ဆူးပုပ်ရွက်အကြွပ်ကြော်

by Myint Oo Tha for Food Magazine

          မနက်စာအတွက် ထမင်းဆီဆမ်းနဲ့စားဖို့ အဖေနဲ့အမေက အမြဲကြော်ကျွေးတဲ့ အကြော်ပါ။ အိမ်မှာဆိုလျှင် အမေက ကြော်ကျွေးတယ်။ ခြံထဲမှာဆိုလျှင်တော့ အဖေကိုယ်တိုင် ကြော်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ခြံရဲ့ နောက်ဘက်ကုန်းကြီးပေါ်မှာ ဆူးပုပ်ပင်တို့၊ ကင်ပွန်းချဉ်ပင်တွေနဲ့ တောကြီးဖြစ်နေတယ်။ အဲဒီကုန်းပေါ်မှာ ခူးပြီး ကြော်ရုံပါပဲ။ ဒီအကြော်က လုပ်ရတာလွယ်ကူပြီး အပြင်ဘက်မှာ အကြော်ကြွပ်ရွနေပြီး အထဲမှာ ထွေးထွေးလေးမို့ အရမ်းစားကောင်းပါတယ်။ အချဉ်ရည်ကတော့ မန်ကျည်းချဉ်ရည်ပါ။ ခရမ်းချဉ်သီးထောင်းနဲ့လည်း လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆူးပုပ်ရွက်  –  ၄ စည်း (၁၇၀ ဂရမ်)

ဆန်မှုန့်  –  စားပွဲဇွန်း ၅ ဇွန်း

ကြက်သွန်ဖြူ  –  ၃ မြွှာ (ထောင်းထားပါ)

ရေ  –  စားပွဲဇွန်း ၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြော်ရန်ဆီ

မန်ကျည်းချဉ်ဖျော်ရန် လိုအပ်တာတွေကတော့-

မန်ကျည်းရည်ပျစ်ပျစ်  –  စားပွဲဇွန်း ၈ ဇွန်း

ငရုတ်သီးဆော့စ်  –  စားပွဲဇွန်း ၁ ဇွန်း

ခရမ်းချဉ်သီးဆော့စ်  –  စားပွဲဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

နံနံပင်  –  ၂ ပင် (ပါးပါးလှီးထားပါ)

ကြက်သွန်မြိတ်  –  ၁ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အချဉ်ရည်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရောစပ်ထားပါ။

၂။       ဆူးပုပ်ရွက်ကို သေချြာွေခပြီး ဇလုံကြီးထဲ ထည့်ပါ။ ကြက်သွန်ဖြူထောင်းပြီး ထည့်ပါ။

၃။       ပြီးလျှင် ဆန်မှုန့်ထည့်ပါ။ ပြီးလျှင် ရေနည်းနည်းချင်းထည့်ပြီး နယ်ပါ။

၎။       နယ်နေရင်းနဲ့ ပုံစံဖော်လို့ရတဲ့ အနေအထားရောက်ပြီဆိုလျှင် ကြိုက်နှစ်သက်တဲ့ အရွယ်ကို လက်ဖြင့်ယူ၍ အဝိုင်းပုံစံဖြစ်အောင် ဖော်ပြီး ဆီပူမှာထည့်ကာ ကြော်ပါ။

၅။       အောက်ဘက်ကျက်သွားလျှင် နောက်တစ်ဖက်လှန်ပြီး ဆက်ကြော်ပါ။ အပြင်မှာ ကြွပ်ကြွပ်လေး ဖြစ်နေရပါမယ်။

၆။       တစ်ခါကြော်လျှင် ၃-၄ ခုလောက်ကြော်ပြီး နယ်ထားတဲ့ ဆူးပုပ်ရွက်အားလုံးကို ဆက်ပြီး ကြော်ပါ။

၇။       ဆူးပုပ်ရွက်အကြော် ကြွပ်ကြွပ်လေးကို မန်ကျည်းချဉ်နဲ့ တွဲပြီးသုံးဆောင်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments