တာဝန်တွေယူ ချက်စို့အတူ

by ဒေါ်နန်းစန်းစန်းအေး for Food Magazine

ဩဂုတ်လမှာတော့ ဆရာမနန်းစန်းစန်းအေးက ]ကြက်တောင်ပံကုလားပဲဟင်းရည်} အပါအဝင် ဟင်းလျာအတွဲ အစပ် (၇) မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –
၁။ ငါးရံ့သစ်တိုသီးချက်၊ ဂေါ်ရခါးညွန့်ကြော်၊ သခွားသီးဟင်းရည်၊ ပူဒီနာငါးပိထောင်း။
၂။ ပင်လယ်စာငရုတ်သီးချက်၊ ပဲဝါလေးဟင်းရည်၊ မန်ကျည်းသီးသုပ်၊ ငရုတ်သီး ထောင်းကြော်။
၃။ ဘဲသားဆီပြန်၊ သီးရွက်စုံကြော်၊ ခရမ်းချဉ်သီးငါးပိချက်၊ အတို့အမြှုပ်။
၎။ ကြက်ဥလိပ်ကြော်ချက်၊ အသည်းအမြစ်သုပ်၊ တိုဟူးဟင်းရည်၊ သရက်သီးထောင်း။
၅။ အမဲသားလုံးမဆလာချက်၊ ဟင်းခါးပေါင်းသီးကြော်၊ မုန်လာဥဟင်းရည်၊ ငါးငါးပိထောင်း။
၆။ ငါြးွေမထိုးခြောက်ဖုတ်၊ ငါးနှပ်မရန်းပြားဟင်းရည်၊ ပြောင်းဖူးကြော်၊ ငံပြာရည်ဖျော်။
၇။ ဝက်သားမျှစ်ချဉ်ကြော်၊ ကြက်တောင်ပံကုလားပဲဟင်းရည်၊ ဟင်းနုနယ်ရွက်သုပ်၊ ငရုတ်သီး အစိမ်းထောင်း။

တာဝန်တွေယူ ချက်စို့အတူ

‘ဗစ်တိုးရီးယားလေးရဲ့အမှုကို အမေနဲ့သမီး နည်း နည်းပြောကြည့်ရအောင်…’

‘သူများတွေ ဖေ့စ်ဘွတ်စ်မှာ ပြောသလိုမျိုးလား’

‘ခံစားရလွန်းလို့ ပြောစရာလူမရှိတော့ အမေနဲ့ ပြောရကောင်းမလားလို့…’

‘ဟုတ်တယ် သမီး… သုံးနှစ်ဆိုတဲ့ ကလေးငယ်လေး ဟာ အရပ်ကလေးမှ တစ်တောင့်ထွာမရှိတရှိလေးနဲ့ အလွန်ကို အပြစ်ကင်းစင်ပြီး အကြည်ထည်အရည်တည် လေးပါ။ ဒါကိုမှ လူစိတ်ကင်းမဲ့တဲ့သူတွေက ပက်ပက် စက်စက် ယုတ်မာရက်တယ်’

‘ဒီသတင်းကို ကလေးရှိတဲ့ အဖေ၊ အမေ၊ ညီအစ်ကို မောင်နှမ ဘယ်လိုမှ ခံစားလို့ မရဘူး။ သမီး ၂ နှစ်၊ ၃ နှစ် သိတတ်စကတည်းက အမေအမြဲပြောတဲ့စကား အရမ်း ကို ခေတ်မီတယ်။ ဘယ်ယောကျာ်းမှ သမီးကို မထိအကိုင် မခံနဲ့တဲ့။ နားထဲ အမြဲစွဲနေတယ်။ ချစ်စရာလေးဆိုပြီး သမီးကို လာကိုင်တဲ့ ယောကျာ်းတိုင်း အမြဲနိုင်သလောက် တုံ့ပြန်တတ်တာကို အမေ ဘယ်တော့မှ မတားခဲ့ဘူးလေ’

‘အဲဒါ အမေ့ရဲ့ဆုံးမစကားမဟုတ်ဘူး သမီး။ အမေ့ရဲ့ အဘွား စာတစ်လုံးမှ မတတ်ပေမယ့် အမေ့ကို ညတိုင်း အမြဲပြောခဲ့တာကို ပြန်ပြီး လက်ဆင့်ကမ်းတာပါ’

‘ဒါဆို ဒီကိစ္စတွေဟာ အရင်ကတည်းက ရှိခဲ့တဲ့ သဘောပေါ့’

‘မိန်းကလေးတွေကို လိင်အကြမ်းဖက်တယ်ဆိုတာ တကယ့်ကို အောက်တန်းကျကျနဲ့ ရှေးကတည်းက ရှိခဲ့တဲ့ ပုံပါပဲ’

‘သမီးတို့ခေတ်မှာတော့ ဒီကိစ္စကို ပြတ်ပြတ်သား သား ဆန့်ကျင်ပြီး အမြစ်ပြတ်သွားအောင် လုပ်ရမယ်’

‘လူသားတိုင်း တာဝန်ရှိတယ်လို့လည်း သိထားရ ပါဦးမယ်’

‘ဒီလိုတွေ မျှဝေပြီးရင် အမေဟင်းချက်တော့မှာ မဟုတ်လား…’

‘လုပ်နေကျအလုပ်ကိုတော့ ဝမ်းနည်းလည်း လုပ်၊ ဝမ်းသာလည်း လုပ်ရမှာပါပဲ’

‘ဒါဆို ဘာတွေချက်ကြမလဲ’

‘ဝက်သားနဲ့ မျှစ်ချဉ်အသစ်ကို ကြော်မယ်။ ကြက် တောင်ပံကုလားပဲဟင်းရည်၊ ဟင်းနုနယ်ရွက်သုပ်နဲ့ ငရုတ်သီးအစိမ်းထောင်းဆိုရင် အဆင်ပြေမယ်’

ဝက်သားအဆီအသား တွဲရက် ၁၅ ကျပ်သားနဲ့ အခု မိုးဦးမှာပေါ်တဲ့ မျှစ်ချဉ်ပါးပါးလှီး ၁၀ ကျပ်သား ပေါင်းကြော် မယ်။

ဝက်သားတွေကို သန့်စင်ပြီး ပါးပါးလှီး၊ မျှစ်ချဉ်ကို လည်း တစ်ရေပြုတ်ပြီး စစ်ထားမယ်။ ကြော်မယ့်အိုးထဲ

ဆီ ၂ ကျပ်ခွဲသားထည့်၊ ကြက်သွန်ဖြူ ၃ မြွှာ ဓားပြားရိုက်နဲ့ ချင်း ၃-၄ ပြား ပါးပါးလှီးထည့်ကြော်မယ်။ အနံ့မွှေးလာရင် ဆား၊ အရသာ အနည်းငယ်စီ နယ်ထားတဲ့ ဝက်သား ထည့်ကြော်မယ်။  ဝက်သားထဲပါတဲ့ အရည်ဆမ်းပြီး ဆီပြန် လာရင် ရေ ၁၀ ကျပ်သား တစ်ခွက်ဖြည့်၊ အဖုံးအုပ်ပြီး ဝက်သားနူးအောင်တည်မယ်။ ဝက်သားဖတ်နူးရင် ရေစစ် ထားတဲ့ မျှစ်အဖတ်တွေထည့်မယ်။ ဆား လက်ဖက်ရည် ဇွန်း တစ်ဝက်၊ အရသာ ဇွန်းရဲ့ သုံးပုံတစ်ပုံ ထပ်ထည့်မယ်။ မျှစ်အဖတ်တွေ အနည်းငယ်လိပ်လာရင် ငရုတ်သီးမှည့်

၅ တောင့် ပါးပါးလှီးထည့်မယ်။ ဆား၊ အရသာ၊ အချဉ်အစပ် အနေတော်ဖြစ်အောင် မြည်းကြည့်ပြီး အိုးချလို့ရပါပြီ။ ဝက်သားနဲ့ အချဉ်ဓာတ်နည်းတဲ့ မျှစ်ချဉ်ကြော်ပါ။

ကြက်တောင်ပံ ကုလားပဲဟင်းရည်အတွက် ကြက် တောင်ပံ ၅ ချောင်း သန့်စင်ပြီး အနေတော်ပိုင်းထားမယ်။ ကုလားပဲ ၁၀ ကျပ်သား နူးအောင်ပြုတ်ပါမယ်။

ချက်မယ်ဆို ကြက်သွန်ဖြူ ၁ ဥ၊ ကြက်သွန်နီ ၁ ဥ ရောထောင်းပြီး ဆီ ၂ ကျပ်သားနဲ့ ကြော်မယ်။ အနံ့မွှေး လာရင် ကြက်တောင်ပံထည့်မယ်။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာ ဇွန်းတစ်ဝက်ဖြည့်ထည့်မယ်။ ကြက် တောင်ပံအရသာဝင်ပြီး တင်းလာရင် ပြုတ်ထားတဲ့ ကုလားပဲထည့်မယ်။ ရေ ၁၀ ကျပ်သား ၂ ခွက်၊ နနွင်း အနည်းငယ် (အဝါရောင်သန်းရုံ) ထည့်မယ်။ ပွက်ပွက် ဆူလာရင် စပါးလင် ၁ ချောင်း ထုထောင်း၊ အထုံးထုံးပြီး အနံ့ အတွက် ထည့်ပေးပါမယ်။ အရသာ အနေတော် ဆိုရင် ကြက်တောင်ပံကုလားပဲဟင်းရည် ရပါပြီ။

ဟင်းနုနယ်ရွက်သုပ်အတွက် ဟင်းနုနယ်ရွက်တွေ ကို ရေစင်စင်ဆေးပြီး ရေဆူဆူမှာ ပြုတ်မယ်။ ရေစစ်ပြီး ဆီချက်၊ မြေပဲမှုန့်၊ သံပရာရည်၊ အရသာ၊ ဆား အားလုံး ပေါင်းနယ်ရင် အရွက်သုပ်ရပါပြီ။ ပြီးလျှင် ကြက်သွန် ကြော်နဲ့ နှမ်းဖြူးပေးပါ။

ငရုတ်သီးစိမ်း ၁၅ တောင့်၊ ကြက်သွန်ဖြူ ၃ မြွှာကို အနံ့မွှေးအောင် မီးအေးမှာလှော်၊ ဆား အနည်းငယ်နဲ့ ရောထောင်းရင် ငရုတ်သီးထောင်းရပါပြီ။ ဆီကြိုက်ရင် ဆီအနည်းငယ် ဆမ်းပေးပါ။

အကြမ်းဖက်တာတွေ၊ မတရားတာတွေကို ဆန့် ကျင်ဖို့ တာဝန်ရှိတယ်လို့ အမြဲတွေးရင်း ချက်ဖြစ်ခဲ့တဲ့ ဒီတစ်လအတွက် ဟင်းအတွဲတချို့ပါ။

 

နန်းစန်းစန်းအေး

၁၁၀/၅ ဖာလုံ၊ အမြန်လမ်း၊ ဖြူးမြို့။

ကြက်တောင်ပံကုလားပဲဟင်းရည်

ကြက်တောင်ပံ  –  ၅ ချောင်း

ကုလားပဲ  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၁ ဥ

ကြက်သွန်နီ  –  ၁ ဥ

ဆီ  –  ၂ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ရေ  –  ၁၀ ကျပ်သား (၂ ခွက်)

နနွင်း  –  အနည်းငယ်

စပါးလင်  –  ၁ ချောင်း

ဝက်သားမျှစ်ချဉ်ကြော်

ဝက်သား  –  ၁၅ ကျပ်သား

မျှစ်ချဉ်  –  ၁၀ ကျပ်သား

ဆီ  –  ၂ ကျပ်ခွဲသား

ကြက်သွန်ဖြူ  –  ၃ မြွှာ

ချင်း  –  ၃/၄ ပြား

ဆား  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ရေ  –  ၁၀ ကျပ်သား (၁ ခွက်)

ငရုတ်သီးမှည့်  –  ၅ တောင့်

ဟင်းနုနယ်ရွက်သုပ်

ဟင်းနုနယ်ရွက်  –  ၁ စည်း

ဆီချက်  –  စားပွဲဇွန်း ၁ ဇွန်း

မြေပဲမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

သံပရာရည်  –  အနည်းငယ်

အရသာမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

Facebook Comments

Menu