တပင်ဝါးမျှစ်အဆာသွတ်အစပ်ချက်

တပင်ဝါးမျှစ်အဆာသွတ်အစပ်ချက်

          ဟင်းနာမည်ခေါ်ရတာကလည်း လှည်းတန်းမီးပွိုင့်တစ်ပွိုင့်တော့ အသာလေး လွတ်တယ်နော်။ တပင်ဝါးမျှစ် ဆိုတာလည်း ရေးချင်၊ အဆာသွတ်တာလည်းပါချင်၊ ဟင်းကစပ်စပ်လေး ဆိုတာလည်း အသိပေးချင်တာဆိုတော့ တော်တော်ကို ရှည်သွားပါတယ်။ ဒီမျှစ်လေးတွေကို ကချင်ပြည်နယ်ကနေ အစ်ကိုတစ်ယောက်က တကူးတက ပို့ပေးတာပါ။ တော်တော်နုနု လေးတွေပါ။ အဲဒါလေးတွေရလာတဲ့အပြင် နည်းလေးလည်း ပေးပါတယ်။ အစ်ကိုတို့က အဆာသွတ်ပြီး၊ ပေါင်းပြီး စားတဲ့နည်းပါ။ အဲဒါလည်း စားကောင်းပါတယ်။ အခုကျွန်မကတော့ ခပ်စပ်စပ်လေး ချက်ထားတာပါ။

   ပါဝင်ပစ္စည်းများ

♦   တပင်ဝါးမျှစ်   –   အချောင်း ၂၀ ခန့်

♦   ပုစွန်ဘော့ချိတ်   –   ၁၅ ကျပ်သား

♦   ရှမ်းနံနံ   –   ၁၀ ပင်ခန့်

♦   ပင်စိမ်း   –   လက်တစ်ဆုပ်စာ

♦   ငရုတ်သီးစိမ်း  –   ၁၅ တောင့်

♦   မဆလာ   –   အချိုဇွန်း ၁ ဇွန်း

♦   ကြက်သွန်ဖြူ   –   ၃ ဥ

♦   ကြက်သွန်နီ   –   ၃ လုံးခန့်

♦   ဆား   –   လိုသလောက်

♦   ပြောင်းကော်မှုန့်   –   အချိုဇွန်း ၁  ဇွန်း

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   ပုစွန်ဆီ   –    ထမင်းစားဇွန်း ၃ ဇွန်း

♦   ငါးအသားမှုန့်   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ပုစွန်ကို ကြိတ်ဖို့အတွက် ပထမဆုံး အခွံနွှာပြီး ခေါင်းဖြုတ်ထားကာ Blender ထဲမှာ ပြောင်းကော်မှုန့်၊ ရှမ်းနံနံ ၂ ပင်၊ ပင်စိမ်းနည်းနည်း၊ ကြက်သွန်ဖြူ ၁ ဥ၊ ငရုတ်သီးစိမ်း ၃ တောင့်ခန့်၊ မဆလာ အချိုဇွန်း ၁ ဇွန်း၊ ငါးအသားမှုန့်၊ ငရုတ်ကောင်းတို့နှင့် ရောမွှေပြီး ကြိတ်လိုက်ပါ။

၂။      တပင်ဝါးမျှစ်ရဲ့ အလယ်ကို ဓားလေးနဲ့ ခြစ်ထုတ်ပြီး အခေါင်းပေါက်လေးတွေ လုပ်ရပါမယ်။ ဓားသေးသေးချွန်ချွန်လေးနဲ့ ခြစ်ထုတ်မှ အဆင်ပြေပါမယ်။ အဆာသွတ်ရဦးမှာမို့လို့ပါ။

၃။      မျှစ်အခေါင်းပေါက်လေးတွေထဲကို ကြိတ်ထားတဲ့ ပုစွန်လေးတွေကို အဆာသွတ် ထားလိုက်ပါတယ်။ ခြစ်ထုတ်ထားတဲ့ မျှစ်လေးတွေကိုလည်း မပစ်လိုက်ရပါဘူး။ နုနုလေးတွေမို့ ဟင်းချက်ရင် ထည့်လိုက်ပါမယ်။

   အဆာသွတ်ပြီးရင် ချက်ဖို့ပြင်ဆင်ရအောင်

          ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို ကြေညက်အောင်ကြိတ်ပြီး နနွင်း၊ အရောင်တင်မှုန့်နှင့် ဆီသတ်ပါ။ ငရုတ်သီးကြမ်းကွဲ ၁ ဇွန်းပါ ရော၍ဆီသတ်ပါ။ (အစပ် သိပ်မကြိုက်ရင်တော့ လျှော့နိုင်ပါတယ်) ဆီသတ်နေရင်းနဲ့ ဆား၊ အရသာမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်လည်း ကြွပ်လာပြီဆိုလျှင် အဆာသွတ်ထားတဲ့ မျှစ်လေးတွေကို ထည့်ပေးလိုက်ပါတယ်။ ရေကို အနည်းငယ်ထည့်၊ ပုစွန်ဆီပါထည့်ပြီး အဖုံးအုပ်ကာ တည်ပါတယ်။ ငံပြာရည်နည်းနည်းထည့်ပါတယ်။ မျှစ်လည်းနူး၊ အသားလည်း ကျက်ပြီး အနှစ်အရသာလေး မြည်းကြည့်လို့ အနေတော်ဆိုလျှင် ရှမ်းနံနံ၊ ပင်စိမ်းအုပ်လိုက်လျှင် တော်တော်ကို အရသာရှိတဲ့ မျှစ်ဟင်းစပ်စပ်လေးတစ်ခွက် ရပါပြီရှင်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments

Menu