တညင်းသီး၏ အာဟာရနှင့် ကျန်းမာရေး

by ဒေါက်တာလှကြည် for Food Magazine

          တညင်းသီးကို အင်္ဂလိပ်တို့က ဂျင်းခေါလ်ဘီးန် (Djenkol Bean) လို့ ခေါ်ပါတယ်။  ရုက္ခဗေဒအမည်က Pithecellobium Jiringa ဖြစ်ပါတယ်။ တညင်းသီးကို ဒဒွေးသံနှင့်ပြောပြီး စာနှင့်ရေးတဲ့အခါ ဒညင်းသီးလို့ ဒဒွေးနဲ့ ရေးသလို တညင်းသီးလို့ တဝမ်းပူနှင့်လည်း စာလုံးပေါင်းပါတယ်။

          မြန်မာတွေက တညင်းသီးကို တညင်းသီးပြုတ်၊ တညင်းသီးမီးဖုတ်၊ တညင်းသီး ဆားရည်စိမ်၊ တညင်းဝက် စသည်ဖြင့် တို့စရာအဖြစ် ငါးပိရည်နှင့် တွဲဖက်ပြီး စားကြပါတယ်။ တညင်းသီးကို ကြော်ပြီးတော့လည်း စားကြပါတယ်။ အစိမ်းလည်း စားကြပါတယ်။ ပြုတ်ထားတဲ့ တညင်းသီးကို ဆီနှင့်တို့ပြီး တစ်ချီတည်း ၁၅ လုံး၊ အလုံး ၂၀ လောက်ကုန်အောင် စားကြသူတွေ ရှိပါတယ်။

          ကမ္ဘာပေါ်မှာ တညင်းသီးစားတဲ့နိုင်ငံ ၄ နိုင်ငံရှိပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ဖြစ်ပါတယ်။ မလေးကျွန်းစုတွေမှာ ဒေသခံတွေဟာ တညင်းသီးကို ရိုးရာအစားအစာဟင်းလျာအမျိုးမျိုးမှာ ထည့်သွင်းချက်ပြုတ်ကြတယ်လို့ သိရပါတယ်။

တညင်းသီး၏ အာဟာရ

          တညင်းသီးရဲ့ နာမည် Djenkol Bean မှာ Bean ဆိုတဲ့ စကားလုံးက ပဲအမျိုးအနွယ်ဆိုတာ ဖော်ပြနေပါ တယ်။ တညင်းသီးဟာ ပဲကြီး (Lablab Bean)၊ ပဲစောင်းလျား (Winged Bean)၊ ပဲပုပ် (Soya Bean)၊ ပဲထောပတ် (Butter Bean)၊  ပဲတောင့်ရှည် (Long Bean) တို့လို ပဲအမည်မှာ Bean ဆိုတဲ့ စကားလုံးပါတဲ့ အစေ့အဆန်တစ်မျိုး ဖြစ်ပါတယ်။ တညင်းသီးမှာ အခြားပဲအမျိုးမျိုးလိုပဲ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ စတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

          တညင်းသီးမှာ ပါဝင်တဲ့ ကာဗိုဟိုက်ဒရိတ်အာဟာရ ပမာဏဟာ အခြားပဲတွေမှာပါသလောက်တော့ မများပါ ဘူး။ အခြားပဲတွေ ၁၀ဝ ဂရမ် (၆ ကျပ် တစ်မတ်သားခန့်) စီမှာ ကာဗိုဟိုက်ဒရိတ် ၆၀ ဂရမ်မှ ၇၀ ဂရမ်အထိပါပြီး တညင်းသီး ၁၀ဝ ဂရမ်မှာ ကာဘို ဟိုက်ဒရိတ် ၂၆ ဂရမ် လောက်သာ ပါပါတယ်။ တညင်းသီး ၁၀ဝ ဂရမ်မှာပါတဲ့ ပရိုတင်း ၁၄ ဂရမ်ကလည်း အခြားပဲတွေမှာပါတဲ့ ၂၀ ဂရမ်ထက် နည်းပေမယ့် ဆန်၊ ဂျုံ စတဲ့ ကောက်နှံတွေမှာပါတဲ့ ပရိုတင်းပမာဏထက် ပိုပြီးများပါတယ်။ တညင်းသီး ၁၀ဝ ဂရမ်မှာ အဆီ ၁.၄ ဂရမ်လောက်နှင့် အစာမျှင် ၁.၇ ဂရမ်လောက်လည်း ပါပါသေးတယ်။ ဒါကြောင့် တညင်းသီးကို မည်သည့်အာဟာရမျှမပါတဲ့ အစားအစာမျိုးလို့ ပြောလို့မရပါဘူး။

          တညင်းသီးရဲ့အနံ့ဟာ မကြိုက်သူတွေအတွက် တော်တော်ဆိုးပါတယ်။ ဘဲဥပုပ်၊ ကြက်ဥပုပ်နံ့နှင့် ခိုင်းနှိုင်းပြီး ပြောတတ်ကြပါတယ်။ တညင်းသီးစားထားသူက မိမိအနားမှာရှိနေလျှင် သူ အသက်ရှူထုတ်လိုက်တဲ့ လေထဲမှာ တညင်းသီးနံ့ပါလာတာကို ခံစားသိရှိနိုင်ပါတယ်။ တညင်းသီးဟာ ဆီးသွားတဲ့အခါမှာလည်း ဆိုးဝါးတဲ့အနံ့ကို ဖြစ်စေပါတယ်။ တညင်းသီးရဲ့အရသာကို ကြိုက်သူတွေပင် ကိုယ်စွန့်ထုတ်လိုက်တဲ့ ဆီးရဲ့အနံ့ကို မခံချင်ကြပါဘူး။ တညင်းသီးစားထားသူရဲ့ ဆီးနံ့ကို အများဆုံးခံရသူတွေက ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ တညင်းသီးစားထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ဆီးကို စစ်ရတဲ့အခါ ဝန်ထမ်းတွေဟာ စိတ်ညစ်ကြရပါတယ်။

          မီးဖွားခါနီးရက်တွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ တညင်းသီးစားထားလျှင် ဆိုးရွားတဲ့အနံ့ကြောင့် မွေးခန်းထဲမှာရှိနေသူအားလုံး အကြီးအကျယ် ဒုက္ခရောက်တာပါပဲ။ ဒါကြောင့် မီးယပ်သားဖွားဆရာဝန်များ၊ သူနာပြု များ၊ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများက ကိုယ်ဝန်ဆောင်အမျိုးသမီးများကို တညင်းသီး လုံးဝမစားဖို့ မှာကြားကြပါတယ်။ တညင်းသီးဟာ ကိုယ်ဝန်ဆောင် မိခင်ရဲ့ ကျောက်ကပ်ကို အကြီးအကျယ်ဒုက္ခပေးနိုင်ပါတယ်။ အသက်အန္တရာယ်ပင် ဖြစ်စေနိုင်ပါတယ်။ ဒါဟာလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို တညင်းသီးမစားဖို့ သတိပေးရခြင်းရဲ့ အရေးကြီးတဲ့အကြောင်းတစ်ခု ဖြစ်ပါတယ်။

တညင်းသီးနှင့် ကျောက်ကပ်

          တညင်းသီးမှာ ဂျင်ခေါလစ်အက်ဆစ် (Djenkolic Acid) ဆိုတဲ့ အက်ဆစ်ဓာတ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။ တညင်းသီး ၁၀ဝ ဂရမ်မှာ ဂျင်ခေါလစ်အက်ဆစ် ဝ.၃ ဂရမ်မှ ၁.၃ ဂရမ်အထိ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ဂျင်ခေါလစ်အက်ဆစ်ကို ဆီးထဲကနေ ပြန်ပြီးစွန့်ထုတ်ပါတယ်။ အချို့လူတွေမှာ တစ်ခါတစ်ရံ ဂျင်ခေါလစ်အက်ဆစ် ဟာ ဆီးထဲမှာ အနယ်အမှုန်တွေဖြစ်သွားပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့နိုင်ပါတယ်။ အဲဒီလိုဖြစ်လျှင် ဗိုက်နာခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ဆီးမှာ သွေးပါခြင်းစတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ အဲဒါကို တညင်းသီး အဆိပ်သင့်တယ် (Djenkolic Acid Poisoning) လို့ ပြောနိုင်ပါတယ်။ ဆေးပညာစကားနှင့်ဆိုလျှင် Djenkolism ဖြစ်ပါတယ်။ တညင်းသီးစားသူဦးရေနှင့် တညင်းသီးအဆိပ်သင့်သူ ဦးရေကို ယှဉ်ကြည့်မယ်ဆိုလျှင် အဆိပ်သင့်သူဦးရေက အလွန်နည်းပါတယ်။ တညင်းသီးအဆိပ်သင့်တာမျိုးကို အရှေ့တောင်အာရှဒေသမှာ၊ အထူးသဖြင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှာသာ သီးသီးသန့်သန့် တွေ့ရတယ်လို့ စာပေတွေထဲမှာ ဖတ်ရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာလည်း အဲဒါမျိုးတွေ ရှိပါတယ်။

          တညင်းသီးဆိပ်သင့်နေတဲ့ လူနာအများစုဟာ အထောက်အကူပြုကုသမှု (Supportive Care) နှင့်သာ သုံးရက်လောက်အတွင်းမှာ ပျောက်ကင်းသွားတတ်ပါတယ်။ ဆေးရုံနှင့်မနီးလို့ ဗိုက်နာတာကို အိမ်မှာတင်ပဲ ကြိတ်မှိတ်ခံရင်း သက်သာသွားတာလည်း ရှိပါတယ်။  ဆေးရုံရောက်လာတယ်ဆိုလျှင် သိပ်မပြင်းထန်လှတဲ့ အဆိပ်သင့်မှုကို အနာသက်သာစေတဲ့ ဆေးတွေပေးပြီး အရည်များများသောက်ခိုင်းခြင်း၊ ဒါမှမဟုတ် သွေးပြန် ကြောထဲကို အရည်များ သွင်းပေးခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။

          အတန်အသင့် ပြင်းထန်တယ်ဆိုလျှင် အနာသက်သာစေတဲ့ ဆေးများပေးခြင်းအပြင် ခန္ဓာကိုယ်မှာ ရေဖြည့်ပေးခြင်းကို ထိထိရောက်ရောက် (Aggressive Hydration) လုပ်ပေးရပါတယ်။ ဆီးကို အယ်လ်ကာလီ (Alkali) ဓာတ်ကဲလာအောင် လုပ်ပေးတဲ့ (Alkalinization of Urine) နည်း သုံးရပါတယ်။ ဆိုဒီယမ်ဘိုင်ကာဘိုနိတ် (Sodium Bicarbonate) လို အယ်လ်ကာလီသတ္တိရှိတဲ့ ဆေးတွေပေးခြင်းအားဖြင့် အနယ်အမှုန်တွေ ဖြစ်လာနိုင်တဲ့ ဂျင်ခေါလစ်အက်ဆစ်ကို ဆီးထဲမှာ ပျော်ဝင်သွားစေခြင်းအားဖြင့် ဆီးလမ်းကြောင်း မပိတ်ဆို့အောင် လုပ်ပေးပါတယ်။ အကြောထဲထိုးသွင်းဖို့ ဆိုဒီယမ် ဘိုင်ကာဘိုနိတ် (Sodium Bicarbonate) ထိုးဆေးရည်မရှိတဲ့အခါ ကာဘိုနိတ်ပါတဲ့ ဖျော်ရည် (အမြှုပ်ထတဲ့အချိုရည်) တွေ တိုက်ပေးကြပါတယ်။ ပထမတစ်ကြိမ် ဗိုက်နာတာကို တညင်းသီးကြောင့်ဖြစ်မှန်း မသိလိုက်ဘဲ နောက်တစ်ကြိမ် တညင်းသီးစားပြီး ဗိုက်ထဲမှာ မခံမရပ်နိုင်အောင် နာပြီး ဆီးထဲမှာ သွေးတွေပါလာကာ ဆီးသွားတာလည်း နည်းသွားပြီး နောက်ဆုံး လုံးဝ ဆီးမသွားနိုင်တော့မှ ဆေးရုံကို ရောက်သွားတာမျိုးလည်း ရှိပါတယ်။ အဲဒီတော့မှ အရင်တစ်ခါ အကြီးအကျယ်ဗိုက်နာခဲ့တာဟာ တညင်းသီးကြောင့်လို့ ပြန်ပြီး အမှတ်ရတာမျိုးလည်း ရှိပါတယ်။

တညင်းသီးကြောင့် အကြီးအကျယ် ကျောက်ကပ်ထိခိုက်ခြင်း

          တညင်းသီးကြောင့် ကျောက်ကပ်ထိခိုက်မှုဟာ အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ကျောက် ကပ်တုစက်နှင့် သွေးကိုစစ်ထုတ်ပြီး ကုသ (Haemodialysis) လုပ်ရတဲ့ အခြေအနေအထိ ဖြစ်သွားတာလည်း ရှိပါတယ်။ ဒါကြောင့် “တညင်းသီးကွာ… တစ်သက်လုံး စားလာတာ ဘာမှမဖြစ်ပါဘူး။ ဘယ်သူနဲ့ မတည့်တည့်၊ ငါနဲ့တည့်ပါတယ်”ဆိုပြီး ပေါ့ပေါ့လေး မတွေးလိုက်စေချင်ပါဘူး။

          မလေးရှားနိုင်ငံ Tuanku Ja’afar ဆေးရုံကြီးမှ Sudhaharan Sivathasan ဆိုသူ ကျောက်ကပ်ရောဂါ အတိုင်ပင်ခံဆရာဝန်ကြီးက လူနာနှစ်ယောက်အကြောင်းရဲ့  သူ့ရဲ့အတွေ့အကြုံကို ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့အတိုင်း ပြန်လည်တင်ပြပါမယ်။

ပထမလူနာ

          အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ နဂိုက မည်သည့်ရောဂါမျှမရှိဘဲ ကျန်းမာနေရာက တညင်း သီး အလုံး ၂၀ လောက် စားပြီးတဲ့နောက် နာရီအနည်းငယ်အကြာမှာ ဆီးသွားရခက်ခြင်း၊ သွားတဲ့ဆီးနည်းနည်း လေးမှာ သွေးပါနေခြင်းတို့ကြောင့် ဆေးရုံကိုရောက်လာခြင်း ဖြစ်ပါတယ်။ ဆေးရုံရောက်လျှင် ရောက်ချင်း စစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့ သွေးထဲမှာ ယူရီယာ (Urea) က 6.5 mmol/L,  ပိုတက်စီယမ်က  4.1 mmol/L, ခရီယာတီနင်း (Creatinine) က 274 umol/L ရှိပါတယ်။ နောက်တော့ ယူရီယာ (Urea) က 13.4 mmol/L အထိ၊ ပိုတက်စီယမ်က 5.0 mmol/L အထိ၊ ခရီယာတီနင်း (Creatinine) က 430 umol/L  အထိ တက်လာပါတယ်။ အဲဒါတွေက ကျောက်ကပ်လုပ်ငန်း ထိခိုက်နေပြီဆိုတာကို ပြနေပါတယ်။

          အာလ်ထရာဆောင်း (Ultra Sound)၊ စီတီ (CT) စတဲ့ စစ်ဆေးချက်တွေအရ သူ့မှာ ကျောက်ကပ် နှစ်ဖက်စလုံး ရေတွေနဲ့ ပြည့်ဖောင်းနေတဲ့အခြေအနေ (Hydronephrosis) ဖြစ်နေပါတယ်။ ကျောက်ကပ်ကနေ ဆီးအိမ်ကိုသွားတဲ့ ဆီးပြွန်နှစ်ချောင်းစလုံးကလည်း ရေတွေနဲ့ ပြည့်ဖောင်းနေတဲ့ အခြေအနေ (Hydroureter) ဖြစ်နေပါတယ်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမှာ ကျောက်တည်နေတာတော့ မတွေ့ရပါဘူး။ ဆီးလမ်း ကြောင်းတော့ ပိတ်နေတယ်။ ဒါပေမဲ့  အဲဒါဟာ ကျောက် တည်နေလို့ မဟုတ်ဘူးလို့ ပြောချင်တာပါ။ ကံကောင်းစွာနှင့် လူနာဟာ နောက် ၇ ရက်အကြာမှာ ဆေးရုံက ဆင်းသွားနိုင်ခဲ့ပါတယ်။

ဒုတိယလူနာ

          အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ တညင်းသီး ၁ ကီလိုဂရမ် (၆၀ ကျပ်သား) လောက်စားပြီး ၄၈ နာရီခန့်အကြာမှာ ဆီးမသွားနိုင်တော့တဲ့အတွက် ဆေးရုံကို ရောက်လာတာပါ။ စစ်ဆေးချက်တွေအရ သူ့ရဲ့သွေးထဲမှာ ယူရီယာတွေ၊ ခရီယာတီနင်းတွေ တက်နေပါတယ်။ ညာဘက်ကျောက်ကပ်မှာ Hydronephrosis ဖြစ်နေတာကို တွေ့ရပါတယ်။ ဆီးကျောက်ကိုတော့ မတွေ့ရပါဘူး။ သွေးပြန်ကြောကနေ အရည်အမျိုးမျိုး သွင်းပေးခြင်း စတဲ့ လုပ်ရိုးလုပ်စဉ် ကုသမှုတွေပေးနေတဲ့ကြားက လုံးဝ ဆီးမသွားတဲ့ အခြေအနေရောက်သွားတဲ့အတွက် Haemodialysis ဆိုတဲ့နည်းနဲ့ ကျောက်ကပ်စက်သုံးပြီး သွေးကို နှစ်ကြိမ်ဆေးပစ်ရပါတယ်။ အဲဒီနောက်မှာ ဆီးသွားတဲ့အခါ ဆီးထဲမှာ သာမန်မျက်စိနှင့်ပင် မြင်ရတဲ့အထိ သွေးတွေပါလာပြီး ဆီးတွေ ဒလဟောသွားတဲ့ အခြေ အနေ ဖြစ်သွားပါတယ်။ ဆီးထဲမှာ နည်းနည်းပါးပါး သွေးပါတာ ဆိုလျှင် ဆီးအရောင်က နို့လိုဖြူပြီး နောက်နေတတ်ပါတယ်။ သွေးပမာဏများလာမှ အနီရောင်ဖြစ်တတ်ပါတယ်။ ရုတ်တရက် ကျောက်ကပ်ထိခိုက်ခြင်း (Acute Renal Damage) အခြေအနေမှ လွတ်မြောက်သွားတဲ့ အဲဒီလူနာကို နောက် ၇ ရက်အကြာမှာ ဆေးရုံက ဆင်းပေးနိုင်ခဲ့ပါတယ်။

တတိယလူနာ

          အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းမှ အသက် ၃၂ နှစ် အရွယ် အမျိုးသားတစ်ဦးရဲ့ အကြောင်းက ဒီလိုပါ။ သူဟာ ဝမ်းဗိုက်ရဲ့ဘေး (ခါး) နှစ်ဖက်မှာ အပြင်းအထန် ယစ်ပြီးနာတဲ့ ဝေဒနာကို ၁၀ နာရီခန့်ကြာအောင် ခံစားရပြီး ဆေးရုံကို ရောက်လာပါတယ်။ မည်သည့်ရောဂါမျှ မရှိခဲ့ဖူးတဲ့ လူနာဟာ တညင်းသီး ၁၀ လုံးလောက် စားပြီး ၂ နာရီခန့်အကြာမှာ အဲဒီဝေဒနာကို စတင်ခံစားခဲ့ရခြင်း ဖြစ်ပါတယ်။

          နာတဲ့ဝေဒနာဟာ ဝမ်းဗိုက်ရဲ့ဘေး(ခါး)ကနေ ပေါင်ခြံအထိ ထိုးဆင်းသွားတယ်လို့ လူနာက ပြောပါတယ်။ လူနာဟာ အန်လည်းအန်ပါတယ်။ နောက်တော့ ဆီးသွားရတာ ခက်လာပါတယ်။ ဆီးနည်းသွားပြီး သွေးတွေပါလာပါတယ်။ ၁၂ နာရီအတွင်းမှာ ဆီး ၂  မီလီလီတာ (ဆရာဝန်တွေ အသားဆေးထိုးလျှင် သုံးတဲ့ ဆေးထိုးပိုက် အသေးဆုံးလေးတစ်ခုစာ) လောက်ပဲ သွားနိုင်ပါတော့တယ်။ သူဟာ ဆယ်ကျောက်သက်အရွယ်တုန်းကလည်း အလားတူဝေဒနာမျိုး တစ်ကြိမ် ခံစားခဲ့ရဖူးပါတယ်။ အဲဒီတုန်းက ဆေးရုံလည်းမပြဘဲ သေချာလည်း ကုသမှုမခံယူခဲ့ဘဲ ရက်သတ္တ ၂ ပတ်လောက်မှာ ပျောက်ကင်းခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ နှစ်ကြိမ်ကြားမှာ သူဟာ တညင်းသီးကို စားမြဲစားနေခဲ့ပါတယ်။ မည်သည့်ဝေဒနာမျှ မခံစားခဲ့ရပါဘူး။ အခုလို ဒုတိယအကြိမ် ဗိုက်မနာမီကရော ဗိုက်နာပြီး ဆေးရုံရောက်တဲ့အထိပါ အခြားရောဂါ တစ်ခုခုအတွက် ဆေးသောက်ခဲ့ရတာ မရှိခဲ့ပါဘူး။

          ဆေးရုံရောက်တဲ့အချိန်မှာ လူနာဟာ ကောင်းကောင်းသတိရနေပြီး ကိုယ်အပူချိန်၊ သွေးခုန်နှုန်း၊ အသက် ရှူနှုန်း၊ သွေးပေါင်ချိန် စသည်တို့အားလုံးဟာ ပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။  တစ်ကြိမ်မှာ ၁၀ မိနစ်ခန့် လိမ့်နေအောင်ခံရတဲ့ ဗိုက်နာခြင်းဝေဒနာဟာ ၁၀ မိနစ်မှာ တစ်ကြိမ်လောက် ပြန်ဖြစ်နေပါတယ်။ သတိလစ်သွားမလားလို့တောင် ထင်ရပါတယ်။ ဗိုက်နာနေတဲ့အချိန်မှာ အန်လည်း အန်ပါတယ်။

          လူနာရဲ့ အသက်ရှူထုတ်လိုက်တဲ့ လေထဲမှာ တညင်းသီးနံ့ကို ရနေပါတယ်။ အူတွေ လှုပ်ရှားနေတဲ့ အသံက ပုံမှန်ထက် ပြင်းထန်နေတာကို ဝမ်းဗိုက်ပေါ်တင်ထားတဲ့ နားကြပ်ထဲမှာ ကြားနေရပါတယ်။ ဆီးခုံမှာ လက်နှင့် ဖိကြည့်တော့ နာပါတယ်။ ကျောရိုးနှင့် အောက်ဆုံးနံရိုး ဆုံတဲ့နေရာ ထောင့်နားကို ဖိလိုက်၊ ထုလိုက်လျှင် နာတာကိုလည်း စမ်းသပ်တွေ့ရှိရပါတယ်။ သွေးပြန်ကြောထဲကို အရည်တွေ သွင်းပေးထားရသလို လိင်တံမှတစ်ဆင့် ဆီးအိတ်ထဲ ဆီးပိုက်သွင်းပြီး တပ်ပေးထားရပါတယ်။ အနာသက်သာဆေးတွေ တိုက်ထားပြီး ဃမေဘသညအေန ပါတဲ့ အမြှုပ်ထတဲ့ အရည်တွေကို ပါးစပ်က ဝင်သလောက် သောက်ခိုင်းထားပါတယ်။

          စစ်ဆေးမှုတွေ ပြုလုပ်ကြည့်တော့ ကျောက်ကပ် နှစ်ခုစလုံးမှာ ရေတွေနဲ့ ဖောင်းနေတဲ့ အခြေအနေ (Hydronephrosis) ကို တွေ့ရပါတယ်။ ဆီးလမ်းကြောင်းပိတ်နေတဲ့ လက္ခဏာဖြစ်ပေမယ့် ဆီးလမ်းကြောင်း တစ်လျှောက်မှာ ကျောက်တည်နေတာတော့ မတွေ့ရပါဘူး။

          ယခု နမူနာပြောပြခဲ့တဲ့ လူနာသုံးယောက်စလုံးဟာ အမျိုးသားတွေချည်း ဖြစ်နေတာကို သတိထားမိပါ လိမ့်မယ်။ တကယ်လက်တွေ့မှာလည်း အမျိုးသားလူနာ ခုနစ်ယောက်တွေ့မှ အမျိုးသမီးလူနာတစ်ယောက် လောက်သာ တွေ့ရပါသတဲ့။

          တညင်းသီးကို ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း စသည်ဖြင့် စားပုံစားနည်းအမျိုးမျိုးရှိရာမှာ ဘယ်လိုစားပုံ စားနည်းက အဆိပ်သင့်တာ ပိုဖြစ်တယ်လို့လည်း မတွေ့ရပါဘူး။ လူတွေ အစုလိုက်အပြုံလိုက် ဖြစ်တယ်လို့လည်း မရှိပါဘူး။ အိမ်သားအားလုံးစားပေမယ့် တစ်ယောက်ချင်းသာ ဖြစ်တတ်ပါတယ်။ မိုးတွင်းကာလမှာ ပိုပြီး ဖြစ်တတ်တာကိုတော့ တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေဟာ တညင်းသီးစားပြီး ၂ နာရီမှ ၁၂ နာရီအတွင်းမှာ စတင်တတ်ပါတယ်။

တညင်းသီးကြိုက်သူများ

          တညင်းသီးပြုတ် စေးစေးလေးနှင့် တညင်းသီးမီးဖုတ် မွှေးမွှေးလေး (စိတ်အထင်) ကို ငါးပိရည်နဲ့ တို့မြှုပ်စား လိုက်ရလျှင် ထမင်းမြိန်သူတွေထဲမှာ စာရေးသူလည်း ပါပါတယ်။ မိမိအနေနဲ့ တညင်းသီးကို တို့စရာအဖြစ် ထမင်းတစ်နပ်မှာ တစ်လုံးလောက်သာ စားဖြစ်တာ များပါတယ်။ နှစ်လုံးစားတယ်ဆိုတာ မရှိသလောက်ပါပဲ။ တညင်းဝက်ကိုတော့ အရသာလည်း မကြိုက်ဘူး။ အနံ့လည်း မခံနိုင်ပါဘူး။ တညင်းသီးဆားရည်စိမ်ကို နုနုကြွပ်ကြွပ်ကလေးဆိုလျှင် စားပါတယ်။

          တညင်းသီးပေါတဲ့ ဒေသတွေရဲ့ ဈေးတွေထဲမှာ ရောင်းနေတဲ့ ဒညင်းသီးတွေ၊ လက်ကား ကုန်သည်တွေရဲ့ ဂိုဒေါင်တွေမှာ တွေ့ရတဲ့ တညင်းသီးတွေရဲ့ ပမာဏကိုကြည့်လျှင် မြန်မာနိုင်ငံမှာ တညင်းသီးအရောင်းအဝယ် စီးပွားရေးလုပ်ငန်းပမာဏ ဘယ်လောက်ကြီးမားတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ တညင်းသီးကို ဆက်ပြီး ရောင်းဝယ်ဖောက်ကား စားသုံးနေကြဦးမှာ ဖြစ်ပါတယ်။ မည်သူမျှ မစားကြနဲ့လို့ ပိတ်ပင်တားမြစ်လို့ ရမှာမဟုတ် ပါဘူး။ တညင်းသီးကို ပြုတ်တဲ့အခါ ဆိုဒါ (ဆိုဒီယမ်ဘိုင် ကာဘိုနိတ်) ထည့်ပြီး ပြုတ်လျှင် ဂျင်ခေါလစ်အက်ဆစ်ရဲ့ အဆိပ်အတောက် အာနိသင် လျော့ပါးပြေပျောက်သွားနိုင်တယ်လို့ ပညာပေးပေမယ့် လူတွေက မလိုက်နာကြပါဘူးတဲ့။ ဒီတော့ တန်လျှင်ဆေး၊ လွန်လျှင်ဘေးဆိုတဲ့ စကားအတိုင်း အလွန်အကျွံမစားသုံးကြဖို့ တညင်းသီး အဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကို သိထားပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့၊ ကိုယ်ဝန်ရှိစဉ်မှာ တညင်းသီးကို လုံးဝမစားသုံးကြဖို့ အသိပေးပြောကြားလိုက်ပါတယ်။

Facebook Comments