ဆယ်လ်မွန်ငါး အာလူးကပ်ကြော်နှင့် သီးရွက်စုံ ခရင်မ်ဆော့စ် (Potato Wrapped Salmon Fillet with Mix Vegetables in Cream Sauce)

by Chef Sunny for Food Magazine

          ဒီလအတွက် နောက်ထပ်ဖော်ပြပေးလိုတဲ့ ဟင်းလျာအတွဲလေးကတော့ ဥရောပ အစားအစာချက်ပြုတ်နည်းကို အခြေခံပြီး ပြင်ဆင်ထားတဲ့ “ဆယ်လ်မွန်ငါး အာလူးကပ်ကြော်နှင့် သီးရွက်စုံခရင်မ်ဆော့စ်” လေးပါပဲ။ ဆယ်လ်မွန်ငါးအသားလွှာကို အာလူးအစိမ်းနဲ့ ကပ်ကြော်ထားတာမို့  ထူးခြားပြီး အရသာလည်း ကောင်းမွန်ပါတယ်။ တွဲဖက်ထားတဲ့ သီးရွက်စုံ ကြော်ကိုလည်း ခရင်မ်ဆော့စ်လေးနဲ့  ချက်ထားတာမို့်  ထူးခြားပြီး အာဟာရလည်း ပြည့်စေပါတယ်။ ကဲ… ထူးခြားပြီး အရသာကောင်းလှတဲ့ “ဆယ်လ်မွန်ငါး အာလူးကပ်ကြော်နှင့် သီးရွက်စုံခရင်မ်ဆော့စ်” ဟင်းလျာအတွဲလေး ချက်ကြည့်ကြရအောင်… OK …

ဆယ်လ်မွန်ငါးအာလူးကပ်ကြော်

ပါဝင်ပစ္စည်းများ

ဆယ်လ်မွန်ငါးအသားလွှာ  –  ၁၀ ကျပ်သား

သံပရာသီး  –  ၁ လုံး

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

အာလူး  –  ၁ လုံး

ကြက်သားမှုန့်  –  အနည်းငယ်

ပါစလီအရွက်  –  အနည်းငယ်

ဂျုံမှုန့်  –  ၁ ဇွန်း

သံလွင်ဆီ  –  ၂ ဇွန်း

ကောက်ရိုးမှို  –  ၃ လုံး

ဝိုင်ဖြူ  –  ၁၀ဝ မီလီလီတာ

ဆလတ်ရွက်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဆယ်လ်မွန်ငါးအသားလွှာကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့် အရသာသွင်းထားပါ။

၂။       အခွံနွှာသန့်စင်ထားသော အာလူးကို အမျှင်ခြစ်ထုတ်ပြီး ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သားမှုန့်၊ ပါစလီအရွက်၊ ဂျုံမှုန့်အနည်းငယ်တို့ဖြင့် အရသာသွင်းပါ။

၃။       အရသာသွင်းထားသော ဆယ်လ်မွန်ငါးအသားလွှာကို အရသာသွင်းထားသော အာလူးမျှင်နှင့် အသားဘက်မှ အုပ်၍ ကပ်ထားပါ။

၎။       ဒယ်အိုးမှာ သံလွင်ဆီအနည်းငယ်ကို အပူပေးပြီး အာလူးကပ်ထားသော ဆယ်လ်မွန်ငါးကို အာလူးကပ်ထားသောဘက်မှ မီးပျော့ပျော့ဖြင့် အိုးကပ်ကြော်ပါ။

၅။       အာလူးကျက်လျှင် ဆယ်လ်မွန်ငါးအရည်ပြားဘက်မှ အိုးကပ်ကြော်ပြီး ဝိုင် အနည်းငယ်၊ ကောက်ရိုးမှိုနှင့် ဟင်းချက်ခရင်မ် ထည့်ချက်ပါ။ အရသာကို ဆား၊ အသားမှုန့်၊ ပါစလီအရွက် အနည်းငယ်အုပ်၍ ချက်ပါ။

၆။       ဆယ်လ်မွန်ငါး အာလူးကပ်ကြော်ကျက်လျှင် ဆလတ်ရွက်အနည်းငယ်၊ ကောက်ရိုးမှို၊ ခရင်မ်ဆော့စ်နှင့်အတူ ပါစလီအရွက်အနည်းငယ်ဖြင့် အလှဆင်ပြီး တည်ခင်းပါ။

သီးရွက်စုံခရင်မ်ဆော့စ်

ပါဝင်ပစ္စည်းများ

ကညွတ်  – ၂ ချောင်း

မုန်လာဥနီ  –  ၁ လုံး

ဖရုံသခွားသီး  –  ၁ လုံး

ပန်းဂေါ်ဖီစိမ်း  –  အနည်းငယ်

ဗိုလ်စားပဲ  –  ၅ တောင့်

ရွှေပဲသီး  –  ၁၀ တောင့်

ကြက်သွန်ဖြူ  –  ၃ မြွှာ

ထောပတ်  –  ၁ ဇွန်း

ကောက်ရိုးမှို  –  ၅ လုံး

ဟင်းချက်ခရင်မ်  –  အနည်းငယ်

ပါစလီအရွက်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

အသားမှုန့်  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကညွတ်ကို အခွံနွှာပြီး ၂ လက်မခန့် အရှည်လှီးကာ ဆားရည်စိမ်ထားပါ။

၂။       မုန်လာဥနီကို အခွံနွှာပြီး လက်ချောင်းပုံလေးများ လှီးကာ ဆားရည်စိမ်ထားပါ။

၃။       ဖရုံသခွားသီးကိုလည်း လက်ချောင်းပုံလှီးပြီး ဆားရည်စိမ်ထားပါ။

၎။       ပန်းဂေါ်ဖီအစိမ်းကိုလည်း အနည်းငယ်လှီးပြီး ဗိုလ်စားပဲကို ၂ လက်မခန့် အရှည်လှီးကာ ရွှေပဲသီးနှင့်အတူ ဆားရည်စိမ်ထားပါ။

၅။       ဒယ်အိုးမှာ ထောပတ်အနည်းငယ်ကို အပူပေးပြီး ကြက်သွန်ဖြူ ဆီသတ်ကာ အသင့်လှီးထားသော သီးရွက်စုံကို ရေနွေးမှာ ၁ မိနစ်ခန့်ပြုတ်ပြီး ရောကြော်ပါ။

၆။       အရသာကို ဆား၊ ငရုတ်ကောင်းမှုန့်၊ အသားမှုန့်တို့နှင့် ထိန်းညှိပြီး ကောက်ရိုးမှို အနည်းငယ်ထည့်ကာ ဟင်းချက်ခရင်မ်၊ ပါစလီအရွက်တို့နှင့် တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments