ထပ်တစ်ရာနှင့် ကုလားပဲဟင်း

by Myint Oo Thar for Food Magazine

ထပ်တစ်ရာ၊ ပလာတာ၊ ပူရီ၊ ချပါတီတို့နှင့် တွဲပြီး စားရမယ့် ကုလားပဲဟင်းပါ။ အဲဒီ ပဲဟင်းကိုလည်း မူရင်းအရသာမပျက်အောင် အာလူးတစ်ခြမ်းလက်ရာများ အစီအစဉ်မှာ ချက်ပြခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ မြန်မာအကြိုက် လက်ဖက်ရည်ဆိုင်က အရသာမျိုးရအောင် ချက်ထားပေးပါတယ်။

အထက်မြန်မာပြည် လက်ဖက်ရည်ဆိုင်မှာဆိုရင် ထပ်တစ်ရာနဲ့ ပလာတာဆိုပြီး (၂) မျိုးရှိပါတယ်။ ထပ်တစ်ရာဆိုတဲ့အတိုင်း မုန့်သားမှာ အထပ်များပါတယ်။ ပလာတာ

ကတော့ မုန့်သားပိုပြီးပါးပါတယ်။ ကျွန်တော်တို့ငယ်ငယ်က စားရတဲ့  အထပ်အများကြီးနဲ့ ထပ်တစ်ရာမျိုးကတော့ ရှားသွားပါပြီ။ ရှိခဲ့ရင်တောင် ဆီအများကြီးနဲ့ ကြော်ထားတာကိုပဲ ရနိုင်ပါတော့တယ်။ တကယ်တော့ ကျွန်တော်တို့ခေါ်နေကြတဲ့ ပလာတာဆိုတာ အိန္ဒိယအခေါ်  ပရာတာ (Prata) ပါ။ မလေးရှားမှာ Roti Canai ၊ စင်ကာပူမှာတော့ Roti Planta လို့ ခေါ် ပြီး ထိုင်းမှာတော့ Roti လို့ ခေါ်ပါတယ်။

ကုလားပဲဟင်းအတွက် ပါဝင်ပစ္စည်းများ

ကုလားပဲ –  ၁၅၀ ဂရမ် (ရေစိမ်ထားပါ)

ချင်း –  ၁၅ ဂရမ်

ကြက်သွန်ဖြူ –  ၂၀ ဂရမ်

ငရုတ်သီးမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပျဉ်းတော်သိမ် –  ၂ ခက်

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရေ –  ၅ဝဝ မီလီလီတာ

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

မုန်ညင်းစေ့ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇီရာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မဆလာ –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ –  ၇၅ ဂရမ် (ပါးပါးလှီးပါ)

ငရုတ်သီးစိမ်းအတောင့်ရှည် –  ၂ တောင့် (ပါးပါးလှီးထားပါ)

ခရမ်းချဉ်သီး –  ၃ လုံး (အတုံးသေးသေးတုံးထားပါ)

ကုလားပဲဟင်း ပြုလုပ်နည်း

၁။        ရေစိမ်ထားတဲ့ ကုလားပဲကို ရေ ၅ဝဝ မီလီလီတာထည့်ပြီး နူးအောင်ပြုတ်ပါ။

၂။         ပြီးလျှင် ပြုတ်ထားတဲ့ ကုလားပဲကို စစ်ယူပြီး မညက်တညက်ထောင်းထားပါ။

၃။        ချင်းနှင့် ကြက်သွန်ဖြူကို ထောင်းထားပါ။

၄။        ကြက်သွန်နီဆီသတ်တဲ့အခါ နနွင်းမှုန့်၊ မုန်ညင်းစေ့၊ ပျဉ်းတော်သိမ်နှင့် ဇီရာ

တို့ကို ထည့်ပြီး ဆီသတ်ပါ။

၅။        ပြီးလျှင် ငရုတ်သီးစိမ်းနှင့် ခရမ်းချဉ်သီးထည့်ပြီး ၂၊ ၃ မိနစ်ခန့် ချက်ပါ။

၆။        ပြီးလျှင် ထောင်းထားတဲ့ ကုလားပဲနှင့် သိမ်းထားတဲ့ ကုလားပဲပြုတ်ရည်ထည့်ပြီး ချက်ပါ။

၇။        ဆားနှင့် မဆလာထည့်၍ ရေကို လိုသလောက်ထပ်ထည့်ပြီး ချက်ပါ။

ထပ်တစ်ရာအတွက် ပါဝင်ပစ္စည်းများ

ဂျုံမှုန့် –  ၄ဝဝ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ကြက်ဥ –  ၁ လုံး

ရေ –  ၁ ခွက်

ထောပတ် –  အနည်းငယ်

ထပ်တစ်ရာ ပြုလုပ်နည်း

၁။        မုန့်နယ်မယ့်ဇလုံထဲ ဂျုံမှုန့်နှင့် ဆားထည့်ပြီး သမအောင် မွှေပါ။

၂။         ပြီးလျှင် အလယ်မှာ ရေတွင်းပုံစံလုပ်ပြီး ကြက်ဥကို ဖောက်ထည့်ပါ။

၃။        ရေကို အကုန်မထည့်ဘဲ နည်းနည်းချင်းထည့်ပြီး ဇွန်းဖြင့် နယ်ပါ။

၄။        ပြီးလျှင် ကျန်တဲ့ရေထည့်ပြီး နယ်ပါ။

၅။        ပြီးလျှင် အဖုံးဖုံးပြီး ၁၅ မိနစ်ခန့် နပ်ထားပါ။

၆။        ၁၅ မိနစ်ခန့်နှပ်ပြီးလျှင် ဂျုံလုံးကို ထပ်မံပြီး နယ်ပါ။ နည်းနည်းစေးနေပါက ဂျုံမှုန့် နည်းနည်းဖြူးပြီး နယ်ပါ။ အဖုံးဖုံးပြီး မိနစ်၃၀ ခန့် နှပ်ထားပါ။

၇။        မိနစ် ၃၀ ပြည့်လျှင် ဂျုံလုံးကို ချောမွေ့သွားအောင် နယ်ပါ။

၈။        ပြီးလျှင် ဂျုံလုံးကို ၆ လုံးစာ ဖြတ်ထားပါ။

၉။        ဂျုံအနည်းငယ်ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံအလုံးအသေးကို စက်ဝိုင်းပုံရအောင် တလိမ့်တုံးနဲ့ လှိမ့်ပါ။

၁၀။      စက်ဝိုင်းပုံ မုန့်သားအပေါ်မှာ ထောပတ်သုတ်ပြီး ဂျုံမှုန့်အနည်းငယ် ဖြူးပေးပါ။

၁၁။      ပြီးလျှင် စက်ဝိုင်းပုံ မုန့်သားကို ဓားဖြင့် မုန့်သားရဲ့ အလယ်တည့်တည့်အထိ ဖြတ်ပါ။

၁၂။      ဖြတ်ထားတဲ့အစကို ကန်တော့ပုံရအောင်ဖြည်းဖြည်းချင်းလှိမ့်ပါ။ ကန်တော့ပုံ ရတဲ့ အခါ ထောင်ကြည့်ပါက အထပ်များစွာကို တွေ့ရမှာဖြစ်ပါတယ်။

၁၃။      ကန်တော့ပုံစံ မုန့်သားရဲ့ အချွန်ဘက်ကို အပေါ်မှာထားပြီး ထောင်ပါ။ ပြီးလျှင် ချွန်နေတဲ့မုန့်သားကို လက်ဖြင့် ဖြည်းဖြည်းချင်း အောက်ခြေရောက်သည်အထိ ဖိချပါ။ ပြီးလျှင် ဂျုံမှုန့်ဖြူးထားတဲ့ ပုံးထဲထည့်ပါ။

၁၄။      ကျန်တဲ့မုန့်လုံး ၅ လုံးကို ထပ်မံ၍ လုပ်ပြီး ပုံးထဲထည့်ပါ။

၁၅။      ပြီးလျှင် Frige ထဲ ထည့်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။

၁၆။      ၁၅ မိနစ်ပြည့်လျှင် အထပ်ထပ်ရအောင် လှိမ့်ထားတဲ့ မုန့်သားကို ဂျုံဖြူးထားတဲ့ စားပွဲပေါ်တင်ပြီး တလိမ့်တုံးနဲ့ အဝိုင်းပုံရအောင် လှိမ့်ပါ။ ပြီးလျှင် မကပ်တဲ့ ဒယ်အိုး ထဲ ထည့်ပြီး ကင်ပါ။ မုန့်အပေါ်ပိုင်းကို ထောပတ်သုတ်ပါ။

၁၇။      အောင်ဘက်ပိုင်း မုန့်သားကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ။ ပြီးလျှင် ထောပတ် သုတ်ပါ။

၁၈။      နှစ်ဖက်စလုံးကျက်လျှင် အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments