ဆန်တိုဟူးသုပ်

by Myint Oo Tha for Food Magazine

          ဆန်တိုဖူးက ဘာနဲ့တူသလဲဆိုလျှင် ကျွန်တော်တို့ရွာက ဖက်နဲ့ထုပ်ပြီး ပေါင်းထားတဲ့ မုန့်ဖြူထုပ်နဲ့တူပါတယ်။ ဆန်တိုဟူးနဲ့ မုန့်ဖြူထုပ် နှစ်မျိုးစလုံးက ဆန်နဲ့ပဲ လုပ်ပါတယ်။မုန့်ဖြူထုပ်ကို မြေပဲထောင်း  ဒါမှမဟုတ် နှမ်းထောင်းထည့် ပြီးတော့ ဆီဆမ်းပြီး စားပါတယ်။ ဆန်တိုဟူးကတော့ ရှမ်းစာဖြစ်တဲ့အတွက် ရှမ်းမုန်ညင်းချဉ်၊ ပဲပုပ်၊ ဆီချက်နဲ့သုပ်ပြီး စားပါတယ်။

ဆန်တိုဟူးသုပ်မယ်ဆိုလျှင်တော့ ဒါလေးတွေ လိုအပ်ပါတယ်…

ဆန်တိုဟူး  –  ၅၀ဝ ဂရမ်

ရှမ်းမုန်ညင်းချဉ်  –  စားပွဲဇွန်း ၃ ဇွန်း (ပါးပါးလှီးထားပါ)

ငရုတ်သီးကြော်  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၅ ဇွန်း

နံနံပင်  –  ၄ ပင် (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ရှလကာရည်  –  စားပွဲဇွန်း ၃-၄ ဇွန်း

ဆား  –  အနည်းငယ်

ခရမ်းချဉ်သီး  –  ၃ လုံး

ပဲပုပ်အစို  –  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ခရမ်းချဉ်သီးကိုပြုတ်ပြီး အခွံနွှာထားပါ။ ပြီးလျှင် အတုံးသေးသေး တုံးထားပါ။

၂။       ပြီးလျှင် ဆီချက် ၁ ဇွန်းကို ဒယ်အိုးထဲထည့်ပြီး ပြုတ်ပြီးသား ခရမ်းချဉ်သီးကို အနှစ်ရအောင် ချက်ပါ။

၃။       ပဲပုပ်အစိုကိုခြေပြီး ဆီချက် ၁ ဇွန်းနှင့် ဆီသတ်ထားပါ။

၎။       နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူနဲ့ ပါးပါးလှီးထားတဲ့ နံနံပင်ကို ရှလကာရည်နှင့် ရောပြီး မွှေထားပါ။

၅။       ဆန်တိုဟူးကိုလှီးပြီး ခရမ်းချဉ်သီးအနှစ်၊ ပဲပုပ်အနှစ်၊ ရှမ်းမုန်ညင်းချဉ်၊ ရှလကာရည်နှင့် ရောမွှေထားတဲ့ နံနံပင်နဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးကြော်၊ ဆီချက်၊ ဆားထည့်ပြီး ဖွဖွလေးနယ်ကာ သုံးဆောင်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments