တိုဟူးအဝါရောင် (ရှမ်းတိုဟူး) (Yellow Tofu/Shan Tofu)

by Syi Lwin Foods Garden for Food Magazine

          တိုဟူးကြိုက်သူများအတွက် ကိုယ်တိုင် အိမ်မှာ စိတ်တိုင်းကျ ကျိုစားလို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

တိုဟူးမှုန့်  –  ၂၅ ကျပ်သား (၃  ၁/၂ လီတာ ရေနှင့်ဖျော်ထားပါ)

ရေသန့်အေး  –  ၃  ၁/၂ လီတာ (ကျိုရန်)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ရေဖျော်ထားပြီး အဝတ်ပါးနဲ့ စစ်ထားပါ)

ဆား  –  အနည်းငယ်

အသီးအနှံဆီ  –  တိုဟူးကြော်ရန် (လိုသလောက်)

ပြုလုပ်နည်း

၁။       တိုဟူးမှုန့်ကို ဆန်ခါဖြင့်တိုက်ချပြီး ရေဖြင့် ကြေအောင် ဖျော်ထားပါ။ မိနစ် ၃၀ ခန့် အနယ်ထိုင်အောင် ထားပါ။

၂။       တိုဟူးမှုန့်ကို ဖျော်ထားသောအရည်မှ အပေါ်အရည်ကြည်များကို ခပ်ပြီး အိုးထဲထည့်ကာ ဆူပွက်အောင် တည်ပါ။

၃။       မီးလျှော့ပါ။ ကျန်တဲ့တိုဟူးအနှစ်ရည်ကို မွှေပါ။ ပြီးလျှင် ရေဆူနေသော အိုးထဲ ဖြည်းဖြည်းချင်း၊ နည်းနည်းချင်း လောင်းထည့်၍ အဆက်မပြတ် မွှေပေးရပါမယ်။ တဖြည်းဖြည်း ပျစ်လာတာကို တွေ့ရပါမယ်။ ပဲစိမ်းနံ့ပျောက်သွားလျှင် ဆားနှင့် နနွင်းမှုန့်အရည်ဖျော်ထားတာများကို ထည့်ကျိုပါ။ မွှေတာမရပ်ပါနဲ့။ မွှေနေသော ဇွန်းကို ဆွဲကြည့်လိုက်လျှင် အမြီးတန်းပြီး တိုဟူးအနှစ်များပါလာလျှင် ရပါပြီ။ မိမိလိုချင်တဲ့ ချစ်စရာပုံစံ ခွက်လေးများထဲ လောင်းထည့် ပြီး အအေးခံပါ။ ၃၀၊ ၄၅ မိနစ်ခန့်ဆိုလျှင် တိုဟူးတုံးလေးများကို ပုံစံခွက်လေးများထဲမှ ထုတ်၍ ဘေးဘက် နားလေးတွေမှာ ဓားရာလေးပေးပြီး ကြော်လို့ရပါပြီ။

၎။       တိုဟူးကြွပ်ကြွပ်ရွရွလေးစားချင်လျှင် ဆီများများထည့်ပြီး ဆီပူမှသာ တိုဟူးများကို ထည့်ကြော်ပါ။ ကြော်ပြီး ချက်ချင်းစားမှလည်း ကြွပ်ရွပြီး စားလို့ကောင်းမှာပါ။ ကြိုက်နှစ်သက်ရာ အချဉ်ရည်နဲ့ တွဲစားပါ။

Facebook Comments