ဆိတ်သား ကြက်ဟင်းခါးသီးချက် နှင့် ကြက်ဟင်းခါးသီး ကြက်ဥကြော်

ဆိတ်သား ကြက်ဟင်းခါးသီးချက် နှင့် ကြက်ဟင်းခါးသီး ကြက်ဥကြော်

(Stir-Fried Mutton with Bitter Guard & Stir-Fried Bitter Gourd with Egg)

          ဒီလအတွက် ပရိသတ်ကြီးကို နောက်ထပ်ရွေးချယ်ပေးလိုက်တဲ့ ဟင်းလျာအတွဲ ခါးခါးလေးကတော့ “ဆိတ်သားကြက်ဟင်းခါးသီးချက်နှင့် ကြက်ဟင်းခါးသီး ကြက်ဥကြော်” လေးပါပဲ။ တရုတ်အစားအစာပြင်ဆင်နည်းကို  အခြေခံထားပြီး ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါးသီးကို ဆိတ်သားနှင့် ထူးထူးခြားခြား ပြင်ဆင်ထားတဲ့အပြင် ထိုင်ဝမ် ကြက်ဟင်းခါးသီး နုနုလေးကို ကြက်ဥလေးနဲ့ စိမ်းစိမ်းလေးကြော်ထားပါတယ်။ ထူးခြားတဲ့ ဟင်းလျာချက်နည်းလေး နှစ်မျိုးဖြစ်လို့ တစ်ပြိုင်တည်းဖော်ပြပေးလိုက်တာ နည်းနည်းတော့ ခါးမှာပေါ့ဗျာ။ တကယ်တော့ ကြက်ဟင်းခါးသီးဆိုတာ စားရင်အနည်းငယ် ခါးပေမယ့် တစ်ခဏအတွင်းမှာ ခံတွင်းရှင်းစေတဲ့ အာနိသင်ရှိတယ်ဗျ။ ကဲ… ဒီတစ်ခါတော့ ကျွန်တော့်ရဲ့ ဟင်းလျာအတွဲ ခါးခါးလေးချက်ကြည့်ကြရအောင်…

ဆိတ်သားကြက်ဟင်းခါးသီးချက်

   ပါဝင်ပစ္စည်းများ

♦   ဆိတ်မိုးခိုသား   –   ၂၅ ကျပ်သား

♦   သံပရာသီး   –   ၁ လုံး

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ချင်း   –   အနည်းငယ်

♦   ပဲငံပြာရည် (အငန်)   –   ၁ လုံး

♦   ကြက်ဟင်းခါးသီး    –   ၁ လုံး

♦  ဆန်အရက်   –   အနည်းငယ်

♦   ကြက်သွန်ဖြူ   –   ၅ မြွှာ

♦   ကြက်သွန်နီ   –   ၁ လုံး

♦  တရုတ်နံနံ    –   အနည်းငယ်

♦   ကြက်သွန်မြိတ်   –   အနည်းငယ်

♦   ပဲဆီသန့်   –   ၂ ဇွန်း

♦   ခရုဆီ   –   ၂ ဇွန်း

♦   နှမ်းဆီမွှေး   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဆိတ်မိုးခိုသားကို အရွတ်ဖယ်ထုတ်ပြီး ပါးပါးလှီး၍ သံပရာရည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်အငန်တို့ဖြင့် အရသာသွင်းထားပါ။

၂။      ကြက်ဟင်းခါးသီးကို ပါးပါးလှီးပြီး ဆားနှင့် နယ်ထားပါ။ ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီ၊ တရုတ်နံနံနှင့် ကြက်သွန်မြိတ်တို့ကိုလည်း လှီးထားပါ။

၃။      ဆားနှင့် နယ်ထားသော ကြက်ဟင်းခါးသီးကို ရေဖြင့်ဆေးပြီး ရေစစ်ထားပါ။

၎။      ဒယ်အိုးထဲ ပဲဆီသန့်ထည့်ကာ အနည်းငယ်အပူပေးပြီး ကြက်သွန်ဖြူ၊ ချင်း၊ ကြက်သွန်နီတို့နှင့် ဆီသတ်၍ အရသာသွင်းထားသော ဆိတ်မိုးခိုသားကို ထည့်ချက်ပါ။

၅။      ဆိတ်သား နူးစေရန် ဆန်အရက် အနည်းငယ်ထည့်ချက်ပြီး ဆေးထားသော ကြက်ဟင်းခါးသီးထည့်ချက်၍ တရုတ်နံနံနှင့် နှမ်းဆီမွှေးအုပ်ပြီး ကြက်သွန်မြိတ် အနည်းငယ်နှင့် တည်ခင်းပါ။

ကြက်ဟင်းခါးသီး ကြက်ဥကြော်

   ပါဝင်ပစ္စည်းများ

♦   ထိုင်ဝမ်ကြက်ဟင်းခါးသီး   –   ၁ လုံး

♦   ကြက်ဥ   –   ၂ လုံး

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ကြက်သွန်ဖြူ   –   ၃ မြွှာ

♦   ပဲဆီသန့်    –   ၂ ဇွန်း

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ထိုင်ဝမ်ကြက်ဟင်းခါးသီးကို အစေ့ထုတ်ပြီး ပါးပါးလှီး၍ ဆားအနည်းငယ်နှင့် နယ်ထားပါ။

၂။      ကြက်ဥကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် ခေါက်ထားပါ။

၃။      ဒယ်အိုးမှာ ပဲဆီသန့်နှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူကို ဆီသတ်၍ ဆေးထားသော ထိုင်ဝမ် ကြက်ဟင်းခါးသီးကို ထည့်ကြော်ပါ။

၎။      ထိုင်ဝမ်ကြက်ဟင်းခါးသီး အနည်းငယ်ကျက်လျှင် အသင့်ခေါက်ထားသော ကြက်ဥထည့်ကြော်ပြီး တည်ခင်းပါ။

www.facebook.com/Sunny Angelo

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments