စုပေါင်းအားအင် ချက်ဖို့ပြင်

adipadi_2

adipadi_3

စုပေါင်းအားအင် ချက်ဖို့ပြင်

            အောက်တိုဘာလမှာတော့ ဆရာမနန်းစန်းစန်းအေးက ‘ကြက်သားစပါးလင်ချက်’ အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဆိုပါ ဟင်းလျာအတွဲအစပ်များကတော့ –

၁။        ငါးဖယ်ထောင်း ငါးပိကောင်ကင်၊ ခရမ်းချဉ်သီးဆီပြန်ချက်၊ သင်္ဘောသီးသုပ်၊ ဆီးဖြူသီးထောင်း၊

၂။        ဝက်သုံးထပ်သားပဲငါးပိ၊ ပန်းစိမ်းကြော်၊ မုန်လာပင်ပေါက်ဟင်းချို၊ ဂွေးသီးထောင်း၊

၃။        ပုစွန်ကျားအဆိမ့်ကြော်၊ ကင်ပွန်းချည်ရွက်အချဉ်ဟင်း၊ ငါး ငါးပိချက်၊ တို့စရာစုံ၊

၎။        အမဲသားထောင်းအစပ်ကြော်၊ ပဲကြာဆံစပါးလင်ချက်၊ ခရမ်းချဉ်သီးအစိမ်းသုပ်၊ ငရုတ်သီးငါးပိထောင်း၊

၅။        ကြက်သားဂေါ်ရခါးသီးချက်၊ ဆူးပုပ်ရွက်ဟင်းချို၊ ကိုင်းခရမ်းချဉ်သီးထောင်း၊ ပဲကြီးနှပ်၊

၆။        ဆိတ်ကလီစာဆီပြန်၊ သီးစုံအချဉ်ဟင်း၊ ရေချို ငါးပိကြော်၊

၇။        ဆတ်သားအချိုပေါင်း၊ မန်ကျည်းသီးချက်၊ ပြောင်းဖူးသီးရွက်စုံဟင်းချို၊ ပူစီနံ ငရုတ်သီးထောင်း၊

            အဆိုပါ ဟင်းလျာအတွဲ အစပ် (၇)မျိုးထဲမှ ဆတ်သားအချိုပေါင်း၊ မန်ကျည်းသီးချက်၊ ပြောင်းဖူး သီးရွက်စုံဟင်းချို၊ ပူစီနံ ငရုတ်သီးထောင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

            ‘ကိုကြီး ဒီကပိုက်ဆံတစ်သောင်း အလှူခံခွက်ထဲ ထည့်ပါ’

            ‘ဟ . . . များလှချည်လား၊ တစ်ထောင်မဟုတ်ဘူးလား’

            ‘သြော် . . . ထည့်လိုက်ပါဆိုတာမှပဲ။ ဒီပိုက်ဆံက ညီမလေးမုန့်ဖိုး၊ ကိုကြီးပိုက်ဆံလည်း မဟုတ်ဘူး။ ဒီလို မီပွိုင့်နေပူပူကြီးမှာ အလှူခံတဲ့လူတွေကို ကြည့်စမ်းပါဦး ဟာသမယ်ဝဝကြီးတွေ၊ နာမည်ကြီးအဆိုတော်တွေ၊ တီးဝိုင်းနဲ့ဘာနဲ့ ကျကျနနအလှူခံနေတာကိုပဲ တစ်သောင်းတောင် နည်းနေသေးတယ်။ ကိုကြီးပါ တစ်သောင်းထည့်လိုက်’

            ‘အေး . . . အေး မီးစိမ်းတော့မယ်။ မောင်းဖို့ပြင်ထား။ အခုတစ်လောအလှူခံတွေကို အရွက်ကြီးတွေပဲ ထည့်နေပါလား’

            ‘တကယ်ဒုက္ခရောက်နေတဲ့ ရေဘေးတွေဆီ သွားမဲ့သူတွေလေ။ ကိုယ်မှ ကိုယ်တိုင်ကိုယ်ကျ မသွားနိုင်တာ၊ အမှန်က တစ်သောင်းစီဆိုတာ အလွန်မှနည်းပါတယ်။ တတ်နိုင်ရင် တစ်သိန်း၊ နှစ်သိန်း၊ သုံးလေးသိန်းကို ထည့်ပစ်ချင်တာ . . .’

            ‘ကြည့်စမ်း အသက် ၂၅ နှစ်ကျော်လာတော့ အတွေးတွေတောင် အတော်ပြောင်းလဲလာပြီပဲ။ အရင်က အလှူခံဆို တစ်ရာတောင်မထည့်ချင်တဲ့သူက ဘယ်လိုကြောင့်ပါလိမ့် . . . ။

            ‘မတူဘူးလေ အဲ့ဒါတွေက စာရွက်လေးနှစ်ရွက် သုံးရွက်ကိုင်ပြီး ကျွန်တော်တို့မယားကြီး အိမ်ပြုပြင်ရန်တွေ ဘာတွေဖြစ်နေမဲ့ဟာတွေကို’

            ‘ဘုရားကြီးမဟုတ်ဘူးလား . . .’

            ‘သူတို့ကတော့ အဲလိုပြောတာပဲ။ ညီမလေးတော့ သူတို့ပြောသလို မကြားဘူးလေ။ စိတ်ထဲထင်မိထင်ရာလို့ပဲ မှတ်လိုက်ပါ’

            ‘ကုသိုလ်မဖြစ်ရင်နေပါစေ။ အကုသိုလ်များ မယူချင်ပါနဲ့ညီမလေးရာ . . .’

            ‘သိတယ်။ ကိုကြီးမေးလို့ ပြောရတာ။ ဒီနေ့ ရုံးပိတ်တယ်။ မေမေ့ကို အနားပေးပြီး ကိုကြီးနဲ့ ညီမလေး အိမ် သန့်ရှင်းရေးနဲ့ ဟင်းတွေ ထမင်းတွေ ချက်ရအောင်’

            ‘လုပ်မယ်လေ။ မိဘကို ကူညီတယ်ဆိုတာလည်း ကုသိုလ်ရတာပဲ။ ဒါနဲ့ ကိုကြီးတို့ ဘာဟင်းတွေချက်ကြ မလဲ’

            ‘မနေ့က နယ်က ဘကြီး ဆတ်သားတွေပေးလိုက်တယ်။ ဆတ်သားအချိုပေါင်း မန်ကျည်းသီးချက်နဲ့ ပြောင်းဖူး၊ သီးရွက်စုံဟင်းချိုချက်စားမယ်။ ပူစီနံ ငရုတ်သီးဆားထောင်းလုပ်မယ်။

            ‘ဘယ်လိုများချက်မလဲ ပြောကြည့်ပါလား။ အိမ်ရောက်ရင် ကူညီဖို့ အဆင် သင့်ဖြစ်သွားအောင် . . . ‘

            ‘အစားအစာတွေက စိတ်ဝင်စားရင် လုပ်ရတာလွယ်ပြီး ရလဒ်ကို ချက်ချင်းသိရတော့ ပျော်စရာကောင်းတယ်။’

            ကဲ . . . ဆတ်သားကို ရေစင်စင်ဆေးပြီး အနေတော်တုံးမယ်။ အခြေခံ ဆား၊ အရသာ၊ ငံပြာရည်၊ ရှောက်ရည် ထည့်ပြီး နယ်နပ်ထားရမယ်။

            ဆတ်သားသုံးဆယ်သားဆို ဆီများများနဲ့ဆို တစ်ဆယ်သားထည့်မယ်။ ချင်း လက်တစ်ဆစ်၊ ကြက်သွန်ဖြူ နှစ်လုံး၊ ကြက်သွန်နီတစ်လုံး ရောထောင်းထားတာနဲ့ လုံးချက်ချက်လိုက်မယ်။ ဆတ်သားထဲပါတဲ့ အရည်ခန်းရင် မီးအရှိန်လျှော့ပြီး ဆီသံဖျစ်ဖျစ်မည်အောင် တည်မယ်။ အိုးကပ်ခါနီးရင် နနွင်းမှုန့်၊ လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပြီး နှံ့အောင်မွှေလိုက်မယ်။ တစ်ဆက်တည်း ရေ အသားမြုပ်အောင်ထည့်ပြီး ၅ မိနစ် ပေါင်းအိုးထဲ ထည့်တည်မယ်။ ရေခန်းပြီး အသားနူးနှပ်ဆီပြန်ရင် ရှမ်းနံနံ သုံးလေးပင် အုပ်မယ်။ ပင်စိမ်း၊ ပျဉ်းတော်သိမ်၊ နံနံပင်ကြိုက်ရင် ပြောင်းထည့်လို့ရသေးတယ်။

            မန်ကျည်းသီးချက်အတွက် မန်ကျည်းသီးနှစ်ကျပ်သား ရေစင်စင်ဆေးပြီး ငရုတ်သီးအမှည့် ဆယ်တောင့်နဲ့ ရောပြီး ညက်အောင်ထောင်းမယ်။ ဆီနှစ်ကျပ်ခွဲသားထဲကို ကြက်သွန်ဖြူတစ်ဥထောင်းထားတာနဲ့ ဆီသတ်မယ်။ ကြက်သွန်ဖတ်ဝါရောင် ပြောင်းရင် မီးလျှော့ပြီး ငါးပိကွမ်းသီးလုံးနှစ်လုံးစာလောက် ထည့်မွှေမယ်။ ငါးပိကျက်ရင် ပုစွန်ခြောက်အမှုန့် စတီးဇွန်းတစ်ဇွန်း မောက်မောက်ထည့်မယ်။ တစ်ဆက်တည်း ခရမ်းချဉ်သီးနှစ်လုံး ကြိတ်ထားတာထည့်မယ်။ ခရမ်းချဉ်သီး အရည်ခန်းပြီး ဆီပြန်ရင် မန်ကျည်းသီးထောင်းထည့်မယ်။ ပွက်စာရေ နှစ်ဇွန်းလောက်ထည့်ပြီး အပေါ့အငန် အရသာ အနေတော်ဖြစ် အောင် မြည်းပြီးရင် မန်ကျည်းသီးချက်ရပါပြီ။ ဂေါ်ဖီရွက်၊ သခွားသီး၊ ဂျူးမြစ်၊ အဆင်ပြေရာနဲ့ တို့စားလို့ရတယ်။

            ပြောင်းဖူး၊ သီးရွက်စုံဟင်းရည်ချက်ဖို့ အရိုးပြုတ်ရည် တစ်အိုးအတွက် ကြက်ရိုးလေး ငါးချောင်း၊ ကြက်သွန်ဖြူ ငါးတက်၊ ဆား၊ အရသာထည့်ပြီး အရိုးထဲက အချိုရည်ထွက်အောင် ဆယ့်ငါးမိနစ်ထည့်မယ်။ စားခါနီးရင် ပြောင်းဖူးတစ်ဖူး ပါးပါးလှီး၊ ရှိတဲ့ အသီးအရွက် မုန်ညင်း၊ ဂေါ်ဖီ၊ ဥနီ၊ ပန်းပွင့်၊ ပဲသီးပေါင်းထည့်၊ အနံ့မွှေးအောင် ဆီနှစ်စက် သုံးစက်ပါထည့်ပြီးရင် ပြောင်းဖူးဟင်းရည်ရပါပြီ။ ပူနွေးနေဖို့တော့ လိုပါတယ်။

            ပူစီနံ၊ ငရုတ်သီးထောင်းအတွက် ငရုတ်သီးစိမ်း ငါးတောင့်၊ ကြက်သွန်ဖြူ သုံးတက်၊ ပူစီနံတစ်စည်းရဲ့ အရွက်၊ အားလုံးရောပြီး ထောင်းထားတာပါ။ ဆားနည်းနည်းဖြည့်ဖို့တော့ လိုပါတယ်။ အနံ့မွှေးတဲ့ အရံဟင်းအသေးလေး တစ်ခွက်ပါ။

            ဒီဟင်းတွေကို ကျွမ်းကျင်သူတွေချက်ရင် တစ်နာရီ (သို့) လေးဆယ့်ငါးမိနစ်လောက်နဲ့ ပြီးပါတယ်။ မီးဖိုနှစ်ဖို၊ အကူတွေနဲ့ဆိုရင် နာရီဝက်လောက်နဲ့ အပြီးချက်လို့ ရပါတယ်။ ဘယ်အရာမဆို မြန်မြန်ခရီးတွင်ဖို့ဆိုရင်တော့ စုပေါင်းအားတွေ လိုအပ်နေမှာ အမှန်ပါပဲ။

♦   နန်းစန်းစန်းအေး (အဓိပတိ-ဖြူး)   ♦

Facebook Comments