ဆိတ်ဝမ်းပျဉ်းမုန့်

ဆိတ်ဝမ်းပျဉ်းမုန့်

          ဆိတ်ဝမ်းပျဉ်းမုန့်ကို ရွှေညာသူ  Khayan May တင်ထားတာတွေ့လို့ လုပ်ပြီး စားကြည့်ချင်လာမိတယ်။ လုပ်ရ တာ အလွန်လွယ်ကူပြီး စားလို့လည်းကောင်းတယ်။ အခုလုပ် အခုစားလို့ရတယ်။ အုန်းဆီချက်တာလေးတစ်ခုပဲ နည်းနည်းအချိန်ပေးရတယ်။ မူရင်းမုန့်လုပ်နည်းမှာ ကော်မှုန့်မပါပေမယ့် မမီးက ဂျုံသက်သက်ထက် သာကူမှုန့်၊ ပီလောပီနံအမှုန့်၊ ကော်မှုန့်ထည့်သုံးရင် မုန့်သားက ပျဉ်းတွဲမယ်လို့ စဉ်းစားမိပြီး ထည့်သုံးထားပါတယ်။ မကပ်တဲ့ ဒယ်ပြားကိုသုံးရင် အလွန်အဆင်ပြေပြီး မရှိရင်တော့ ဆီဝနေတဲ့ ဒယ်ပြားကိုသုံးပါ။ မီးအပူနဲ့ မုန့်ရည်အပျစ်အကျဲက အရေးကြီးပါတယ်။ အိုးအပူအသင့်အတင့်မှာမှ မုန့်ရည်ကိုဖြန့်ရတာ လွယ်ကူပါတယ်။ မဟုတ်ရင် ထည့်လိုက်တာနဲ့ ချက်ချင်းကျက်သွားလို့ မုန့်ရည်မပြန့်ဘဲ ဖြစ်လိမ့်မယ်။

   ပါဝင်ပစ္စည်းများ

♦   ဂျုံမှုန့်    –   ၈၀ ဂရမ် (၅ ကျပ်သားခန့်)

♦   ကော်မှုန့်   –   ၃၀ ဂရမ်

♦   ဆား   –   အနည်းငယ်

♦   ရေ    –   ၁၈၀/၂၀ဝ မီလီလီတာ

♦   အုန်းနို့   –   ၂၀ဝ မီလီလီတာ

    (အုန်းနို့ဘူးကို သုံးထားပါတယ်)

♦   အုန်းသီးခြစ်   –   ၁/၃ ခွက်

♦   ဆီ   –   အနည်းငယ်

♦   သကြား   –   အနည်းငယ်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      အုန်းနို့ကို ဆီပြန်ပြီး အနှစ်ရတဲ့အထိ ချက်ထားပါ။ မမီးက အုန်းနို့ဘူးကို သုံးထားပါတယ်။ အုန်းသီးကို ခြစ်ပြီးသုံးမယ်ဆိုရင် ဦးရည်ကိုသာ အဆီချက်ပါ။ အုန်းသီး ခြစ်ကို ဆားအနည်းငယ်ထည့်နယ်ပြီး ခဏနှပ် ထားပြီးမှ ညှစ်ပါ။ ရေနွေးနဲ့ရောပြီးမှ  ညှစ်မယ်ဆိုရင် ရေခန်းအောင် အကြာကြီး ကျိုရပါလိမ့်မယ်။

၂။      ဂျုံမှုန့်၊ ကော်မှုန့်၊ ဆား၊ ရေတို့ကို သေချာသမသွားအောင် ရောမွှေပါ။

၃။      မီးအသင့်အတင့်မှာ ဒယ်အိုးပြားကို တည်ပါ။ ဆီ ၃-၄ စက်ထည့်ပြီး အဝတ်သန့်သန့် /ဘရပ်ရှ်ဖြင့် ဆီကို အိုးအနှံ့ပြန့်အောင်ဖြန့်ပါ။ အိုးပူလျှင် မုန့်ရည် ၁ ခုစာ လောင်းထည့်ပြီး အိုးကို စက်ဝိုင်းပုံဖြန့်ပါ။

၎။      မုန့်သားအရောင်ကြည်လာပြီး အနားသားများကော့လာလျှင် တစ်ဖက်လှန်ပါ။

၅။      ကျက်ပြီဆိုလျှင်  နောက်တစ်ဖက် ပြန်လှန်ပါ။ အုန်းသီးဖြူးထည့်ပါ။ အချိုနှစ်သက်လျှင် သကြားအနည်း ငယ်ဖြူးပါ။ ထက်ခြမ်းခေါက်ပြီး နောက်တစ်ခါ ထက်ခြမ်း ပြန်ခေါက်ပါ။ စမူဆာပုံလေးဖြစ်သွားမည်။ ပန်းကန်ထဲ ဆယ်ယူထားပါ။

၆။      ကျန်သည့်မုန့်ရည်များ ကုန်သည်အထိ ဆက်၍လုပ်သွားပါ။

၇။      အားလုံးပြီးလျှင် မုန့်တစ်ခုစီမှာ အုန်းဆီဆမ်းပြီး သုံးဆောင်ပါ။

♦   Meemeetofu   ♦

Facebook Comments