ပင်လယ်စာ ပဲကြာဆံပေါင်း (Claypot Seafood with Glass Noodle)

by Sofia for Food Magazine

          ထိုင်းအစားအစာတစ်မျိုးဖြစ်တဲ့ Claypot Galss Noodle ကို မြန်မာပြည်မှာတော့ ပဲကြာဆံပေါင်းလို့ သိကြပါတယ်။ မြေအိုးလေးနဲ့ တစ်ပွဲစာစီ ချက်လေ့ရှိပေမယ့် ဆိုဖီယာကတော့ ဟော့ပေါ့အိုးနဲ့ ၆ ယောက်စာ တစ်အိုးချက်ထားပါတယ်။ ပြုလုပ်ရလွယ်ကူပြီး စားရတာလည်း အရသာထူးခြားလို့ သူ့ချည်း တည်ခင်းနိုင်သလို ထမင်းနဲ့လည်း တွဲဖက်တည်ခင်းနိုင်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း ၆ ပွဲစာ

ပင်လယ်စာ (ပုစွန်/ကင်းပုစွန်) နှစ်သက်ရာ

ပဲကြာဆံ  –  ၅၀ဝ ဂရမ်

ရှီတာခီမှို  –  ၁၀ ပွင့်

ကြက်သွန်မြိတ်အရင်း  –  ၅ ခု

ကြက်သွန်ဖြူ  –  ၅ မြွှာ

ချင်း  –  လက်နှစ်ဆစ်

ပတဲကော  –  လက်တစ်ဆစ်

တရုတ်နံနံအကြီး (Celery) (နုနု)  –  ၃ ချောင်း

နံနံပင်အမြစ်အရိုး  –  ၃ ပင်

ငရုတ်ကောင်း  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

နံနံပင်  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၃ တောင့်

ဆီ  –  အနည်းငယ်

ဟင်းစပ်ပစ္စည်း (ဆော့စ်)

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၃ ဇွန်း

ငံပြာရည် (ယိုးဒယား)  –  ၃ ဇွန်း

ခရုဆီ  –  ၃ ဇွန်း

နှမ်းဆီမွှေး  –  ၂ ဇွန်း

ပဲငံပြာရည် (အနောက်)  –  ၂ ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

သကြား  –  ၂ ဇွန်း

ကြက်ပြုတ်ရည် (သို့) ရေ  –  ၄၀ဝ မီလီလီတာ

(အားလုံးရောစပ်ထားပါ)

ပြင်ဆင်ပြုလုပ်ပုံ

၁။       ဦးစွာ ပဲကြာဆံကို ရေခပ်နွေးနွေးဖြင့် စိမ်ထားပါ။

၂။       အသုံးပြုမယ့် ပင်လယ်စာကို သန့်စင်ပြီး ရေနွေးဖျောလိုက ဖျောထားပါ။ ပုစွန်ကို အစိမ်းထည့်နိုင်ပါတယ်။

၃။       ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်အရင်းပိုင်း၊ တရုတ်နံနံအရိုးတို့ကို အနည်းငယ်ထုပြီး ပြားထားပါ။

၎.       ချင်းနှင့် ပတဲကောကို ပါးပါးလှီးထားပါ။ မှိုကိုလည်း လှီးဖြတ်ပြီး ပြင်ဆင်ထားပါ။ဟင်းစပ်ပစ္စည်းမှာ ပါဝင်တဲ့ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီး ရောစပ်ထားပါ။

၅။       အားလုံးအသင့်ဖြစ်ပါက ချက်မယ့်အိုးကို အပူပေးပြီးဆီထည့်ပါ။ အိုးအောက်ခြေမှာ ချင်း၊ ကြက်သွန်ဖြူနှင့် ပတဲကောတို့ကို ဖြန့်ထည့်ပါ။ အပေါ်မှ တရုတ်နံနံရိုး၊ နံနံပင်အမြစ်၊ ကြက်သွန် မြိတ်အရင်းတို့ကို ခင်းပါ။ ငရုတ်ကောင်းထည့်ပါ။

၆။       ပြီးလျှင် ရေစိမ်ထားတဲ့ပဲကြာဆံကို ရေစစ်ပြီးအပေါ်မှတင်ပါ။ ဖျော်စပ်ထားသော ဆော့စ်ကို နေရာအနှံ့ဖြန့်ပြီး လောင်းထည့်ပါ။ နောက်ဆုံး မှိုနှင့်ပုစွန် နှစ်သက်ရာ ပင်လယ်စာကို အပေါ်ဆုံး မှာထည့်ပြီး အဖုံးအုပ်ကာ ၇ မိနစ်ခန့် ဆူပွက်အောင် တည်ပေး ပြီး မီးဖိုမှချကာ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်းဖြင့် အလှဆင်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။ တွဲဖက်အနေဖြင့် ငရုတ်သီးစိမ်းကို ပဲငံပြာရည် သို့မဟုတ် ငံပြာရည်ဖြင့် စိမ်ပြီး တည်ခင်းနိုင်ပါတယ်။

Facebook Comments