တုံယမ်းကြာဆံကြော် (Tom Yum Fried Vermicelli)

by Sofia for Food Magazine

          တုံယမ်းဆိုရင် များသောအားဖြင့် ဟင်းချိုသာ လုပ်သောက်ကြတာများပါတယ်။ ယခုတော့ ကြာဆံကြော်လေး ကြော်ထားပါတယ်။ ကြာဆံကြော်ကို အရမ်းကြိုက်ပြီး ရိုးရိုး အချို စားရတာ ငြီးငွေ့နေသူများအတွက် ပုံစံအသစ်တစ်မျိုးနဲ့ အရသာထူးကဲလှတဲ့ တုံယမ်းကြာဆံကြော်ချဉ်စပ်လေး ကြော်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ဆန်ကြာဆံ  –  ၁ ပွဲစာ

ကြက်ဥ  –  ၁ လုံး

တုံယမ်းနှစ်  –  စားပွဲဇွန်း ၁ ဇွန်း (အခဲဆိုလျှင် အရည်ဖျော်သုံးပါ)

ပုစွန်  –  ၅ ကောင်

ကြက်သား  –  အနည်းငယ်

ပဲပင်ပေါက်  –  လက်တစ်ဆုပ်

ပဲပြား  –  ၁ စိတ်

ကျိုချိုက်/ကြက်သွန်မြိတ်  –  ၃ ပင်

ငရုတ်သီးစိမ်း  –  ၂ တောင့် (အစပ်ကြိုက်လျှင်)

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ခရုဆီ  –  ၁ ဇွန်း

နံနံပင်  –  အနည်းငယ်

ဆီ  –  ၃ ဇွန်း

ဟင်းခတ်မှုန့်  –  အနည်းငယ်

ပြင်ဆင်ချက်ပြုတ်နည်း

၁။       ဆန်ကြာဆံကို နာရီဝက်ခန့်ကြိုပြီး ရေစိမ်ထားပါ။ ကြက်သားသေးသေးစိတ်ထားပါ။ ပုစွန်ကို ကျောခွဲပြီး သန့်စင်ထားပါ။ ကြက်ဥကို ခေါက်ထားပါ။

၂။       အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုအပူပေးပြီး ဆီအနည်းငယ်ဖြင့် ကြက်ဥကို အိုးကင်း ကပ်ပါးပါးလေးကြော်ပြီး အပြင်ထုတ်၍ အမျှင်လေးများ စိတ်ထားပါ။ တစ်ခါတည်း ရောကြော်လိုပါက ကြော်ပါ။

၃။       ဆီတစ်ဇွန်းထည့်ပြီး ပဲပြားအတုံးသေးသေးကို အရောင်ရသည်အထိ ကြော်ပြီး ဖယ်ထုတ်ထားပါ။ ကြက်သားနှင့်ပုစွန်ကိုလည်း ကြော်ပြီး ဖယ်ထုတ်ထားပါ။

၎။       ဆီအနည်းငယ်ထပ်ထည့်ပြီး တုံယမ်းအနှစ်ထည့်၍ ဆီသတ်ပါ။

၅။       ရေစိမ်ထားသော ကြာဆံထည့်ပါ။ ငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်ထည့်ပြီး သမအောင် မွှေပေးပါ။ ကြာဆံနူးစေရန် ရေ (သို့) ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပေးပါ။

၆။       ကြာဆံနူးပါက အရသာအပေါ့အငန်မြည်းကာ ကြက်သား၊ ပဲပင်ပေါက်၊ ကျိုချိုက်နှင့် ပဲပြားကြော်တို့ကို ထည့်၍ သမအောင်မွှေပေးပြီး ပန်းကန်မှာ တည်ခင်းကာ ကြက်ဥ၊ နံနံပင်၊ ငရုတ်သီးနှင့် တွဲဖက်၍ အရသာရှိလှသော တုံယမ်းကြာဆံကြော်ကို သုံးဆောင်နိုင်ပါပြီ။

Facebook Comments