တာဘစကိုးအရသာကြက်ရင်အုပ်သားနှင့် ပြောင်းဖူး သီးရွက်စုံကြော် (Tabasco Chicken with Sweet Corn & Mixed Vegetables)

 

by Presenter Chef Ko Sunny for Food Magazine

ဒီလပရိသတ်များအတွက် ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ဥရောပ အစားအစာ ပြင်ဆင်ပုံလေးကို အခြေခံထားတဲ့ “တာဘစကိုး အရသာ ကြက်ရင်အုပ်သားနှင့် ပြောင်းဖူးသီးရွက်စုံကြော်” လေးပါပဲ။ ကြက်ရင်အုပ်သားကို တာဘစကိုး ငရုတ်ချဉ်ဆော့စ်နဲ့ အစပ်အရသာလေး ပြင်ဆင်ထားပါတယ်။ ပြောင်းဖူးနဲ့ သီးရွက်စုံကြော်လေးကိုလည်း ထောပတ်၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပြီး ချက်ထားတာဖြစ်လို့ ထူးခြားပြီး အရသာဆိမ့်နေမှာပါ။ ကြက်သားကို ဝိုင်ဖြူအနည်းငယ် ထည့်ချက်ထားတာကြောင့် အစာကြေလွယ်စေတဲ့အပြင် အာဟာရလည်း ပြည့်စုံစေပါတယ်။ ကဲ … ရိုးရှင်းလွယ်ကူတဲ့ ဥရောပ အစားအစာလေးကို ပြင်ဆင်ကြည့်ကြရအောင် … ။

တာဘစကိုးအရသာကြက်ရင်အုပ်သား

ပါဝင်ပစ္စည်းများ

ကြက်ရင်အုပ်သား  –  ၁၅ ကျပ်သား

တာဘစကိုးဆော့စ် (အနီ)  –  ၁ ဇွန်း

တာဘစကိုးဆော့စ် (အစိမ်း)  –  ၁ ဇွန်း

ရို့စ်မယ်ရီရွက်ခြောက်  –  အနည်းငယ်

မောင့်ရီးရဲလ်အရသာမှုန့်  –  ၁ ဇွန်း

ကဂျွန်အရသာမှုန့်  –  ၁ ဇွန်း

သံလွင်ဆီ  –  ၂ ဇွန်း

ဝိုင်ဖြူ  –  ၁၀ဝ မီလီလီတာ

ခရမ်းချဉ်သီးအနှစ်  –  ၃ ဇွန်း

ငရုတ်သီးစိမ်း  –  ၈ တောင့်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ကြက်ရင်အုပ်သားကို အရေပြားဖယ်ပြီး ပါးပါးလှီးကာ တာဘစကိုးဆော့စ်(အနီ)၊ တာဘစကိုးဆော့စ် (အစိမ်း)၊ ရို့စ်မယ်ရီရွက်ခြောက်၊ မောင့်ရီးရဲလ်အရသာမှုန့်၊ ကဂျွန်အရသာမှုန့်နှင့် သံလွင်ဆီတို့ဖြင့် အရသာသွင်းပါ။

၂။       ဒယ်အိုးကို အပူပေးကာ အသင့်အရသာသွင်းထားသော တာဘစကိုး ကြက်ရင်အုပ်သားကို  အိုးကင်းပူတိုက်ပြီး ဝိုင်ဖြူ အနည်းငယ်နှင့် ခရမ်းချဉ်သီးအနှစ် ထည့်ချက်ပါ။ ပါမီဆန်ချိစ်အမှုန့်အုပ်ပြီး ငရုတ်သီးစိမ်းနှင့် အလှဆင်တည်ခင်းပါ။

ပြောင်းဖူးနှင့် သီးရွက်စုံကြော်

ပါဝင်ပစ္စည်းများ

ဆလရီရိုး  –  ၁ ချောင်း

ကြက်သွန်ဝါ ဥကြီး  –  အနည်းငယ်

ငရုတ်ပွဝါ  –  အနည်းငယ်

ငရုတ်ပွနီ  –  အနည်းငယ်

ငရုတ်ပွစိမ်း  –  အနည်းငယ်

ကြက်အူချောင်း  –  ၁ ချောင်း

ကြက်သွန်ဖြူ  –  ၃  မြွှာ

ထောပတ်  –  ၁ ဇွန်း

အသင့်စားပြောင်းဖူးစေ့  –  ၅ ဇွန်း

မောင့်ရီးရဲလ်အရသာမှုန့်  –  ၁  ဇွန်း

ပါမီဆန်ချိစ်  –  အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ဆလရီရိုးကို အန်စာတုံးပုံလှီးထားပါ။ ငရုတ်ပွစိမ်း၊ ငရုတ်ပွနီ၊ ငရုတ်ပွဝါ၊ ကြက်သွန်ဝါ ဥကြီးနှင့် ကြက်အူချောင်းတို့ကိုလည်း အန်စာတုံးပုံ လှီးထားပါ။

၂။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းကာ ထောပတ်အနည်းငယ်နှင့် ဆီသတ်ပြီး ကြက်သွန်ဝါ ဥကြီး၊ သီးရွက်စုံနှင့် ကြက်အူချောင်း တို့ကို ထည့်ချက်ပါ။

၃။       အသင့်စား ပြောင်းဖူးစေ့ထည့်ပြီး မောင့်ရီးရဲလ်အရသာမှုန့် အနည်းငယ်ထည့်ချက်ပါ။ ပါမီဆန်ချိစ်အမှုန့်အုပ်ပြီး အဆုံးသတ်ပါ။

www.facebook.com/Sunny Angelo

Facebook Comments