တူနာငါး ချဉ်စပ်နှင့် ဟင်းနုနယ်နှင့် မှိုကြော် (Spicy & Sour Tuna Loin with stir fry Indian Spinach)

by Presenter Chef Ko Sunny for Food Magazine

          ဒီလမှာ  ပရိသတ်များအတွက် ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးကတော့  တူနာငါးချဉ်စပ်နှင့် ဟင်းနုနယ် မှိုကြော်လေးပါပဲ။ တူနာငါးကို ခရမ်းချဉ်သီး အနှစ် ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ နဲ့ ” ‘Fusion Style” လေး ပြင်ဆင်ထားပါတယ်။ အိန္ဒိယ ဟင်းနုနယ်လေးတွေကိုတော့ အီရိုင်ဂျီမှိုလေးနဲ့ ရိုးရိုးရှင်းရှင်း ခရုဆီလေးနဲ့ ပြင်ဆင်ထားတာပါ။ တူနာငါးကို ချဉ်စပ်လေးချက်ထားလို့  တစ်မူထူးခြားပြီး မြန်မာ့ရနံ့ အရသာလေးနဲ့ဆိုတော့ ထမင်းဖြူလေးနဲ့ဆို သေချာပေါက် ထမင်းမြိန်စေမှာပါဗျာ။ ကဲ . . . တူနာငါးချဉ်စပ်နဲ့  ဟင်းနုနယ်ကြော်လေး ချက်ကြည့်ကြရအောင် . . .  OK

တူနာငါးချဉ်စပ်

ပါဝင်ပစ္စည်းများ

တူနာငါးအသွားလွှာ  –  ၃၂၀ ဂရမ်

ငါးအသားချောင်း  –  ၁၀ဝ ဂရမ်

ခရမ်းချဉ်သီးအနှစ်  –  ၁၅၀ ဂရမ်

ရှမ်းငရုတ်သီးစိမ်း  –  ၁ တောင့်

ကြက်သွန်ဖြူ  –  ၅ မြွှာ

ချင်း  –  အနည်းငယ်

ငရုတ်သီးခြောက်  –  ၃ တောင့်

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

သံလွင်ဆီ  –  ၂ ဇွန်း

သံပရာသီး  –  ၁ လုံး

ငရုတ်ပွစိမ်း  –  အနည်းငယ်

ငရုတ်ပွဝါ  –  အနည်းငယ်

ငရုတ်ပွနီ  –  အနည်းငယ်

အသားမှုန့်  –  အနည်းငယ်

ဆလတ်ရွက်စိမ်း  –  အနည်းငယ်

ဆလတ်ရွက်နီ  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ ဥ

ပြုလုပ်နည်း

၁။       တူနာ ငါးအသားလွှာကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် အရသာသွင်းပါ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း နှင့် ငရုတ်ခြောက်တို့ကို ကြေညက်အောင် ထောင်းပြီး ငရုတ်သီးအနှစ် ပြုလုပ်ပါ။

၃။       တူနာငါးအသားလွှာကို သံလွင်ဆီအနည်းငယ်ဖြင့် အရောင်ညိုပြီး တစ်ဝက်ခန့် ကျေညက်အောင် ကြော်ထားပါ။

၎။       သံလွင်ဆီအနည်းငယ်ဖြင့် ငရုတ်သီးအနှစ်ကို ဆီသတ်ပြီး ခရမ်းချဉ်သီးအနှစ် ထည့်ချက်ပါ။

၅။       ခရမ်းချဉ်သီးအနှစ်ကျက်လျှင် အသင့်လှီးထားသော ငါးအသားချောင်း၊ ငရုတ်ပွစိမ်း၊ ငရုတ်ပွဝါ၊ ငရုတ်ပွနီ၊ ရှမ်းငရုတ်သီးစိမ်းတို့ ထည့်ချက်ပါ။

၆။       အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်တို့ဖြင့် ထိန်းညှိပြီး အသင့် အိုးပူတိုက် ကင်ထားသော တူနာ ငါးအသားလွှာကို ထည့်ချက်ပါ။ တူနာငါး ပူနွေးလာလျှင် ဆလတ်ရွက်စိမ်း၊ ဆလတ်ရွက်နီတို့ဖြင့် တည်ခင်းပါ။

ဟင်းနုနယ်နှင့် မှိုကြော်

ပါဝင်ပစ္စည်းများ

ဟင်းနုနယ်  –  ၁၆၀ ဂရမ်

ငါးအသားချောင်း  –  ၁၅၀ ဂရမ်

ရိုင်ဂျီမှို  –  ၁၀ဝ ဂရမ်

ကြက်သွန်ဖြူ  –  ၅ မြွှာ

ချင်း  –  အနည်းငယ်

ခရုဆီ  –  ၂ ဇွန်း

နှမ်းဆီမွှေး  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆလတ်ရွက်စိမ်း  –  အနည်းငယ်

ဆလတ်ရွက်နီ  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဟင်းနုနယ်ကို အရွက်ခြွေပြီး သန့်စင်ထားပါ။ ရိုင်ဂျီမှိုကိုလည်း သန့်စင်ပြီး ပါးပါးလှီးထားပါ။

၂။       ငါးအသားချောင်းကို ၄းစိတ်ဖွင့်လှီးပြီး အနည်းငယ်ကြော်ထားပါ။

၃။       အသင့်သန့်စင်ထားသော ဟင်းနုနယ်နှင့် ရိုင်ဂျီမှိုကို သံလွင်ဆီအနည်းငယ်၊ ကြက်သွန်ဖြူ၊ ချင်းအနည်း ငယ်တို့ဖြင့် ဆီသတ်ပြီး ကြော်ပါ။

၎။       အရသာကို ခရုဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိပြီး နှမ်းဆီမွှေးအုပ်၍ တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments