ဒံပေါက် (Biryani)

by Sofia fof Food Magazine

ဒံပေါက်ချက်နည်းပုံစံ များစွာရှိပါတယ်။ မိမိစိတ်ကြိုက်ပုံစံဖြင့် ချက်နိုင်ပါတယ်။ အခုချက်ထားတဲ့ချက်နည်းကတော့ ကျွန်မတို့မိသားစုအကြိုက်ပုံစံပါ။ ဟင်းခတ်အမွှေး အကြိုင် အနံ့သင်းသင်းနဲ့ အဆီအအိမ့်လျှော့ထားခြင်း ဖြစ်ပါတယ်။ ဒံပေါက်ချက်နည်းက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွဲပြားကြပါတယ်။ ဆိုဖီယာကတော့ ဒံပေါက်ကို ဆီများများ၊ အနှစ်များများနဲ့ စားရတာ မကြိုက်ပါဘူး။ အခုချက်ထားတာက ကြက်သားနဲ့ ထမင်းကို ခွဲချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

ဒံပေါက်ဆန် (Basmati Rice) –  ၁ ပြည်

ကြက်သွန်နီ –  ၃၀ ကျပ်သား

(ကြက်သွန်ကြော်ခြေထားတဲ့ ထမင်းစားပန်းကန်လုံး ၁ လုံး)

ဆား –  စားပွဲဇွန်း ၁ ဇွန်း

ဒံပေါက်မဆလာ –  ၁ ဇွန်း

သကြား –  ၂ ဇွန်း

အချိုမှုန့် –  ၁/၂ ဇွန်း

ဆီ –  ၅ ကျပ်သား

ထောပတ် –  ၅ ကျပ်သား

သီဟိုဠ်စေ့ –  ၁၀ ကျပ်သား

စပျစ်ခြောက် –  ၅ ကျပ်သား

ပဲစိမ်းလုံး –  ၁၀ ကျပ်သား

အစိမ်းရောင်

လိမ္မော်ရောင်

ဆန်ပြုတ်ရန် လိုအပ်သောပစ္စည်းများ

ကရဝေးရွက် –  ၅ ရွက်

သစ်ကြံပိုးခေါက် –  ၂ ချောင်း

ဆား –  ၁ ဇွန်း

ကြက်သားချက်ရန်

ကြက်သားကို  အရင်ဆုံး လိုသလိုခုတ်ထစ်ပြီး ဆား၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်၊ ကြက်သွန်ကြော်၊ ဒိန်ချဉ်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆီ၊ မဆလာတို့နှင့် နှပ်ထားပါ။ ကြက်သားကို အနှစ်အနည်းငယ်နဲ့ ကြက်သားနှပ်ပုံစံ ချက်ထားပါ။

ဒံပေါက်မဆလာ

ဇီရာ –  ၅ ကျပ်သား

ဖာလာစေ့ –  ၈ စေ့

လေးညှင်း –  ၈ စေ့ (လှော်ပြီး ကြိတ်ထားပါ)

ကြက်သွန်ကြော်အရော

ကြက်သွန်နီကြော်ကို အရင်ကြေအောင် ခြေပါ။ ခြေပြီးပါက ပန်းကန်လုံးတစ်လုံးဖြင့် ချိန်ပြီး ဇလုံတစ်လုံးထဲထည့်၍ ဆား ၁ ဇွန်း၊ သကြား ၂ ဇွန်း၊ အချိုမှုန့် ဇွန်းတစ်ဝက်၊ ကြိတ်ထားတဲ့ မဆလာ

၁ ဇွန်း မောက်မောက်ထည့်ပြီး ရောမွှေထားပါ။

ဒံပေါက်ချက်နည်း

၁။        ဒံပေါက်ဆန်ကို မိနစ် ၃၀ ခန့် ရေစိမ်ထားပါ။

၂။         ရေနွေးအိုးတည်ပြီး ဆူပွက်ပါက ကရဝေးရွက်နှင့် သစ်ကြံပိုးခေါက်ထည့်ပါ။ ဆား ၁ ဇွန်းထည့်၍ စိမ်ထားတဲ့ ဆန်ကို ရေစစ်ပြီး ထည့်ပြုတ်ပါ။ တစ်ဝက်ကျက် အနေအထားရပါက ဆန်ခါထဲမှာ ရေစစ်ထားပါ။

၃။        ပြီးလျှင် အဖုံးလုံတဲ့ အိုးတစ်လုံးထဲ ဆန်ကို သုံးပုံတစ်ပုံခန့်ထည့်ပါ။ အရသာရောစပ်ပြီးသား ကြက်သွန်ကြော်တစ်ဝက်ကို ဆန်အပေါ်မှာ ဖြန့်ခင်းပါ။

၄။        အပေါ်မှာ ဆန်တစ်ပုံထပ်ခင်းပါ။ ကျန်ကြက်သွန်ကြော်တစ်ဝက်ကို ခင်းထည့်ပါ။

၅။        ပြီးလျှင် လက်ကျန်ဆန်များကို ခင်းထည့်ပြီးလျှင် သီဟိုဠ်စေ့၊ စပျစ်ခြောက်နှင့် ပဲစိမ်းလုံးတို့ကို ထည့်ပါ။

၆။        ထမင်းအိုးထောင့်တစ်နေရာမှာ အရောင် (၂)မျိုးကို နေရာခြား၍ ရေဖျော်ပြီး ထည့်ပါ။ ပြီးလျှင် အဖုံးလုံအောင် ဖုံး၍ အောက်မီးများများဖြင့် ခဏတည်ပြီး အပူပေးပါ။

၇။        အငွေ့ထွက်ပါက အောက်မီးလျှော့ချပြီး အပေါ်မီး၊ အောက်မီးနည်းနည်းဖြင့် နှပ်ပေးပါ။

၈။        အငွေ့ကောင်းကောင်းထွက်လာပါက ထမင်းနပ်ပါပြီ။

၉။        နှပ်ပြီးသားထမင်းကို မီးဖိုပေါ်မှချ၍ (နှပ်ထားတဲ့ အိုးကျယ်ကျယ်ပြန့်ပြန့်ရှိပါက အိုးချိန်းရန်မလို) အိုးကြီးကြီး (သို့) ဗန်းကြီးကြီးတစ်ခုထဲ သွန်ချပြီး ဆီနှင့် ထောပတ်ထည့်၍ ဖြည်းဖြည်းချင်း ဆန်လုံးမပျက်အောင် သာသာလေးရောမွှေပေးပါ။

၁၀။      ထမင်း၊ ကြက်သွန်ကြော်၊ အရသာ၊ အရောင်အားလုံးကို ယောက်မဖြင့် သာသာလေး ရောမွှေ၍ အိုးထဲ ပြန်ထည့်ပြီး ဖုံးအုပ်ထားပါ။

၁၁။      နှပ်ထားတဲ့ ကြက်သားနှင့် ပွဲပြင်ပြီး သခွားသီးချဉ်၊ ပူဒီနာ၊ ဘာလချောင်တို့ဖြင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ။

နောက်တစ်နည်းကတော့ အသားနှင့် ထမင်းကို ရောချက်လိုပါက အသားကို တစ်ဝက်ကျက် အနေအထားအထိ ချက်ထားပြီး ထမင်းနှပ်သည့်အချိန် အိုးအောက်ခြေမှာ အသားနှင့် အနှစ် တို့ကိုခင်း၍ အပေါ်မှာပြုတ်ထားတဲ့ ဆန်တစ်ထပ်၊ ကြက်သွန်တစ်ထပ်ခင်းပြီး အထက်ပါနည်း အတိုင်း ပြုလုပ်နိုင်ပါတယ်။

Facebook Comments

Menu