ဓာတ်မြေဩဇာသုံးစွဲခြင်းနှင့် ဆက်စပ်နေသော ကျန်းမာရေးပြဿနာများ

by ဒေါက်တာလှကြည် for Food Magazine

          သောက်ရေသန့်ကို တွင်တွင်ကျယ်ကျယ် သောက်သုံးနေတဲ့ ဒီခေတ်မှာ ပြည်သူတွေရဲ့ ကျန်းမာရေးဗဟုသုတ၊ သန့်ရှင်းရေးဗဟုသုတတွေကို အထင်မသေးရဲပါဘူး။ ဆပ်ပြာနှင့် လက်ကို သန့်ရှင်းအောင် စနစ်တကျ ဆေးကြောလေ့ရှိတဲ့ အကျင့်က ဝမ်းပျက်ဝမ်းလျှောအစရှိတဲ့ ကူးစက်ရောဂါတွေသာမက အသက်ရှူလမ်းကြောင်း ကူးစက်တဲ့ရောဂါတွေကိုပင် ထိထိရောက်ရောက်ကာ ကွယ်နိုင်ကြောင်း ကျောင်းသားအရွယ် ကလေးငယ်တွေကအစ ပြည်သူတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး ဗဟုသုတ ဟာလည်း တိုးတက်နေပါပြီ။ ဒီလိုဗဟုသုတတွေကို လက်တွေ့ကျင့်သုံးနိုင်တဲ့အခြေအနေ ဖန်တီးပေးဖို့တော့ လို အပ်ပါသေးတယ်။ ကျေးလက်ဒေသအနှံ့ ယင်မလုံတဲ့ အိမ်သာတွေ နေရာမှာ ယင်လုံ၊ အနံ့လုံ၊ အရှက်လုံတဲ့ အိမ်သာတွေဖြစ်လာသလို မြို့ ပြဒေသတွေမှာလည်း သန့်ရှင်းပြီး အဆင့်မြင့်တဲ့ ရေလောင်းအိမ်သာတွေကို ပိုမိုအသုံးပြုနေကြပါပြီ။ သောက်ရေသန့်ပုလင်းတွေ၊ ဘူးကြီးတွေကို မတတ်နိုင်သူ၊ လက်လှမ်းမမီသူတွေအနေနဲ့ ရေကို ဆူအောင် ကျိုချက်ပြီးမှ သောက်ကြဖို့၊ အထူး သဖြင့် ကလေးငယ်တွေကို ကျိုချက်ထားတဲ့ သောက်ရေသာ တိုက်သင့်ကြောင်း  ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းကြတာကလည်း လိုက်နာသင့်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ တင်ပြချင်တာက ကျိုချက်ထားသောရေပင်ဖြစ်စေ မကောင်းတဲ့ မြေအောက်ရေကို တိုက်မိတဲ့အတွက် ရက်သား၊ လသားအရွယ် ကလေးတွေမှာ သွေးအဆိပ်သင့်ရောဂါတစ်မျိုး ဖြစ်တတ်ပုံအကြောင်း ဖြစ်ပါတယ်။

မြေဩဇာ

          “မျိုးစေ့မမှန် ပင်မသန်” ဆိုတဲ့ စကားအတိုင်း မျိုးစေ့ မကောင်းလျှင် အပင်ဟာ မရှင်သန်ပါဘူး။ ရှင်သန်လျှင်လည်း အဖူးအငုံ၊ အပွင့်၊ အသီး၊ သစ်ဥသစ်ဖုတွေ ညံ့ဖျင်းပါလိမ့်မယ်။ မျိုးစေ့ကောင်းပင်ဖြစ်စေကာမူ ဩဇာကောင်းတဲ့မြေမှာသာ ကောက်ပဲသီးနှံ ဟင်းသီးဟင်းရွက်၊ သစ်သီး ဝလံတွေ အစွမ်းကုန်ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။ အပင်၊ အရွက်၊ အသီးအနှံ၊ သစ်ဥသစ်ဖုတွေဖြစ်ထွန်းတဲ့ မြေမျိုး ကို မြေဩဇာကောင်းတယ်လို့ ပြောကြပါတယ်။ မြန်မာစာ အဖွဲ့  ဦးစီးဌာနက ထုတ်ဝေတဲ့ မြန်မာအဘိဓာန် (ဒုတိယ အကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း) မှာ “အာဟာရ” ဆိုတဲ့ စကားလုံးကို ၁။ အစားအစာ၊ ၂။ အသွေးအသား၊ အင်အား စသည် ဖြစ်စေသော “ဩဇာဓာတ်” လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီတော့ မြေဩဇာဆိုတာ အပင်တွေရှင်သန်ဖို့၊ ဖူးဖို့၊ ပွင်ဖို့၊ သီးဖို့၊ ဥဖို့လိုအပ်တဲ့ မြေကြီးထဲက အာဟာရ ဓာတ်တွေလို့ ပြောနိုင်ပါတယ်။

          အပင်တွေ၊ အသီးအပွင့်တွေ၊ ကောက်နှံတွေ၊ သစ်ဥ သစ်ဖုတွေဖြစ်ထွန်းဖို့ စိုက်ပျိုးမြေထဲ မြေဩဇာအမျိုးမျိုး ထည့်သွင်းတဲ့အလုပ်ကို လူတို့ဟာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကပင် ကျင့်သုံးခဲ့ကြပါတယ်။ လူတွေဟာ အလေ့ကျ ပေါက်တဲ့အပင်တွေ၊ အသီးအရွက်တွေ၊ သစ်ဥသစ်ဖုတွေကို ခူးဆွတ် တူးဖော်စားသုံးရာမှ စားပင်၊ သီးပင်၊ ကောက်ပင်တွေကို ကိုယ်တိုင်စိုက်ပျိုးစားသုံးတဲ့ခေတ်ကို ရောက် လာပြီးတဲ့နောက်မှာ အပင်တွေကို ပိုမိုရှင်သန်အောင်၊ အသီးအပွင့်တွေ ပိုမိုဖြစ်ထွန်းအောင် နည်းမျိုးစုံ အသုံးပြု ခဲ့ကြပါတယ်။ ဒီထဲမှာ လူရဲ့မစင်၊ တိရစ္ဆာန်တွေရဲ့ မစင်တွေကို ဒီအတိုင်းသုံးတာ၊ ပြုပြင်ပြီးသုံးတာတွေပါဝင် ပါတယ်။ တိရစ္ဆာန်အသေကောင်ကို လယ်ကွင်း၊ ယာခင်း၊ စိုက်ခင်းအနီးမှာ မြှုပ်နှံထားခြင်း စတဲ့ နည်းမျိုးတွေလည်း ပါဝင်ခဲ့ပါတယ်။

ဓာတ်မြေဩဇာများ

          ဓာတ်မြေဩဇာလို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်အသုံးပြုတာကို ဒုတိယ ကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။  ပထမ မျိုးဆက်လို့ပြောနိုင်တဲ့ ဓာတ်မြေဩဇာတွေမှာ အာဆင်းနစ် (arsenic)၊ ပြဒါး (mercury) နှင့် ခဲ (lead) ဓာတ်ပေါင်းတွေဟာ သိပ်အစွမ်းမထက်တဲ့အပြင် လူရဲ့ကျန်းမာရေးနှင့် အသက်ကို အန္တရာယ်ပြုနိုင်တာကြောင့် မသုံးတော့ပါဘူး။ ဒုတိယမျိုးဆက်လို့ပြောနိုင်တဲ့ ဓာတ်မြေဩဇာတွေကိုတော့ ၁၉၄၀ ပြည့်နှစ်နောက်ပိုင်းမှာ ပိုပြီး အသုံးပြုခဲ့ကြ ပါတယ်။ အပင်ကို အားပေးတဲ့ ဓာတ်မြေဩဇာ၊ အရွက်တွေကို အားပေးတဲ့ ဓာတ်မြေဩဇာ၊ အသီးအနှံတွေကို အားပေးတဲ့ ဓာတ်မြေဩဇာ၊ သစ်ဥသစ်ဖုတွေကို အားပေးတဲ့ ဓာတ်မြေဩဇာ စသည်ဖြင့် အမျိုးမျိုးရှိတယ်ဆိုတာ စိုက်ပျိုးရေးပညာရှင်တွေ၊ တောင်သူလယ်သမားကြီးတွေ ပိုပြီးသိကြပါတယ်။ ဒီဆောင်းပါးမှာ ပြောချင်တာက ဓာတ်မြေဩဇာတွေကို သုံးစွဲမှုများပြားလွန်းခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပုံတွေထဲက တစ်ခုအကြောင်း ဖြစ်ပါတယ်။

ယူရီယာ (Urea) ဓာတ်မြေဩဇာ

          ဓာတ်မြေဩဇာလို့ ပြောလိုက်လျှင် ယူရီယာ (Urea) ဓာတ်မြေဩဇာ၊ ဖော့စဖိတ် (Phosphate) ဓာတ်မြေဩဇာနှင့် ပိုတက် (Potash) ဓာတ်မြေဩဇာ သုံးမျိုးကိုတော့ သိကြတဲ့သူတွေများပါတယ်။ ယူရီယာဓာတ်မြေဩဇာက အပင်တွေကို နိုက်ထရိုဂျင် (Nitrogen) ဖြည့်ပေးပါတယ်။ ဖော့စဖိတ် (Phosphate) ဓာတ်မြေဩဇာက မီးစုန်းဓာတ် ဖြည့်ပေးပြီး ပိုတက်ဓာတ်မြေဩဇာက ပိုတက်စီယမ် (Potassium) ဖြည့်ပေးပါတယ်။ နိုက်ထရိုဂျင်၊ ဖော့စဖိတ်နှင့် ပိုတက်စီယမ်တို့ဟာ အပင်တွေ ရှင်သန်ကြီးထွား ဖြစ်ထွန်းရေးမှာ အဓိကလိုအပ်တဲ့ ဩဇာ(အာဟာရ) ဓာတ်သုံးမျိုး ဖြစ်ပါတယ်။  ဓာတ်မြေဩဇာတွေဟာ အပင်နဲ့ သီးနှံတို့ရဲ့  ကြီးထွားဖွံ့ ဖြိုးမှုအတွက် ကောင်းပေမယ့် လူရဲ့ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးတွေ ပေးနိုင်ပါတယ်။

          ဓာတ်မြေဩဇာတွေရဲ့ ဆိုးကျိုးတစ်ခုက မြေအောက်မှာရှိနေတဲ့ရေတွေကို မသန့်ရှင်းအောင် (ညစ်ညမ်းအောင်) ပြုလုပ်ခြင်းဖြစ်ပါတယ်။ ယူရီယာဓာတ်မြေဩဇာမှာ ပါနေတဲ့ နိုက်ထရိုဂျင်တွေဟာ နိုက်ထရိတ် (Nitrate) တွေအဖြစ် ဓာတ်ပြောင်းလဲပြီး မြေအောက်မှာရှိတဲ့ ရေတွေထဲကို စိမ့်ဝင်သွားနိုင်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် ပေါင်းတွေဟာ ရေထဲမှာ ပျော်ဝင်နေပြီး နှစ်ပေါင်းများစွာ (ဆယ်စုနှစ်နှင့်ချီပြီး) စုမိနေနိုင်ပါတယ်။ နှစ်စဉ်မြေကြီးထဲကို ထပ်ထည့်နေတဲ့ မြေဩဇာတွေကြောင့် မြေအောက်ရေထဲမှာ နိုက်ထရိုဂျင်ဓာတ်ပေါင်းတွေ တစ်နှစ်ထက် တစ်နှစ် ပိုပြီးများလာပါတယ်။ မြေအောက်ရေကို တူးယူ သောက်သုံးကြတဲ့ လူတွေမှာ နိုက်ထရိုဂျင်ဓာတ်ပေါင်းတွေကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

          ကုန်ကျစရိတ်သင့်တင့်ပြီး တောင်သူလယ်သမားကြီးတွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့ ယူရီယာ (Urea) ဓာတ်မြေ ဩဇာသုံးစွဲမှု များလွန်းခြင်းက မြေအောက်ရေထုကို ညစ်ညမ်းစေရုံမက အက်ဆစ်ဓာတ်ပါတဲ့မိုး (Acid Rain) များ ရွာသွန်းစေနိုင်ပါတယ်။ မြေကြီးမှာ အက်ဆစ်သဘာဝ လွန်ကဲလာပြီး သတ္တုအာဟာရတွေ လျော့နည်းခန်းခြောက်လာစေနိုင်ပါတယ်။ ယူရီယာမှ ထွက်ပေါ်လာတဲ့ နိုက်ထရပ်စ်အောက်ဆိုက် (Nitrous Oxide) ဓာတ်ငွေ့ကြောင့် ပတ်ဝန်းကျင်လေထုထဲ ရောက်လာပြီး ကောင်းကင်မှာ အိုဇုန်းလွှာ (Ozone Layer) ပါးလာခြင်း၊ ရာသီဥတု ပူပြင်းခြင်း၊ နေရောင်ထဲမှာ ခရမ်းလွန်ရောင်ခြည်များ ပိုများပြီး အရေပြားကင်ဆာနှင့် အခြားအရေပြားရောဂါများဖြစ်ခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။  ဓာတ်မြေဩဇာ သုံးစွဲမှုများလာသည်နှင့်အမျှ အဲဒီကိစ္စတွေဟာ လာမည့် ဆယ်စုနှစ်တွေမှာ ပိုပြီးများလာဦးမှာ ဖြစ်ပါတယ်။

ဓာတ်မြေဩဇာနှင့် လူ၏ကျန်းမာရေး

          ယူရီယာဓာတ်မြေဩဇာကြောင့် မြေအောက်ရေထု ညစ်ညမ်းခြင်းဟာ အစာအိမ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာ၊ လည်ပင်းကြီးရောဂါ၊ မွေးရာပါကိုယ်အင်္ဂါချို့ယွင်းမှုများ ဖြစ်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်းတို့နှင့် ဆက်စပ်ပတ် သက်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နိုက်ထရိုဂျင်ပါတဲ့ ဓာတ်မြေဩဇာတွေ သုံးစွဲမှုများခြင်းကြောင့် အသက်ရှူလမ်းကြောင်း ရောဂါတို့နှင့် နှလုံးရောဂါအမျိုးမျိုးဖြစ်နိုင်တဲ့ အန္တရာယ်တို့က ပိုများပါတယ်။ ယူရီယာ ဓာတ်မြေဩဇာကြောင့် ပန်းဝတ်မှုန်တွေ ပိုမိုဖြစ်ထွန်းခြင်းဟာ ပန်းနာရင်ကျပ်လို ဓာတ်မတည့်ရောဂါရှိသူတွေအတွက်တော့ မကောင်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

          ယူရီယာဓာတ်မြေဩဇာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေ တစ်ခုက သွေးထဲမှာ မက်ဟီမိုဂလိုဘင် (Methemoglobin)ဆိုတဲ့ ဓာတ်ပေါင်းတွေဖြစ်ပေါ်လာတဲ့ အဆိပ်သင့် အခြေအနေတစ်မျိုး ဖြစ်ပါတယ်။

သွေးထဲက ဟီမိုဂလိုဘင် (Hemoglobin) ဓာတ်ပေါင်း

          လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေတဲ့သွေးတွေရဲ့ အဓိကလုပ်ငန်းတစ်ခုက အောက်ဆီဂျင် သယ်ပို့ခြင်း ဖြစ်ပါတယ်။ ဦးခေါင်း၊ ခြေ၊ လက် စတဲ့ ခန္ဓာကိုယ် အနှံ့အပြားမှ ပြန်ရောက်လာတဲ့သွေးတွေကို နှလုံးက ညာဘက်အခြမ်းမှာ လက်ခံယူပြီး အဆုတ်တွေဆီ ရောက်သွားအောင် ညှစ်ပို့လိုက်ပါတယ်။ အဆုတ်ထဲ ရောက်လာတဲ့ သွေးတွေက အသက်ရှူသွင်းလိုက်တဲ့လေထဲမှာပါလာတဲ့ အောက်ဆီဂျင်တွေကို လက်ခံယူပါတယ်။ သွေးတွေက လက်ခံယူတယ်ဆိုရာမှာ တကယ်တော့ သွေးနီဥကလေးတွေထဲမှာရှိနေတဲ့ ဟီမိုဂလိုဘင်ဓာတ် ပေါင်းက လက်ခံယူခြင်း ဖြစ်ပါတယ်။

          အောက်ဆီဂျင်သယ်ဆောင်ထားတဲ့ သွေးတွေဟာ အဆုတ်တွေကနေ နှလုံးရဲ့ ဘယ်ဘက်ခြမ်းကို ပြန်ရောက်လာပြီး နှလုံးရဲ့ ညှစ်အားကြောင့် သွေးလွှတ်ကြော (Artery)တွေထဲမှာ စီးမျောနေရင်း ခန္ဓာကိုယ်နေရာအနှံ့အပြားကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရပြီး သွေးလွှတ်ကြောတစ်ခု ပြတ်သွားတဲ့အခါ ထွက်လာတဲ့ သွေးရဲ့အရောင် နီရဲနေတာဟာ အောက်ဆီဂျင်သယ်ဆောင်ထားတဲ့ ဟီမိုဂလိုဘင် (ဝါ) အောက်ဆီဟီမို ဂလိုဘင် (Oxyhemoglobin) ကြောင့် ဖြစ်ပါတယ်။ (ပုံတွင် လက်ဝဲဘက် ပိုက်နှစ်ခုအတွင်းရှိ သွေး)

          နှလုံးက ညှစ်ထုတ်လိုက်တဲ့သွေးတွေဟာ ခြေ၊ လက်၊ ကြွက်သား၊ အရေပြား စတဲ့ အစိတ်အပိုင်းတွေဆီ ရောက်တဲ့အခါ ဟီမိုဂလိုဘင်တွေက မိမိသယ်လာတဲ့ အောက်ဆီဂျင်တွေကို ကြွက်သား၊ အရေပြား၊ ဆဲလ် (Cell – ရုပ်ကလာပ်စည်း) တွေထံ လွှဲပြောင်းပေးလိုက်ပါတယ်။ ဆဲလ်တွေဟာ သူတို့လက်ခံရရှိတဲ့ အောက်ဆီဂျင်ကို အလုပ်လုပ်ရာမှာ အသုံးပြုပြီး သူတို့အတွက် အသုံးမကျတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် (Carbondioxide) တွေကို သွေးထဲ ပြန်ထည့်ပေးပါတယ်။

          ကာဘွန်ဒိုင်အောက်ဆိုက်တွေကို သွေးနီဥတွေထဲက ဟီမိုဂလိုဘင်တွေကပဲ လက်ခံယူပြီး သွေးပြန်ကြော (Vein) တွေကတစ်ဆင့် နှလုံးဆီ ပြန်သယ်သွားပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတစ်ခုခုပြုလုပ်ဖို့ (ဥပမာ- တံတောင်ဆစ်ကွေးမှာရှိတဲ့)  သွေးပြန်ကြောတစ်ခုမှ ထုတ်ယူတဲ့အခါ ထွက်လာတဲ့သွေးရဲ့အရောင် ညိုညစ်နေတာဟာ ကာဗွန်ဒိုင်အောက်ဆိုက်သယ်ဆောင်ထားတဲ့ ဟီမိုဂလိုဘင်ကြောင့် ဖြစ်ပါတယ်။ (ပုံတွင် လက်ယာဘက် ပိုက်နှစ်ခုအတွင်းရှိ သွေး) ကာဗွန်ဒိုင်အောက်ဆိုက်တွေကို အဆုတ်တွေထဲမှာ အောက်ဆီဂျင်နှင့် အလဲအလှယ်ပြန်လုပ်ပါတယ်။ သွေးတွေသယ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ရှူထုတ်လိုက်တဲ့လေထဲမှာ ထည့်ပေးလိုက်ပြီး ရှူသွင်းလိုက်တဲ့ လေထဲက အောက်ဆီဂျင်ကို သွေးထဲကို စုပ်ယူထားလိုက်ခြင်းဖြစ်ပါတယ်။ ဒီတော့ သွေးထဲက ဟီမိုဂလိုဘင်ဓာတ်ပေါင်းရဲ့ လုပ်ငန်းတွေက-

၁။       အသက်ရှူသွင်းလိုက်တဲ့ လေထဲက အောက်ဆီဂျင်ကိုယူပြီး အသက်ရှူထုတ်လိုက်တဲ့ လေထဲကို ကာဗွန်ဒိုင်အောက်ဆိုက်ထည့်ပေးခြင်း။

၂။       အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့အပြားသို့ သယ်ပို့ပေးခြင်း။

၃။       ခြေ၊ လက်၊ ကြွက်သား၊ အရေပြားဆဲလ်တွေထဲကို အောက်ဆီဂျင်တွေပေးပြီး ဆဲလ်တွေထဲက ကာဗွန်ဒိုင်အောက်ဆိုက်တွေကို ပြန်လက်ခံကာ အဆုတ် တွေဆီ သယ်သွားပေးခြင်းတို့ ဖြစ်ပါတယ်။

ရေထဲက နိုက်ထရိုဂျင်ဓာတ်ပေါင်းများ

          အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ကို သယ်ပို့ပေးနိုင်တဲ့ ဟီမိုဂလိုဘင်က  နိုက်ထရိုဂျင်နှင့် ပေါင်းမိတဲ့အခါ မက်(တ်)ဟီမိုဂလိုဘင် (Methaemoglobin) ဆိုတဲ့ ဓာတ်ပေါင်းဖြစ်သွားပါတယ်။ မက်(တ်)ဟီမိုဂလို ဘင်ဟာ အောက်ဆီဂျင်သယ်ပို့ခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက် သယ်ပို့ခြင်း၊ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် အလဲအလှယ်လုပ်ခြင်းလုပ်ငန်းတွေကို မလုပ်ဆောင်နိုင်ပါဘူး။ သွေးထဲမှာ Methaemoglobin ဓာတ်ပေါင်းတွေဖြစ်ပေါ်နေတဲ့ အခြေအနေကို Methaemoglobinaemia လို့ ခေါ်ပါတယ်။ အဲဒီအခြေအနေမှာ ဦးနှောက်အပါအဝင် အင်္ဂါအစိတ်အပိုင်းတွေရဲ့ ဆဲလ်တွေဟာ အောက်ဆီဂျင် အလုံအလောက်မရတဲ့အတွက် အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

တစ်ကိုယ်လုံး ပြာနှမ်းနေသည့် ကလေးများ

          ပုံမှာပြထားတဲ့အတိုင်း ကျန်းမာတဲ့ ရက်သား၊ လသား အရွယ်ကလေးငယ်တွေရဲ့ နှုတ်ခမ်း၊ လျှာ၊ အရေပြား၊ ခြေသည်း၊ လက်သည်းတွေ နီမြန်း (ပန်းရောင်ဖြစ်)နေတာဟာ အောက်ဆီဂျင်သယ်ဆောင်ထားတဲ့ ဟီမိုဂလိုဘင် (အောက်ဆီဟီမိုဂလိုဘင်) တွေ သွေးထဲမှာ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

          နိုက်ထရိုဂျင်ဓာတ်ပေါင်းတွေကြောင့် သွေးထဲမှာ မက်(တ်)ဟီမိုဂလိုဘင်တွေ ဖြစ်ပေါ်နေတဲ့ ကလေးတွေကတော့ (အောက်ပုံတွင် ပြထားတဲ့အတိုင်း) နှုတ်ခမ်း၊ လျှာ၊ အရေပြား၊ ခြေသည်း၊ လက်သည်းတွေ ပြာနှမ်းနေတတ်ပါတယ်။ ဒီအခြေအနေကို “အပြာရောင်ကလေးငယ် လက္ခဏာစု” (Blue Baby Sydrome) လို့ အမည်ပေးထားပါတယ်။ မွေးရာပါနှလုံးရောဂါပါလာတဲ့ ကလေးအချို့မှာလည်း အလားတူလက္ခဏာမျိုး တွေ့ရတတ်ပါတယ်။ တစ်ကိုယ်လုံး ပြာနှမ်းနေတဲ့ ကလေးငယ်တစ်ယောက်မှာ မွေးရာပါ နှလုံးရောဂါ အပါအဝင် အခြားရောဂါ ရှာမတွေ့ခဲ့လျှင် Methaemoglobinaemia ကြောင့်လားဆိုတာ စစ်ဆေးဖို့ လိုပါတယ်။

နို့မှုန့်ဖျော်သည့်ရေ

          တစ်ကိုယ်လုံး ပြာနှမ်းနေတဲ့ ကလေးတစ်ယောက်ဟာ  နို့ဘူးစို့နေရတဲ့ ကလေးဖြစ်နေတယ်။ ကလေးအတွက် နို့မှုန့်ဖျော်ရာမှာ အသုံးပြုတဲ့ ရေဟာ ယူရီယာဓာတ် မြေဩဇာတွေသုံးထားလို့ နိုက်ထရိုဂျင်ဓာတ်ပေါင်းတွေနှင့် ညစ်ညမ်း (contaminate) ဖြစ်နေတဲ့ မြေအောက်ရေ ဖြစ်နေတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဘူဂေးရီးယား စတဲ့နိုင်ငံတွေမှာ တစ်ချိန်က ဒါမျိုးတွေ အတော်လေး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ဖတ်ရှုသိရှိရပါတယ်။ ရေကို ဆူပွက်နေအောင် ကျိုချက်ပြီးမှ သောက်သုံးခြင်း၊ ကျိုချက် ဆူပွက်ပြီးထားတဲ့ ရေနှင့် နို့ဖျော်ခြင်းကြောင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေ သေဆုံးသွားပြီး ဝမ်းပျက် ဝမ်းလျှော စတဲ့ ကူးစက်ရောဂါတွေမဖြစ်အောင် ကာကွယ်နိုင်ပေမယ့် ရေထဲမှာပါနေတဲ့ နိုက်ထရိုဂျင်ဓာတ်ပေါင်း တွေက ကျိုချက်လိုက်ရုံနှင့် လျော့မသွားပါဘူး။ နိုက်ထရို ဂျင်ဓာတ်ပေါင်းတွေနှင့် ညစ်ညမ်းနေတဲ့ ရေကြောင့်ဖြစ်ရတဲ့ အပြာရောင် ကလေးငယ်လက္ခဏာစုအခြေအနေက ပြင်းထန်တယ်ဆိုလျှင် ကလေးဟာ သတိမေ့မြောသွားခြင်း၊ အသက်သေဆုံးခြင်းအထိ ဖြစ်နိုင်ပါတယ်။

          လူကြီးတွေမှာ အခုလိုဆိုးရွားတဲ့အခြေအနေအထိ ဖြစ်မလာတတ်ပါဘူး။ ယူရီယာ ဓာတ်မြေဩဇာကြောင့် နိုက်ထရိုဂျင်နှင့် ညစ်ညမ်း (contaminate) ဖြစ်နေတဲ့ မြေအောက် ရေကို နို့တိုက်မိခင်က သောက်သုံးသည့်တိုင် အဲဒီမိခင်ရဲ့နို့ကိုစို့ရတဲ့ ကလေးတွေမှာတော့ “အပြာရောင် ကလေးငယ် လက္ခဏာစု” (Blue Baby Syndrome) ဖြစ်တာ မတွေ့သေးဘူးလို့ သိရပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းရဲ့  အကျိုးကျေးဇူးတွေထဲက တစ်ခုဖြစ်ပါတယ်။

ယူရီယာဓာတ်မြေဩဇာသုံးစွဲမှုများခြင်းကြောင့် ဖြစ်နိုင်သည့် အခြားအခြေအနေများ

          ရေထဲမှာပေါက်တဲ့ အပင်တွေက ဓာတ်မြေဩဇာတွေကြောင့် ပိုမိုရှင်သန်ကြီးထွားနေပြီး အောက်ဆီဂျင်ကို သုံးစွဲပစ်တဲ့အတွက် ငါးနှင့် အခြားရေသတ္တဝါတွေဟာ အောက်ဆီဂျင်ငတ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါဟာ ရေဂေဟစနစ်ပြောင်းလဲသွားရုံမက ငါး အစရှိတဲ့ ရေ သတ္တဝါတွေကို အခြေခံအစားအစာအဖြစ် မှိခိုစားသုံး နေကြရသူတွေအတွက် စားနပ်ရိက္ခာအခြေအနေကို ထိခိုက်နိုင်ပါတယ်။

          ဓာတ်မြေဩဇာတွေကို ထိမိ၊ ကိုင်မိလျှင် အရေပြားမှာ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း စသည်တို့ဖြစ်နိုင်သလို ပါးစပ်မှ မျိုမိလျှင်လည်း အဆိပ်သင့်နိုင်ပါတယ်။ အဆိပ်သင့်စေတဲ့ ဓာတ်ပေါင်းတွေက နိုက်ထရိုဂျင်မှဖြစ်လာတဲ့ နိုက်ထရိတ် (Nitrate)တွေ ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ဟာ အပင်တွေအတွက် အသုံးကျပေမယ့် လူတွေအတွက် တော့ ပမာဏများလျှင် အန္တရာယ်ပေးနိုင်ပါတယ်။

          လေထုထဲကိုရောက်လာတဲ့ နိုက်ထရိုဂျင်တွေကလည်း ပမာဏများလွန်းလျှင် အသက်ရှူလမ်းကြောင်း ရောဂါ၊ နှလုံးရောဂါတွေ ဖြစ်စေနိုင်တယ်။ ကင်ဆာလည်း ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ပြောင်းလဲသွားတဲ့ရလဒ် အနေနဲ့ ငှက်ဖျားရောဂါ၊ ကာလဝမ်းရောဂါ စတဲ့ ကူးစက် ရောဂါတွေ ဖြစ်ပွားမှုလည်း များလာနိုင်တယ်လို့ သိရပါတယ်။

ဒေါက်တာလှကြည်

Facebook Comments

Menu