ဇာတိရပ်မြေအလွမ်းပြေဟင်း

 Adipadi_4

Adipadi_3

Adipadi_2

          ‘မိုးတွေရွာနေပြီ ညီမလေးရေ၊ ပြတင်းပေါက်တွေ ပိတ်လိုက်ပါ။ ဒီမိုး၊ ဒီလေနဲ့ဆို ခြံနောက်က လက်ကျန် ပိတောက်ဖူးတွေလည်း ပွင့်မယ်ထင်တယ်နော်မမ’

          ‘ပိတောက်တွေလည်း ပွင့်မယ်၊ ပွင့်တာကြာနေပြီ ဖြစ်တဲ့ ငုဝါတွေလည်း ကြွေမယ်။ စိန်ပန်းနီနီတွေလည်း သီချင်းထဲကလို မြေမှာ ကျဲပြန့်ကုန်တော့မယ်’

          ‘မိုးရွာစမို့လား မသိဘူး၊ အုံ့အုံ့မှိုင်းမှိုင်းနဲ့ လွမ်းစရာကောင်းတယ်’

          ‘လုပ်ပါအုန်း၊ ဘယ်ဟာကို အရင်စလွမ်းမလဲ’

          ‘ငယ်ငယ်ကရွာမှာနေခဲ့တဲ့ အဘွားတို့အိမ်ကို စ,လွမ်းမယ်။ မန်ကျည်းပင်အကြီးကြီးနဲ့ သရက်၊ မရမ်း၊ မာလ ကာ၊ သြဇာ၊ သီးပင်စားပင်အများကြီးရှိတဲ့ခြံအကျယ်ကြီးကို ပေါ့။ မိုးရိုက်လို့ ချိုနေတဲ့ မရမ်းသီးတွေ၊ သဘာဝအတိုင်း အပင်ပေါ်ကမှည့်ပြီး ကြွေကျတဲ့ သရက်သီးမျိုးစုံ၊ အပင်မှာပဲ ဖြူဖွေးနေတဲ့ အူနီမာလကာသီးတွေ၊ ဘယ်သူမှမစိုက်ဘဲနဲ့ အပင်တွေမှာ ကပ်ပေါက်နေတဲ့ သစ်ခွအရိုင်းတွေ၊ ညဦးက တည်းက မွေးနေတဲ့ စပယ်ရုံက ဖြူဖြူဖွေးဖွေး စပယ်ပန်းတွေ၊ သနပ်ခါးနံ့သင်းတဲ့ သနပ်ခါးပန်းဝါဝါလေးတွေ…’

          ‘အားလုံး မှတ်မိနေပါလား၊ ရွာကထွက်လာတာပဲ ကြာလှပြီ’

          ‘ဒါ ရွာက အဘွားပဲရှိသေးတာ၊ မြို့အဘွားအိမ်ပါ။ ဆက်လွမ်းပြရအုန်းမလား’

          ‘လွမ်းလက်စနဲ့ ဆက်လွမ်းအုန်းမယ်ပေါ့’

          ‘မြို့က အဘွားအိမ်က ခြံနဲ့ အိမ်အပြည့်ဆိုတော့ အပင်တွေမရှိဘူး။ အခုလို မိုးစပြီ ဆို အိမ်ရှေ့ရေမြောင်းက ရေတွေ တဝေါဝေါစီးနေတာကို ကိုယ့်ဆီဘယ်တော့မှ ပြန်မလာတဲ့ ပန်းစက္ကူလှတွေ မျှောလွတ်ခဲ့တာရော၊ ဘေးခြံက မာလကာသီးတွေ သခင်အသိမပေးဘဲ တက်ခူးခဲ့တာတွေပါ သတိရလှပါရဲ့’

          ‘မြို့က အဘွားအိမ်မှာ လူတွေအများကြီးလားလို့’

          ‘ဟုတ်တယ်ဦးလေး၊ ဒေါ် ကြီးတို့ မိသားစုတွေပါ အတူနေကြတာကို မမရဲ့ ဦးလေးမိန်းမက ဟင်းချက် ကောင်းတယ် သိလား’

          ‘လွမ်းတဲ့ထဲမှာ ဒေါ်လေးရဲ့ ထမင်းတွေ ဟင်းတွေလည်း ပါမယ်ထင်တယ်’

          ‘အသေအချာပါတာပေါ့။ လူတိုင်းအိမ်တိုင်း ချက်နေကျ ကြက်ရိုးနဲ့ အသည်းမြစ်ကို ဘူးသီးနဲ့ချက်၊ ဖလှံတောင် ဝှေးကြော်၊ ပုစွန်ချဉ်သုပ်နဲ့ ငါး ငါးပိချက်လေးကို အခုထိ သတိရတုန်း’

          ‘ဒါဆို ဒီဟင်းတွေကို ချက်စားကြရအောင်၊ ဇာတိရပ်မြေ အလွမ်းပြေဟင်းပေါ့’

          ကြက်ခြေထောက်၊ ခေါင်း၊ တောင်ပံအစုံငါးဆယ်သား။ ဗမာကြက်ရဲ့ အသည်းမြစ် သုံးမြုံ၊ အသားကြိုက်တယ်ဆိုရင်လည်း ရင်အုပ် (သို့) ပေါင်ပိုင်းတစ်စိတ်ထည့် ချက်လို့ရပါတယ်။ အရိုးတွေကို C .P ကြက်ရိုးဝယ်ပြီး အသားကတော့ ဗမာကြက်ထည့်ချက်ပါ။

          ပထမဆုံး ကြက်ရိုးတွေကို သန့်စင်ပါ။ ခြေထောက်က အဝါရောင်အရေခွံတွေ ခွာပြီး ဓားနှောင့်နဲ့ အရိုးပျော့သွားအောင် ထုပြီး နှစ်ခြမ်းခွဲလိုက်ပါ။ ကြက်ခေါင်းက နှုတ်သီးအောက်ပိုင်းကို ခွာထုတ်ပြီး ခေါင်းခွံပဲထားပါ။ ကျန်အရိုးအသားတွေကို အနေတော်တုံးပါ။ အမြစ်ထဲက အညစ်အကြေးတွေ ခွာထုတ်ပြီး လေးပိုင်းပိုင်းပါ။ အသည်းနဲ့အမြစ် သပ်သပ်စီခွာထုတ်ပါ။

          ချက်မဲ့အိုးထဲ ကြက်ရိုး၊ အသား၊ အသည်းမြစ်တွေထည့်ပြီး ငံပြာရည်ချို နှစ်ကျပ်သား၊ ဆား၊ အရသာ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ၊ နနွင်းအနည်းငယ်နဲ့ အရင်ရော နယ်ထားပါ။ အဆာအတွက် ကြက်သွန်နီကြီးကြီးနှစ်ဥ၊ စပါးလင်အရင်းပိုင်း နှစ်ပိုင်း ပါးပါးလှီး ညက်အောင်ထောင်း၊ ခရမ်းချဉ်သီးနှစ်လုံး နုပ်နုပ်စဉ်း၊ ငရုတ်သီးပွ ငါးတောင့်ရေ စိမ်ညက်အောင်ထားတာ ရောထည့်ပြီး ဇွန်းနဲ့ မွှေပေးပါ။ ဆီ နှစ်ကျပ်ခွဲသားထပ်ထည့်ပြီး မီးဖိုပေါ်တည်ပါ။ ကြက်အသည်းတွေ ဖယ်ထားပါ။ အသားနဲ့ အဆာထဲပါတဲ့ အရည်ခန်းပြီး ဆီသံပြစ်ပြစ် မြည်လာရင် ရေအသားတုံးမြုပ်အောင်ထည့်ပါ။ ငါးမိနစ် ပွက်ဆူလာရင် အနေတော်စိတ်ထားတဲ့ ဘူးသီး တစ်စိတ်စာနဲ့အတူ ကြက်အသည်းကို ထည့်ပါ။ ဘူးသီးနူး ရင် အရသာ အနေတော်ဖြစ်အောင် မြည်းကြည့်ရပါမယ်။ အိုးချခါနီးရင် စပါးလင်အဖျားပိုင်းတွေ ထုပြီး စည်းထားတာ ထပ်ထည့်ပါ။ ငရုတ်သီးစိမ်းငါးတောင့်ပါ ဓားပြားရိုက်ထည့်ပါ။ ဒါဆိုရင်တော့ မိုးအေးအေးမှာ ပူပူလေးစားဖို့ အကောင်း ဆုံး ကြက်ရိုးအသည်းမြစ်ဘူးသီးဟင်းရပါပြီ။

          ဟင်းရံအတွက် ဖလှံတောင်ဝှေး နှစ်စည်း၊ နုတဲ့အပိုင်းတွေယူပြီး ဓားပြားရိုက်ပြီး ရေစိမ်ထားပါ။ ကြော်ခါနီးရင် ရေစစ်ကြော်ရပါမယ်။

          ကြက်သွန်ဖြူငါးတက် ဆီနှစ်ကျပ်ခွဲသားထည့်ပြီး ကြော်ပါ။ အနံ့မွှေးပြီး ကြည့်လာရင် ဖလှံတောင်ဝှေး ထည့်ပါ။ မီးအရှိန်လျှော့ပြီး ဆီနဲ့လိပ်သွားအောင် ကြော်ပါ။ ဆားအရသာ မပါမဖြစ် အနည်းငယ်ထည့်ပြီးရင် အိုးချလို့ရပါပြီ။ ကြိုက်တတ်ရင် ပုစွန်ခြောက်ထောင်း လက်တစ်ဆုပ်စာ ထပ်ဖြည့် လို့ရပါသေးတယ်။ ဖလှံတောင်ဝှေးကြော်က အော်ဂဲနစ်ဟင်းပါ။ ဘယ်သူမှ သူ့ကို မြေသြဇာ၊ ရွက်ဖျန်းဆေး ဘာမှထည့်မထားပါဘူး။ စိတ်ချလက်ချထားလို့ရပါတယ်။

          ပုစွန်ချဉ်သုပ်အတွက်၊ ပုစွန်ချဉ် တစ်ဆယ်သားပါတဲ့ ထမင်းမာဆတ်ဆတ်တွေ ရွေးထုတ်ပါ။ ဖက်နှစ်ထပ်လောက်နဲ့ လုံအောင်ထုတ်ပြီး ရေနွေးငွေ့နဲ့ အပူပေးပါ။ ပြန်အအေးခံပြီး စားခါနီးရင် ကြက်သွန်နီတစ်ဥ၊ ကြက်သွန်ဖြူတစ်ဥ၊ ငရုတ်သီးစိမ်းသုံးတောင့် အားလုံးပါးပါးလှီးပြီး ပဲတီစိမ်း ငါးကျပ်သားနဲ့ ရောနယ်ပါ။ နံနံပင်၊ ကြက်သွန်မြိတ်၊ ဂျူးမြစ်ကြိုက်ရာ ထပ်ထည့်ပါ။ ဆားမထည့်ရပါ။ အချိုအတွက် အရသာ (သို့) သကြားနည်းနည်းထပ်ထည့်လို့ ရပါတယ်။

          ငါးပိချက်အတွက် ငါးဂျဲငါးကျပ်သားတစ်ကောင် အနေတော်တုံးတစ်ပြီး ကြက်သွန်ဖြူသုံးတက်၊ ခရမ်းချဉ်သီး တစ်လုံး ငရုတ်သီးမှည့် ငါးတောင့်ထောင်းပြီး ဆီမပါဘဲ လုံးချက်ချက်ပါ။ ငါးကျက်လောက်ရင် ရေချိုငါးပိကြိုပြီးသား တစ်ခွက်စာ လောင်းထည့်ပြီး ဆူပွက်အောင် တည်ပါ။ အရသာကောင်းအောင် မြည်းကြည့်ပါ။ နှစ်သက်ရာ အသီးအရွက်နဲ့ တို့စားလို့ ရပါပြီ။

          ဘယ်အရပ်၊ ဘယ်ဒေသရောက်ရောက် ကိုယ့်ရဲ့ မွေးဖွားရာဌာနကို တစ်ခါတစ်ခေါက် လူမရောက်ပေမဲ့ စိတ်တွေ အမြဲရောက်နေကြမှာ အမှန်ပါပဲ။

ဒေါ်နန်းစန်းစန်းအေး

အဓိပတိ (ဖြူး)

ပုစွန်ချဉ်သုပ်

♦   ပုစွန်ချဉ်   –   ၁ဝ သား

♦   ကြက်သွန်နီ   –   ၁ ဥ

♦   ကြက်သွန်ဖြူ   –   ၁ ဥ

♦   ငရုတ်သီးစိမ်း   –   ၃ တောင့်

♦   ပဲတီစိမ်း   –   ၈ ကျပ်သား

♦   သကြား   –   အနည်းငယ်

♦   နံနံပင်

ကြက်သည်းမြစ် ကြက်ရိုးဘူးသီးချက်

♦   ကြက်ရိုးအစုံ   –   ၅ဝ သား

♦   အသည်းမြစ်   –   ၃ မြုံ

♦   ငံပြာရည်ချို   –   ၂ဝ သား

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   နနွင်း   –   အနည်းငယ်

♦   ကြက်သွန်နီကြီး   –   ၂ ဥ

♦   စပါးလင်   –   အရင်းပိုင်း ၂ ပိုင်း

♦   ခရမ်းချဉ်သီး –   ၂ လုံး

♦   ငရုတ်သီးပွ   –   ၅ တောင့်

♦   ဆီ   –   ၅ ကျပ်သား

ဖလှံတောင်ဝှေးကြော်

♦   ဖလှံတောင်ဝှေး   –   ၂ စည်း

♦   ကြက်သွန်ဖြူ   –   ၅ တင်

♦   ဆီ   –   နှစ်ကျပ်ခွဲသား

Facebook Comments