တိုဟူးကျိုနည်း

by Meemeetofu for Food Magazine

          မမီးတို့ အမေရိကန်မှာ ဝယ်လို့ရတဲ့ ကုလားပဲအစိမ်းမှုန့်က မြန်မာက ကုလားပဲ အစိမ်းမှုန့် နဲ့ အရောင်၊ အနံ့အရသာ ကွာခြားတယ်။ မြန်မာကုလားပဲက ပိုပြီး အနံ့၊ အရသာကောင်း တယ်။ တိုဟူးအနေနဲ့ စားရတာ အရသာ အရမ်းကောင်းတယ်။ တိုဟူးကျိုနည်းကို ရှေ့ပိုင်းမှာတုန်းက ရေးပေးခဲ့ပြီးဖြစ်ပေမယ့် နောက်လူတို့က  မေးနေကြတုန်းမို့ တိုဟူးကျိုနည်းလေးကို ပြန်ရေးပေးလိုက်ပါတယ်။ မမီးသုံးတဲ့ ပဲမှုန့်အမျိုးအစား ပြောင်းသွားတာကြောင့် ရေအချိုးလည်း အရင်ရေးပေးခဲ့တုန်းကနဲ့မတူဘဲ ပြောင်းသွားပါတယ်။ တိုဟူးကျိုနည်းလေးမရေးခင် သိထားသင့်တာလေးတွေ အရင်ပြောပါမယ်။ တိုဟူးကျိုရာမှာ ထည့်ရတဲ့ ရေပမာဏ အလွန်အရေးကြီးပါတယ်။ ရေများရင် ပဲရည်ဆူပွက်ချိန်က ကြာမယ်။ အဲဒီအခါ ပဲရည်စဉ်ပြီး အပူလောင်တတ်ပါတယ်။  ရေနည်းရင် အခဲမြန်လို့ ပဲစိမ်းနံ့ ကျန်တတ်ပါတယ်။ အမွှေမနာရင်၊ ရေကုန်အောင် မမွှေပေးရင်လည်း တိုဟူးသား မကောင်းပါ။ ကုလားပဲအစိမ်းမှုန့် မလတ်ဆတ်ရင်၊ အစစ်မဟုတ်ရင် တိုဟူး မခဲပါ။  အသုံးပြုတဲ့ ကုလားပဲမှုန့် တံဆိပ်အပေါ်မှာ လိုက်ပြီးထည့်ရတဲ့ ရေပမာဏ ကွာခြားနိုင်တာကိုလည်း သတိပြုသင့်ပါတယ်။ ဒါလေးတွေ ကြိုတင်သိထားပြီဆို တိုဟူးကျိုတဲ့အခါ မခဲပါဘူး။ ပျော့ပျော့ကြီးဖြစ်နေလို့ဆိုပြီး လာပြောနေကြသူတွေ အကြောင်းရင်းကို ကိုယ့်ဘာသာ မှန်းဆနိုင်ကြလောက်ပြီ။ မြန်မာအိမ်အများစုမှာ ခြင်တွယ်တိုင်းတာခွက်လေးတွေကို အသုံးမပြုကြသေးသူတွေ တော်တော်များတယ်။ အများစုက နို့ဆီခွက်နဲ့ ခြင်တွယ်ကြတယ်။ မမီးအိမ်မှာရှိတဲ့ ကာနေးရှန်းတံဆိပ် နို့ဆီခွက်ထဲကို ရေအပြည့်ထည့်ကြည့်တော့  ၃၀ဝ မီလီလီတာရှိပါတယ်။ ဒါကြောင့် နို့ဆီခွက်ကို ခြင်တွယ်ရာမှာ အသုံးပြုသူများက ရေကို နို့ဆီဘူး ၂ ဘူးခွဲ ခြင်တွယ်ထည့်ရမှာ ဖြစ်ပါတယ်။

ပါဝင်သောပစ္စည်းများ

မွှေးကုလားပဲ အစိမ်းမှုန့်  –  ၁ ထုပ် (၁၅၀ ဂရမ်)

ရေ  –  ၇၅၀ မီလီလီတာ

ဆား  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       သစ်သီးဖျော်ရည်စက်ထဲ ရေ ၃၀ဝ မီလီလီတာ ထည့်ပါ။ ကုလားပဲအစိမ်းမှုန့် ၁ ထုပ် ဖောက်ထည့်ပြီး မွှေပေးပါ။ (ကုလားပဲမှုန့်က ရေမှာ ပျော်ဝင်ဖို့ အလွန်ခက်တယ်။) စက်နဲ့မွှေလိုက်လျှင် သေချာပေါက် သမသွားတယ်။ စက်မသုံးသူတို့က ဇလုံကြီးကြီးတစ်ခုထဲ ရေကို အရင်ခြင်တွယ်ထည့်ပြီးမှ ကုလားပဲမှုန့်ကို ထည့်ပါ။ နာရီဝက်ခန့်ထားလိုက်လျှင် ပဲမှုန့်များ ရေအောက်ရောက်သွားပါတယ်။ အဲဒီအခါမှာ ကြက်ဥခေါက်တံနဲ့ သမအောင် မွှေပေးလို့ ရပါတယ်။

၂။       တိုဟူးကျိုမည့်အိုးထဲ ရေ ၄၅၀ မီလီလီတာ ထည့်ပါ။ ဆားနှင့် နနွင်း သင့်တင့်ရုံထည့်ပါ။ မီးအပူ အလယ်အလတ်ဖြင့် ကျိုပါ။ ရေသီးလေးများ အိုးရဲ့ အောက်ခြေမှာ မြင်ရပြီဆိုလျှင် ပဲမှုန့်ရည်ကို စက်နဲ့ တစ်ခါ ထပ်မွှေပေးပြီးမှ ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ အဲဒီလို လောင်းထည့်နေစဉ်မှာ အိုးထဲက ပဲရည်ကို အဆက်မပြတ်မွှေပေးပါ။

၃။       ၅ မိနစ်ခန့်ဆိုလျှင် တိုဟူးရည် စပျစ်လာပါလိမ့်မယ်။ မီးကို အလယ်အလတ်မှာထားပြီး ၁၅-၂၀ မိနစ်ခန့် ဆက်၍ မွှေပေးပါ။

၎။       ယောက်မကို မလိုက်တဲ့အခါ ယောက်မမှာ ကပ်နေတဲ့ တိုဟူးနှစ်တွေ အိုးထဲကို အလွယ်တကူပြန်မကျတော့ဘူးဆိုလျှင် အခဲခံမည့် ဗန်းထဲကို လောင်းထည့်ပြီး အခဲခံပါ။

၅။       အေးသွားပြီဆိုလျှင် နှစ်သက်ရာအရွယ်လှီးပြီး သုပ်စား၊ ဟင်းချက်စားလို့ရပါပြီ။

Facebook Comments