးလို့ ပြောလာတာရှိသလို ဆရာဝန်အချို့၊ ကျန်းမာရေးဝန်ထမ်းအချို့ကပါ ပိုးသတ်ဆေးလို့ ရောယောင်ပြီး ပြောလာတာတွေ ကြားနေရပါတယ်။ တကယ်တော့ အင်းဆက်ပိုးတွေကို သတ်တဲ့ insecticide တွေ၊ သက်မဲ့ပစ္စည်းတွေကို ဆေးကြောသန့်စင်ရာမှာ သုံးတဲ့ disinfectant တွေနဲ့ ရောထွေးပြောနေကြတဲ့ ပိုးသတ်ဆေးဆိုတဲ့ စကားလုံးကို အင်တီဘိုင်အောတစ် ဆိုတဲ့ ပဋိဇီဝဆေးနေရာမှာ မသုံးစွဲသင့်ပါဘူး။ ပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။

အစာလမ်းကြောင်းထဲက ပိုးကောင်များ

          လူရဲ့အစာလမ်းကြောင်း (အူ)ထဲမှာ သန်ကောင်၊ တုတ်ကောင် အစရှိတဲ့ ကပ်ပါးကောင် (parasite) တွေအပြင် ဗက်တီးရီးယားပိုးတွေ၊ မှို (fungus) တွေ စသည်ဖြင့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးကောင်လေးတွေ အများအပြား ရှိနေပါတယ်။ မြန်မာတွေက ပိုးမျိုး ၈၀ လို့ ပြောပါတယ်။ အနောက်တိုင်း ဆေးပညာအရဆိုရင်တော့ ပိုး အမျိုးအစားဟာ ၈၀ မက ရာနှင့်၊ ထောင်နှင့် ချီပြီး ရှိနေပါတယ်။ အရေအတွက်အနေနဲ့ သန်းနဲ့ချီပြီး များပါတယ်။ အဲဒီထဲက ဗက်တီးရီးယားပိုးတွေအကြောင်းကို ပြောပါမယ်။

          ဗက်တီးရီးယားတွေလို့ ပြောလိုက်ရင် လူတွေက ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေလို့ပဲ ထင်တတ်ကြပါတယ်။ တကယ်တော့ အစာလမ်းကြောင်းထဲမှာ ဝမ်းပျက်ဝမ်းလျှော၊ အစာအဆိပ်သင့်ရောဂါ၊ အူရောင်ငန်းဖျား စတဲ့ ရောဂါဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားဆိုးတွေရှိသလို ဝမ်းပျက်ဝမ်းလျှော စတဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ ဗက်တီးရီးယားကောင်းတွေလည်း ရှိနေပါတယ်။ အူထဲမှာ ရောဂါဖြစ်စေတဲ့ပိုးတွေက အားနည်းပြီး ရောဂါမဖြစ်အောင် ကာကွယ်ပေးတဲ့ ပိုးတွေက အားကောင်းနေလို့သာ လူတွေဟာ မည်သည့်ရောဂါမျှ မခံစားရတာပါ။ ရောဂါဖြစ်စေတဲ့ ပိုးတွေက များလာပြီ၊ အားသာလာပြီဆိုလျှင်တော့ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အူရောင်ငန်းဖျားဖြစ်ခြင်း စတဲ့ ရောဂါတွေကို ခံစားရပါတော့တယ်။

          အစာလမ်းကြောင်းထဲက ဗက်တီးရီးယားပိုးတွေထဲမှာ အီးကိုလိုင် (E-coli) ဆိုတဲ့ ပိုးကို လူသိများပါတယ်။ ရေကို စစ်ဆေးကြည့်တဲ့အခါ အီးကိုလိုင်တွေ ပါသင့်တာထက် ပိုများနေတယ်ဆိုတာ ရေမှာ မစင်ရောနေတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အချို့သော အီးကိုလိုင်တွေက ရောဂါ မဖြစ်စေပါဘူး။ အချို့က ရောဂါဖြစ်စေပါတယ်။ အချို့ အီးကိုလိုင်တွေက အဆိပ်အတောက် (toxin) ထုတ်ပေးပြီး ရောဂါ ဖြစ်စေပါတယ်။ အချို့ အီးကိုလိုင်တွေက အူရဲ့နံရံထဲအထိ ထိုးဖောက်ဝင်ရောက် (invade လုပ်) ပြီး ရောဂါ ဖြစ်စေပါတယ်။

          အချို့သော ဗက်တီးရီးယားပိုးတွေက ဝမ်းပျက်ဝမ်းလျှော စတဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ သူတို့က ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားပိုးတွေ မရှင်သန်နိုင်၊ မပေါက်ဖွားနိုင်အောင် ဟန့်တားပါတယ်။ ရောဂါဖြစ်စေတဲ့ ပိုးတွေကို နေစရာ၊ မှီစရာ၊ တွယ်စရာ မရှိအောင်၊ စားစရာမရှိအောင် လုပ်ကြပါတယ်။

ပိုးများ၏ အစာ “ပိုးစာ”

          လူတွေ စားသုံးလိုက်တဲ့ အစာတွေက အစာအိမ်ထဲ၊ အူထဲ ရောက်သွားပြီးတဲ့ နောက်မှာ-

–         အချို့က အစာလမ်းကြောင်းထဲမှာနေတဲ့ ပိုးတွေရဲ့           အစာ “ပိုးစာ” ဖြစ်သွားတယ်။

–         အချို့က ဝမ်းမီး (ပါစက တေဇော) ကြောင့် လောင်ကျွမ်းသွားတယ်။

–         အချို့က ကျင်ကြီး (မစင်) ဖြစ်သွားတယ်။

–         အချို့က ကျင်ငယ် (ဆီး) ဖြစ်သွားတယ်။

–         အချို့က အသွေးအသား ဖြစ်သွားတယ်။

          ဒါကို “ပိုးစာ လောင်မီး၊ ကျင်ကြီး ကျင်ငယ်၊ တစ်သွယ် သွေးသား” လို့  ကာရံလေးတွေနဲ့ မှတ်ထားကြဖို့ မိမိကို ဗုဒ္ဓ အဘိဓမ္မာ  သင်ကြားပေးနေတဲ့ ဆရာတော်ကြီးက ဟောပါတယ်။

          အနောက်တိုင်း ဆေးပညာအရလည်း အစာလမ်းကြောင်းထဲက ဗက်တီးရီးယား စတဲ့ ပိုးတွေဟာ လူတွေ စားသုံးလိုက်တဲ့ အစားအစာတွေထဲကနေ သူတို့နှင့် သင့်လျော်တဲ့ အာဟာရဓာတ်တွေကို ရယူပြီး အသက်ရှင်သန် ပေါက်ဖွားကြပါတယ်။ လူတွေ စားသုံးနေတဲ့ အစားအစာတွေထဲမှာ အချို့က အကျိုးပြု ဗက်တီးရီးယားပိုးတွေ ရှင်သန်ပေါက်ဖွားမှုကို အားပေးပါတယ်။ အချို့က ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားပိုးတွေ ရှင်သန်ပေါက်ဖွားမှုကို အားပေးပါတယ်။

          ဥပမာ- သံဓာတ်ဟာ ရောဂါဖြစ်စေတဲ့ အီးကိုလိုင် (E-coli) ဗက်တီးရီးယားတွေရဲ့ ရှင်သန်ပေါက်ဖွားမှုကို အားပေးပါတယ်။ ဝမ်းပျက်နေတဲ့ ကလေးတွေကို သံဓာတ်ပါတဲ့ အားဆေးတွေ မတိုက်သင့်ပါဘူး။ အမြဲတိုက်နေကျ အားဆေးမှာ သံဓာတ်ပါလျှင် ဝမ်းပျက်နေတဲ့ရက်တွေမှာ ရပ်နားထားသင့်ပါတယ်။ အားဆေးမှာပါတဲ့ သံဓာတ်ကို အီးကိုလိုင်တွေက ယူသုံးပြီး ရှင်သန်ပွားများနိုင်တာကြောင့် ဖြစ်ပါတယ်။ နို့မှုန့်မှာပါတဲ့ သံဓာတ်ကိုလည်း အီးကိုလိုင် (E-coli) ဗက်တီးရီးယားတွေက ယူပြီး သုံးနိုင်ပါတယ်။ မိခင်နို့မှာ သံဓာတ်ပါပေမယ့် မိခင်နို့ထဲက သံဓာတ်ကိုတော့ အီးကိုလိုင် (E-coli) ဗက်တီးရီးယားတွေ ယူပြီး မသုံးနိုင်ပါဘူး။ မိခင်နို့မှာပါတဲ့ Lactoferrin ဆိုတဲ့ ပရိုတင်းက သံဓာတ်ကို ဆွဲကပ် (bind လုပ်) ထားပြီး  အီးကိုလိုင်တွေ ယူမသုံးနိုင်အောင် လုပ်ထားခြင်းကြောင့် ဖြစ်ပါတယ်။

အကျိုးပြု ပိုးများ (Probiotics)

          အချို့သော ဗက်တီးရီးယားပိုးတွေက ဝမ်းပျက်ဝမ်းလျှော စတဲ့ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိတယ်ဆိုတာ ပြောခဲ့ပါပြီ။ ဒီလိုအကျိုးပြုတဲ့ ဗက်တီးရီး ယားတွေထဲမှာ ထင်ရှားတာက မိခင်နို့ထဲက ဘိုင်ဖစ်ဒို ဗက်တီးရီးယား (Bifidobacteria) နှင့် ဒိန်ချဉ်ထဲက လက်တိုဘက်ဆစ်လတ်(စ်) (Lactobacillus)  ဗက်တီးရီးယားတွေ ဖြစ်ပါတယ်။ မိခင်နို့တိုက်တဲ့ ကလေးတွေဟာ နို့မှုန့်တိုက်တဲ့ ကလေးတွေလောက် ဝမ်းပျက်ဝမ်းလျှော ရောဂါတွေမဖြစ်တဲ့ အကြောင်းတွေထဲမှာ မိခင်နို့မှာပါတဲ့ ဘိုင်ဖစ်ဒို ဗက်တီးရီးယားတွေရဲ့ အစွမ်းလည်း ပါပါတယ်။

          ဒိန်ချဉ်မှာ ပါတဲ့ လက်တိုဘက်ဆစ်လတ်(စ်) (Lactobacillus) ဗက်တီးရီးယားတွေကလည်း ဝမ်းပျက် ဝမ်းလျှောရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးခြင်းအားဖြင့် အသက်ရှည် ကျန်းမာစေပါတယ်။ ဒိန်ချဉ်မှန်မှန် သောက်တဲ့သူတွေ အသက်ရှည်ကြတာကို ၂၀ ရာစု အစပိုင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ လောက်ကတည်းက သိခဲ့ကြပါတယ်။ အခုအခါမှာ ဘိုင်ဖစ်ဒို ဗက်တီးရီးယားနှင့် လက်တိုဘက်ဆစ်လတ်(စ်) ဗက်တီးရီးယားတို့လို ပိုးအရှင်လတ်လတ် (live bacteria) လေးတွေ ပါတဲ့ အမှုန့်လေးတွေကို ထုတ်လုပ်ရောင်းချနေပါပြီ။ ဒီပစ္စည်းတွေကို Probiotic Supplement လို့ ခေါ်ပါတယ်။ အကျိုးပြု ဗက်တီးရီးယားလေးတွေပါတဲ့ ဖြည့်စွက်စာအမှုန့်ကလေးတွေလို့ အဓိပ္ပာယ်ရပါတယ်။ ရင်သွေးငယ်လေးတွေ ဝမ်းပျက်လျှင် အဲဒီအမှုန့်လေးတွေကို ဝယ်တိုက်ရမယ်ဆိုတာ မိခင်တွေ သိနေကြပါပြီ။

အကျိုးပြု ပိုးစာများ (Prebiotics)

          လူတွေစားသုံးလိုက်တဲ့ အစာတွေထဲမှာ အကျိုးပြု ဗက်တီးရီးယားပိုးတွေရဲ့ ရှင်သန်ပေါက်ဖွားမှုကို အားပေးတဲ့ အစာတွေလည်း ရှိပါတယ်။ သူတို့ကို Prebiotics လို့ ခေါ်ပါ တယ်။ Pre- ဆိုတာကို ကြိုတင်ပြုလုပ်ထားတယ်လို့ သဘောပေါက်နိုင်ပါတယ်။ prepare ကြိုတင် ပြင်ဆင်ထားတယ်၊ precaution = ကြိုတင်ကာကွယ်ခြင်း၊ pre-condition = ကြိုတင်သတ်မှတ်ချက် စတဲ့ စကားလုံးတွေမှာပါတဲ့ pre- Pre-biotic ရဲ့  အဓိပ္ပာယ်အတိုင်းပါပဲ။ Prebiotics တွေက လူကို အကျိုးပြုတဲ့ ဗက်တီးရီးယားကောင်းလေးတွေ၊ အူထဲမှာ မှီတင်းနေထိုင်ပြီး ရှင်သန်ပွားများနိုင်အောင် အာဟာရဓာတ်တွေ စီစဉ်ထားပေးတဲ့ အစားအစာမျိုးတွေကို ပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးရဲ့ ခေါင်းစဉ် Prebiotics ကို အကျိုးပြု ပိုးစာများလို့ မြန်မာလို ဘာသာပြန်ပေးထားခြင်း ဖြစ်ပါတယ်။

          Prebiotics တွေဟာ များသောအားဖြင့်  dietary fibre ဆိုတဲ့ အစာမျှင်တွေ ဖြစ်ပါတယ်။ အသီးအရွက် တွေနှင့် ပဲအမျိုးမျိုးမှာပါတဲ့ အစာမျှင်တွေ ဖြစ်ပါတယ်။ ဒီအစာမျှင် ကလေးတွေဟာ အစာအိမ်ထဲမှာ၊ အူသိမ်ထဲမှာ အစာကြေမသွားပါဘူး။ အစာအိမ်နှင့် အူသိမ်တို့ကို ဖြတ်ကျော်ပြီး အူမကြီးထဲ ရောက်တော့မှ အစာမျှင်တွေဟာ အချဉ်ပေါက် (frement ဖြစ်) ကြပါတယ်။ အချဉ်ပေါက်တဲ့ဖြစ်စဉ်မှ ထွက်ပေါ်လာတဲ့ ပစ္စည်းတွေက အစာလမ်းကြောင်း ကျန်းမာရေးကို အကျိုးပြုတဲ့ ဗက်တီးရီးယားတွေအတွက် အစာအာဟာရ ဖြစ်နေပါတယ်။

          Prebiotics သတ္တိရှိတဲ့ အစာမျှင်မျိုးတွေ ကြွယ်ဝတဲ့ အစားအစာတွေက ငှက်ပျောသီး၊ ဘယ်ရီသီး၊ ပန်းသီး စတဲ့ အသီးများ၊ ကညွတ်ရွက် (asparagus)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် စတဲ့ အစားအစာများ၊ ပဲစင်းငုံ၊ ပဲနီလေး၊ ပဲပုပ်၊ မြေပဲ စတဲ့ ပဲအမျိုးမျိုးနှင့် ဘာလီ (barley)၊ အုတ် (oat)၊ ဂျုံဖွဲ (wheat flour) စတဲ့ လုံးတီး ကောက်နှံများ၊ Flax seed ဆိုတဲ့ နှမ်းကြတ်စေ့တို့ ဖြစ်ပါတယ်။

          ယခုအခါ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အချို့သော ကလေးဖြည့်စွက်စာတွေမှာ Probiotic များနှင့် Prebiotic များ နှစ်မျိုးစလုံး ဖြည့်စွက်ထားတာ ရှိပါတယ်။

Facebook Comments