စွမ်ထန် (မျှစ်ချဉ်ခြောက်) 酸汤

by Sofia for Food Magazine

          ရှမ်းပြည်သူ၊ ရှမ်းပြည်သားများအကြိုက်  စွမ်ထန်လို့ခေါ်တဲ့ အချဉ်ဟင်းရည် ဖြစ်ပါတယ်။ စွမ်ထန်ကိုတော့ မုန်ညင်း၊ ချဉ်ဆော်ခါးသီးခြောက်နှင့် မျှစ်ချဉ်ခြောက်များဖြင့် ပြုလုပ်နိုင်ပါတယ်။ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးပြုလုပ်နိုင်တဲ့ ဟင်းချိုလည်းဖြစ်ပါတယ်။ ပြုလုပ်နည်း မခက်ပေမယ့် မသိသေးတဲ့ အချို့သောသူများအတွက် လုပ်နည်းရေးပေးခြင်းသာ ဖြစ်ပါတယ်။ ယခုပြုလုပ်ထားတာကတော့ မိုးကုတ်ပြန်လက်ဆောင် မျှစ်ချဉ်ခြောက်လေးနဲ့ ဖြစ်ပါတယ်။ စွမ်ထန်ခြောက်၊ ချဉ်စော်ခါးသီးခြောက်တို့ကို အစားထိုး ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်း

စွမ်ထန်/မျှစ်ချဉ်ခြောက်/ ချဉ်စော်ခါးသီးခြောက်  –  လက်တစ်ဆုပ်

ကြက်သွန်နီ  –  ၁ လုံး

ခရမ်းချဉ်သီး  –  ၁ လုံး

ချင်း  –  လက်တစ်ဆစ်

ငရုတ်သီးစိမ်း  –  ၂ တောင့်

ကြက်ပြုတ်ရည်/ရေနွေးဆူ  –  ၁ လီတာ

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ဟင်းခတ်မှုန့်  –  ၁ ဇွန်း

ကြက်သွန်မြိတ်  –  ၁ ပင်

နံနံပင်  –  အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ

၁။       နှစ်သက်ရာ စွမ်ထန်ခြောက်၊ မျှစ်ချဉ်ခြောက် သို့မဟုတ် ချဉ်ဆော်ခါးသီးခြောက်ကို ရေဆေးထားပါ။

၂။       ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေးပွက်ပွက်ဆူ တည်ထားပါ။

၃။       ကြက်သွန်ပါးပါးလှီး၊ ချင်းကို ထုပြားထားပါ။ ခရမ်းချဉ်သီးကို အမြှောင်းစိတ်ထားပါ။ ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းထားပါ။ ကြက်သွန်မြိတ်၊ နံနံပင်ကို ၁ လက်မခန့် ဖြတ်ထားပါ။

၎။       အားလုံးအသင့်ဖြစ်ပါက ဟင်းချိုတည်ခင်းမယ့်ပန်းကန်ထဲ အသင့်ထည့်ထားပါ။ ဆားနှင့်ဟင်းခတ်မှုန့် ထည့်ပါ။

၅။       ထမင်းစားဝိုင်းမှာ တည်ခင်းမယ့်အချိန်မှသာ ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေးပွက်ပွက်ဆူကို လောင်းထည့်ကာ ပန်းကန်ကို ၅ မိနစ်ခန့် အုပ်ထားပေးပြီး အပေါ့အငန်မြည်းကာ တည်ခင်းနိုင်ပါပြီ။

*        ချဉ်စော်ခါးသီးအခြောက်ကို အသုံးပြုပါက အသီးခြောက်ကို ကြက်ပြုတ်ရည် သို့မဟုတ် ရေနွေး တည်ထားတဲ့အထဲ အချဉ်အရသာ ထွက်လာစေရန် ထည့်ပြုတ်ပေးပါ။

*        ရေနွေးဆူဖြင့် သက်သတ်လွတ် ပြုလုပ်နိုင်သလို ကြက်ပြုတ်ရည်နှင့် အသားထည့်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။

Facebook Comments