
29 - March - 2019
စီစဉ်ညွှန်ကြား ချက်စို့လား
by နန်းစန်းစန်းအေး (အဓိပတိ-ဖြူး) for Food Magazine
ဧပြီလမှာတော့ ဆရာမနန်းစန်းစန်းအေးက “ပုစွန် ငရုတ်သီး ငါးပိချက်” အပါအဝင် ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာ အတွဲအစပ်များကတော့ –
၁။ ဝက်အချင်းတိုင်နှစ်တစ်ရာသီးပေါင်း၊ မျှစ်ချဉ်ငရုတ် သီးကြော်၊ ခဝဲသီးဟင်းရည်၊ ငါးပိသုပ်။
၂။ ပုစွန်ကြက်ဟင်းခါးသီးအဆာသွတ်၊ ဟင်းနုနယ် ရွက်ကြော်၊ ခရမ်းချဉ်သီးထောင်း၊ ပဲပင်ပေါက် ဟင်းရည်။
၃။ ဘဲသားအာလူးအချိုချက်၊ ကျောက်ပွင့်သုပ်၊ မန်ကျည်းသီးငါးပိချက်၊ ပြောင်းဖူးဟင်းချို
၎။ ငါးမြွေထိုးကင်ပွန်းချဉ်ရွက်ချက်၊ ဝက်ခေါက်သုပ်၊ ပဲလိပ်ပြာဟင်းရည်၊ ငါးပိထောင်း။
၅။ အမဲသားထောင်းအစပ်ကြော်၊ ဘဲဥမုန်လာချဉ်ဟင်း၊ ငရုတ်သီးမြေပဲထောင်း၊ ပဲရွက်သုပ်။
၆။ ကဏန်းချဉ်စပ်၊ ရွှေဖရုံသီးနှပ်၊ အရွက်စုံဟင်းရည်၊ ရေကျိုငါးပိချက်။
၇။ ငါးဖယ်အသီးအရွက်အဆာသွတ်၊ ပုစွန်ငရုတ်သီး ငါးပိချက်၊ မရန်းသီးသုပ်၊ ကြွက်နားရွက်မှိုဟင်းချို။
အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးဖယ် အသီးအရွက်အဆာသွတ်၊ ပုစွန်ငရုတ်သီး ငါးပိချက်၊ မရန်းသီးသုပ်၊ ကြက်နားရွက်မှိုဟင်းချိုတို့ကို တင်ပြပေး လိုက်ပါတယ်။
စီစဉ်ညွှန်ကြား ချက်စို့လား
“ဒီနှစ်သင်္ကြန်ကို ဘယ်လိုခရီးစဉ်တွေနဲ့ ဖြတ်သန်းကြမလဲ”
“ပြည်တွင်းခရီးဆိုရင်တော့ သွားမယ့်နေရာအားလုံး ကျပ်ညပ်နေမှာပဲ။ ဟိုတယ်လည်းခက်၊ အစားအသောက်လည်းခက်၊ နိုင်ငံခြားခရီးစဉ်ဆိုရင်ကောင်းမလား…”
“အကောင်းတကာ့ အကောင်းဆုံးပေါ့။ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ဘာလီကျွန်း၊ ဥရောပငါးနိုင်ငံ နောက်…”
“ဟိုး… ခဏရပ်ထားဦး၊ အဲဒီထက်အရေးကြီးတာက ဒီခရီးစဉ်တွေရဲ့ ကုန်ကျစရိတ်ကို ဘယ်ဘဏ် စာအုပ်ထဲက ယူရမလဲ”
“ဘဏ်စာအုပ်တော့ရှိပါရဲ့ ထုတ်စရာကိန်းဂဏန်းတွေ မရှိဘူးဖြစ်နေတယ်”
“အဲဒါမှ တကယ့်ပြဿနာ။ အမေကတော့ ပြောသား၊ ပိုက်ဆံဆိုတာကို စုပြီးမှ သုံးပါလို့”
“နည်းနည်းလေးပဲလွဲပါတယ်။ သုံးသုံးပြီးမှ စုမယ်လို့ စိတ်ကူးတော့ စုစရာကိုမရှိဘူး ဖြစ်ဖြစ်နေတယ်”
“ကားလေးတစ်စီးရှိနေမှပဲ။ ခရီးသွားဖို့ သိပ်စိတ်ပူ စရာမလိုလောက်ဘူး။ ကားပေါ်ကို ရွက်ဖျင်တဲတစ်လုံး၊ ဂက်(စ်)မီးဖို၊ ထမင်းအိုးနဲ့ လိုတာတွေအကုန်တင်ပြီး ပျော်ပျော်ပါးပါး သွားကြတာပေါ့”
“စိတ်ကူးလေးတော့ သိပ်မဆိုးပါဘူး။ ရွက်ဖျင်တဲနဲ့ အိပ်ဖို့တော့ သိပ်မလုံခြုံလှဘူးလားလို့”
“သူငယ်ချင်းတွေအဖော်ခေါ်မယ်လေ။ လူများများဆို သိပ်စိုးရိမ်စရာမရှိပါဘူး”
“ထမင်းဟင်းတွေကိုလည်း စုပေါင်းပြီး ချက်ကြရမှာ။ တို့အဖွဲ့မှာ မင်းပါနေတော့ ဘာမှစိတ်ပူစရာမလိုဘူး”
“အံမယ် … ထမင်းချက်အဖြစ်နဲ့ လိုက်ရမယ်ပေါ့။ ခရီးသွားရင် ဘာမှမလုပ်ဘူးလို့ မှတ်ထားလိုက်”
“ညွှန်ကြားရေးမှူးလောက်တော့လုပ်ပါ။ ဟင်းစပ်တွေ အဆင်ပြေအောင်…”
“အေး … ဒါဆို အခုမင်းကို ညွှန်ကြားမယ်။ ချက်ကြည့်လိုက်”
“ငါးဖယ်ဝယ်လာတယ်။ ပုစွန်အသေးလေး ၁၀ သားလည်း လတ်ဆတ်လို့ ဝယ်ခဲ့သေးတယ်။ မစပ်တဲ့ ငရုတ်သီး ပွ အနီရဲရဲတွေလည်း ပါတယ်။ အသီးအရွက်တချို့ကတော့ အိမ်မှာရှိနေလို့ ထပ်မဝယ်ခဲ့ဘူး”
“ငါးဖယ်ကို ပုစွန်အဆာသွတ်ချက်ပြီး ငရုတ်သီးငါးပိချက်၊ အသုပ်တစ်မျိုး ချက်ကြမလား”
ငါးဖယ်ကို အသီးအရွက်အဆာသွတ်ပြီး ပုစွန် ငရုတ်သီးငါးပိချက် ချက်မယ်။ ကြွက်နားရွက်မှိုဟင်းချိုနဲ့ မရန်းသီးသုပ်လိုက်မယ်။
ပထမဆုံး ငါးဖယ်ခြစ်ပြီးသား ၁၅ ကျပ်သားကို ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ အရသာ ဇွန်းရဲ့ သုံးပုံ တစ်ပုံ၊ ကြက်သွန်ဖြူ ၅ မြွှာ ညက်အောင် ထောင်းထားတာနဲ့ ရောနယ်ပြီး စေးလာအောင် ပေါက်မယ်။ ငါးဖယ်အသား မာပြီး တင်းလာရင် စပါးလင် ၁ ချောင်း ညက်အောင် ထောင်းထားတဲ့ အရည်လူးပြီး ငါးဖယ်ကို လုံးမယ်။ ငါးဖယ် လုံးလေးတွေကို ဆီ ၁၀ ကျပ်သားထဲ ထည့်ကြော်မယ်။ အရောင်ပြောင်းပြီး ပွတက်လာရင် အိုးချပြီး ငါးဖယ်တွေ ဆယ်ပြီး ဆီစစ်ထားမယ်။ အဆာအတွက် ဂေါ်ဖီ ၂ ရွက်၊ ကြက်သွန်နီ ၁ ဥ၊ ရှောက်ရွက် ၁ ခက်၊ ပူဒီနာ ၄-၅ ပင်၊ ငရုတ်သီးစိမ်း ၂ တောင့်၊ သခွားသီးကြိုက်ရင် ရေလမ်း သခွား အသေး ၁ လုံး၊ အားလုံးခပ်ပါးပါးလှီးဖြတ်ပြီး ရေစိမ်ထားမယ်။ စားမယ်ဆို ရေစစ်ပြီး ဆား၊ အရသာ၊ ငံပြာရည်၊ အနည်းငယ်စီ နယ်မယ်။ ကြော်ထားတဲ့ ငါးဖယ်ကို ဓားရာပေးပြီး အဆာသွတ်ပေးမယ်။ နှမ်းစေ့၊ ကြက်သွန်မြိတ်လေး ထပ်ဖြည့်ပြီးရင် ငါးဖယ်အဆာသွတ် ရပါပြီ။
ပုစွန်ငရုတ်သီးငါးပိချက်အတွက် ပုစွန်လေးတွေကို သန့်စင်ပြီး ဆား၊ နနွင်းမှုန့် အနည်းငယ်စီ နယ်ထားမယ်။ ချက်မယ့်အိုးထဲ ကြက်သွန်ဖြူ ၅ မြွှာ၊ ဆီ ၅ ကျပ်သားထဲကို ထည့်ပြီး အဆာသွတ်မယ်။ ကြက်သွန်ဖြူနံ့မွှေးလာရင် ကြိတ်ထားတဲ့ ငရုတ်သီးအမှည့် ၁၀ တောင့် ထည့်မယ်။ ငရုတ်သီးကျက်ရင် ပုစွန်ထည့်မယ်။ ပုစွန်လေးတွေ အရောင်ပြောင်းရင် ငါးပိရည်ကျို ၅ ကျပ်သားတစ်ခွက် ထည့်မယ်။ ပွက်ပွက်ဆူလာရင် ပုစွန်ငရုတ်သီး ငါးပိချက်ရပါပြီ။ ဟင်းရည်အတွက် အရိုးပြုတ်ရည် လီတာဝက်ထဲကို အိမ်မှာရှိနေတဲ့ ပြောင်းဖူးဥနီ၊ မုန်ညင်း၊ ကြွက်နားရွက်မှို ရေစိမ်ထားတာတွေနဲ့အတူ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ အရသာအားလုံးပေါင်းပြီး ပွက်ပွက်ဆူအောင်တည်ရင် ဟင်းရည်ရပါမယ်။
မရန်းသီးသုပ်အတွက် မရန်းသီး ၅ လုံး၊ ဂေါ်ဖီ၊ ကြက်သွန်နီ အားလုံး ပါးပါးလှီးကာ ရေစင်စင်ဆေးပြီး ပုစွန်ခြောက်မှုန့်၊ မြေပဲထောင်း၊ ပဲမုန့်၊ ငရုတ်သီးမှုန့်၊ ဆား၊ အရသာ ဆီချက်၊ ငံပြာရည် အားလုံး အနေတော်ထည့်ပြီး နယ်လိုက်ရင် မရန်းသီးသုပ်ရပါပြီ။
ညွှန်ကြားရတာ အလွယ်ဆုံးဖြစ်ပြီး တကယ်ချက် ရရင်တော့ သားစိမ်း၊ ငါးစိမ်းရဲ့အနံ့၊ မီးရဲ့အပူ၊ ငရုတ်သီးရဲ့ အစပ်၊ ဓားရဲ့အပြတ်တွေကို ရင်ဆိုင်ရင်း ချက်ကြည့်ဖို့ ဟင်းတချို့ပါ။
နန်းစန်းစန်းအေး
၁၁၀/၅ ဖာလုံ၊ အမြန်လမ်း၊ ဖြူးမြို့။
ငါးဖယ်အသီးအရွက်အဆာသွတ်
ငါးဖယ် – ၁၅ ကျပ်သား
ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
အရသာမှုန့် – လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း
ကြက်သွန်ဖြူ – ၅ မြွှာ
စပါးလင် – ၁ ချောင်း
ဆီ – ၁၀ ကျပ်သား
ဂေါ်ဖီ – ၂ ရွက်
ကြက်သွန်နီ – ၁ ဥ
ရှောက်ရွက် – ၁ ခက်
ပူဒီနာ – ၅ ပင်
ငရုတ်သီးစိမ်း – ၂ တောင့်
သခွားသီး – အသေး ၁ လုံး
ပုစွန်ငရုတ်သီးငါးပိချက်
ပုစွန် – ၁၀ ကျပ်သား
နနွင်း – အနည်းငယ်
ကြက်သွန်ဖြူ – ၅ မြွှာ
ဆီ – ၅ ကျပ်သား
ငရုတ်သီးအမှည့် – ၁၀ တောင့်
ငါးပိရေကျို – ၅ ကျပ်သား
မရန်းသီးသုပ်
မရန်းသီး – ၅ လုံး
ဂေါ်ဖီ – အနည်းငယ်
ကြက်သွန်နီ – ၁ ဥ
ဆီချက် – စားပွဲဇွန်း ၁ ဇွန်း
ပုစွန်ခြောက်မှုန့် – အနည်းငယ်
မြေပဲထောင်း – အနည်းငယ်
ဆား၊ အရသာမှုန့် – လိုသလောက်