တယ်ရီယာကီ ကြက်သားခေါက်ဆွဲ (၂ ပွဲစာ)

FD-18

      ဒီခေါက်ဆွဲချက်နည်းလေးကတော့ ကျွန်တော့်ဆိုင်အတွက် စမ်းသပ်လုပ်ကြည့်ရင်း အကြိုက်တွေ့မိလို့  ပြန်လည်ဝေမျှပေးလိုက်တာပါ။ ဒီချက်နည်းမှာ အရသာအတွက် အဓိကပါဝင်တာကတော့ Teriyaki  ဆာ့စ်ပါ Super Market ကြီးတွေမှာ ရနိုင်ပါတယ်။ ချက်နည်းလေးကလည်း အင်မတန်မှကို ရိုးရှင်းလွယ်ကူပါတယ်။

►    ပါဝင်ပစ္စည်းများ

♦   ကြက်သားပေါင်သား   –   ၁ ခြမ်း(အရိုးထုတ်ထားပြီး အရိုးကိုပြုတ်ထားပါ)

♦   Teriyaki Sauce   –    စားပွဲဇွန်း ၆ ဇွန်း (ကြက်သားများကိုနယ်ပြီး ၁ဝ မိနစ်ခန့်နှပ်ပေးထားပါ)

♦   ခေါက်ဆွဲအစို   –   ပန်းကန်လုံး ၂ လုံးစာ

♦    ကြက်ဥ   –   ၁ လုံး (ပြုတ်ပြီး ထက်ခြမ်းခြမ်းထားပါ)

♦    မုန်လာဥနီ    –   ၁ လုံး (အမျှင်ရှည်ရှည်လေးများရအောင် ခြစ်ထားပါ)

♦    ကြက်သွန်မြိတ်   –    ၂ ပင် (အစကြီးကြီးပိုင်းထားပါ)

♦    ကြက်သွန်ဖြူ    –    ၂ တက် (ဓားပြားရိုက်ထားပါ)

♦    ပဲငံပြာရည်အကြည်   –    အနည်းငယ်

►    ချက်ပြုတ်ပုံ

၁။   ဆော့စ်နဲ့ နယ်နှပ်ထားတဲ့ကြက်သားကို ခပ်ပါးပါးလွှာပြီး အဖုံးပါတဲ့ဒယ်အိုးထဲမှာ ကြက်ပြုတ်ရည်မြုပ်ရုံထည့်ပြီး မီးပျော့ပျော့လေးနဲ့ အရည်အနည်းငယ်ကျန်အောင် တည်ထားပါ။

၂။   ခေါက်ဆွဲအဆိုကို ကြက်ပြုတ်ရည်ဆူအောင်တည်ပြီး ၂ မိနစ်ခန့်စိမ် ပြုတ်ရေစစ်ပြီး ကြက်သား အိုးထဲမှာထည့်ပြီး ရောမွေပေးပါ။

၃။   ခေါက်ဆွဲအပူဆုံးအချိန်မှာ အရသာမြည်းကြည့်ပြီး ပဲငံပြာရည်ကို လိုသလိုထပ်ထည့်ပြီး မွှေပေးပါ။

၎။   ခေါက်ဆွဲ ၂ ပွဲစာ ပြင်ဆင်ပါမယ်။ ခေါက်ဆွဲနဲ့ ကြက်သားများကို ပန်းကန်မှာပြင်ဆင်ပြီး ကြက်ဥပြုတ်တစ်ခြမ်းစီ၊ ခြစ်ပြီးသား မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့နဲ့ အပေါ်မှတင်ပြီး သုံးဆောင်နိုင်ပါပြီ။

*   မုန်လာဥနီလေးတွေကို လှလှပပ အရွယ်ညီတဲ့အချောင်းလေးတွေ ခြစ်နိုင်တဲ့ ပစ္စည်းလေးတွေကို ဈေးတွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။

Facebook Comments