ဆားငါးကင် (Salt Baked Red Snapper With Orange Dressing)

by Sofia for Food Magazine

          ငါးဆားကင်ကို အရှေ့တိုင်း၊ အနောက်တိုင်း အစားအစာများမှာ တွေ့ရသော်လည်း ပြုလုပ်နည်းမှာ အထူးကွာခြားမှုမရှိဘဲ အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်နှင့် တွဲဖက် သုံးဆောင်သောဆော့စ်သာ ကွဲပြားမှု များရှိပါတယ်။ ယခုပြုလုပ်ထားတာကတော့ လိမ္မော်နံနံပင်ဆော့စ်နဲ့ တွဲဖက်ပေးထားပါတယ်။ မိမိနှစ်သက်ရာ ချဉ်ငန်စပ်ဆော့စ်ဖြင့် တွဲဖက်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါး (ငါးပါးနီ/ကကတစ်/တီလားဗီးယား)  –  ၁ ကောင် (၃၀ ကျပ်သား)

ဆား (ဆားကြမ်း/Sea Salt)  –  ၁ ကီလို

ကြက်ဥအကာ  –  ၄ လုံး (optional)

ရေ  –  ၁ ခွက်

လီမွန်  –  ၂ စိတ်

နှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်အရွက်

ဆော့စ်ပြုလုပ်ရန်

လိမ္မော်သီး  –  ၁ လုံး

လီမွန်  –  ၂ စိတ်

ဆား   –  အနည်းငယ်

နံနံပင်  –  ၂ ပင်

ကြက်သွန်ဖြူ  –  ၂ မြွှာ

သံလွင်ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ငရုတ်ကောင်း  –  အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

၁။       ဦးစွာ နှစ်သက်ရာ အရိုးနည်းသောငါးကို ကြေးမထိုးဘဲ  ဗိုက်ဖောက်ပြီး ရေဆေးသန့်စင်ထားကာ ရေခြောက်အောင် သုတ်ထားပါ။

၂။       လီမွန်နှစ်စိတ်လှီးပြီး ငါးဗိုက်ထဲ ထည့်ပါ၊ အခြားနှစ်သက်ရာ ဟင်းခတ်အမွှေးအကြိုင်များ ထည့်လိုက ထည့်နိုင်ပါတယ်။ (စပါးလင်၊ ရှောက်ရွက်၊ ပင်စိမ်း၊ ရှမ်းနံနံ Thyme Rosemarry စသဖြင့် နှစ်သက်ရာ သုံးနိုင်ပါတယ်။)

၃။       ပန်းကန်တစ်ခုမှာ ကြက်ဥအကာနှင့် ရေအနည်းငယ်ရောဖျော်ပြီး ဆားဖြင့် ရောနယ်ထားပါ။ (သဲအစိုအနေအထားရအောင် ပြုလုပ်ပါ။)

၎။       အားလုံးအသင့်ဖြစ်ပါက ဗန်းတစ်ခုမှာ  အလူမီနီယံစက္ကူ သို့မဟုတ် Baking Paper ကို ခင်းပါ။

၅။       နယ်ထားသော ဆားတစ်ဝက်ကို ဦးစွာခင်းပြီး ငါးကို တင်ပါ။ အပေါ်မှ ကျန် ဆားတစ်ဝက်ကို အုပ်ပေးပါ။

၆။       ငါးတစ်ကောင်လုံး အုပ်မိအောင် သေချာဖိပေးပြီး Oven မှာ ၂၀ဝ ဒီဂရီဖြင့် မိနစ် ၃၀ ခန့် ကင်ပေးပါ။

၇။       မိနစ် ၃၀ ပြည့်ပါက ထုတ်ယူပြီး အအေးခံကာ အပေါ်မှအုပ်ထားသော ဆားကို အနည်းငယ် ထုခွဲပေးပြီး ခွာပါ။

၈။       ပြီးလျှင်  ငါးအပေါ်ယံကြေးခွံနှင့်  အရေခွံကို သာသာနွှာပေးပြီး နှစ်သက်ရာဆော့စ်နှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

*        ထိုင်းချဉ်ငန်စပ်ဆော့စ်ဖြင့် တွဲဖက်ပါက ဆလတ်ရွက်မှာ မုန့်ဖတ်ငါးဆားကင် ချဉ်ငန်စပ် ဆော့စ်ထည့်ပြီး သုံးဆောင်ပါ။

ဆော့စ်ပြုလုပ်နည်း (Orange Dressing)

၁။       လိမ္မော်သီးတစ်လုံးကို အခွံနွှာပြီး ခပ်သေးသေးတုံးထားပါ။

၂။       နံနံပင်၊ ကြက်သွန်ဖြူ သေးသေးစိတ်ထည့်ပါ။

၃။       လီမွန်နှစ်စိတ်ညှစ်ထည့်ပါ။ ဆား၊ ငရုတ်ကောင်းထည့်ပြီး သံလွင်ဆီထည့်ကာ သမအောင် မွှေပေးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments