
8 - December - 2016
စတော်ဘယ်ရီ Jam
စတော်ဘယ်ရီ Jam
တစ်လောကမအိတို့တွေ စတော်ဘယ်ရီစိုက်ခင်းကိုသွားပြီး စတော်ဘယ်ရီ ခူးကြပါတယ်။ ဒီမှာတော့ စတော်ဘယ်ရီရာသီဆိုတော့ အရမ်းပေါတာကြောင့် ၅ ကီလိုနီးပါးရှိမယ့် စက္ကူဖာအကြီးနဲ့ အမောက်ခူးပါမှ ၁ ဘူးလုံး ၁ဝ ဒေါ်လာလောက်ပါပဲ။ ပျော်လည်းအရမ်းပျော်စရာကောင်းပါတယ်။ ခူးလို့ကောင်းကောင်းနဲ့ ခူးလိုက်တာ နောက်ဆုံး မနိုင်မနင်းဖြစ်မှ ရပ်တဲ့အထိပါပဲ။ ပါလာတဲ့ စတော်ဘယ်ရီတွေကိုရေခဲမုန့်လုပ်၊ အသီး လိုက်ခဲပြီးသိမ်းထားအပြင် အခုလိုယိုထိုးစားကြပါတယ်။ အိမ်လုပ်ဆိုတော့ အချိုနည်းပြီး စားလို့ကောင်းပါတယ်။ ဆိုင်ကဝယ်တဲ့ ယိုတွေကြတော့ အချိုသိပ်များပြီး ဂျယ်လီ လိုမျိုးခပ်ခဲခဲဖြစ်နေတာတွေကြောင့် ဒီလိုအိမ်လုပ်ယိုကိုပဲစားဖြစ်တာများပါတယ်။ စတော်ဘယ်ရီယိုကတော့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ ယိုပါ။ တော်တော် များများလည်းလုပ်တတ်မှာပါ။ အဓိကကတော့အချိုးအစားလေးမျှဝေရုံပဲ။
► ပါဝင်ပစ္စည်းများ
♦ စတော်ဘယ်ရီ – ၁ ကီလို
♦ သကြား – ၂ဝဝ ဂရမ်
♦ သံပရာရည် – စားပွဲဇွန်း ၁ ဇွန်း
► ပြုလုပ်နည်း
၁။ စတော်ဘယ်ရီကိုပါးပါးလှီးကာသကြား ၂ဝဝ ဂရမ်နဲ့ ရောမွှေပါ။
၂။ မီးပေါ်မှာအပူပေးပါ။ သကြားနဲ့ စတော်ဘယ်ရီသီးများ ပျော်ကာ အရည်ကျဲအနေအထား ရောက်ပါလိမ့်မယ်။
၃။ သကြားပျော်ရည်များကြောင့် စတော်ဘယ်ရီအရောင်ဟာလည်း လက်လာပါလိမ့်မယ်။
၎။ ဆက်မွှေပြီး ခပ်ပျစ်ပျစ်အနေရောက်မှ သံပရာရည် စားပွဲဇွန်း ၁ ဇွန်းထည့်မွှေပြီး မီးပိတ်ပေးပါ။
၅။ အအေးခံပြီး ပုလင်းခပ်သန့်သန့်မှာထည့်ကာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen