စတော်ဘယ်ရီ ဒိန်ချဉ်ရေခဲထုပ်

by Meemeetofu for Food Magazine

          နွေအပူကို အန်တုဖို့ စတော်ဘယ်ရီဒိန်ချဉ်ရေခဲထုပ် ပြုလုပ်နည်းလေး ရေးပေးလိုက်ပါတယ်။ ဒိန်ချဉ်နဲ့ ပြုလုပ်ထားတာမို့ အစာလမ်း ကြောင်း သန့်ရှင်းရေးအတွက်လည်း အထောက်အကူပေးပါလိမ့်မယ်။ အခုအချိန်မှာ စတော်ဘယ်ရီသီးတွေလည်း လှိုင်လှိုင်ပေါနေတာမို့ ပေါချိန်မှာဝယ်ပြီး ရေဆေးသန့်စင်ကာ အခဲခံသိမ်းထားပါ။ လိုအပ်ချိန်မှာ အသင့်ခဲနေတာလေးတွေ ထုတ်ပြီးအသုံးပြုရုံပါပဲ။ မမီးပေးတဲ့ အချိုးနဲ့လုပ်မယ်ဆိုရင် ၇ _ ၁.၅ လက်မအရွယ် အိတ်နဲ့ ၆ ချောင်း ရပါတယ်။ အမေရိကန်က ဒိန်ချဉ်တွေက အချဉ်ပေါ့တဲ့အတွက် များများသုံးရတယ်။ ကိုယ်အသုံးပြုတဲ့ ဒိန်ချဉ်နဲ့ စတော်ဘယ်ရီ ဘယ်လောက် ချဉ်သလဲဆိုတဲ့အပေါ် မူတည်ပြီး သကြားပမာဏကို လိုတိုး၊ ပိုလျှော့လုပ်ပေးပါ။ လုံးဝ ရေမထည့်ရပါရှင်။ ရေထည့်လျှင် မာမာကြီး ဖြစ်တတ်ပါတယ်။

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီ  –  ၁၅-၂၀ လုံး

သကြား  –  ၁၈၀ ဂရမ် (၁၀ ကျပ်သားကျော်ကျော်)

ဒိန်ချဉ်  –  ၆၄၅ ဂရမ် (ဟင်းရည်သောက်ဇွန်း ၁၂ ဇွန်းခန့်)

ပြုလုပ်နည်း

၁။       အားလုံးကို ဘလန်ဒါထဲမှာ ညက်သွားသည်အထိ ရောမွှေကြိတ်ပါ။

၂။       ကတော့လေးခံပြီး အိတ်ထဲကို လောင်းထည့်ပါ။

၃။       အပြည့်မထည့်ဘဲ ရေခဲပွလာဖို့အတွက် နေရာအနည်းငယ် ချန်ပေးပြီး သားရေပင်နဲ့ တင်းကျပ်အောင် ချည်နှောင်ပြီး ပိတ်ပါ။

၎။  ရေခဲသေတ္တာ အခဲထပ်မှာ အခဲခံပါ။

Facebook Comments