စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) နှင့် ကျန်းမာရေး

by ဒေါက်တာလှကြည် for Food Magazine

          စားဆော်ဒါရဲ့ ဓာတုဗေဒအမည်က ဆိုဒီယမ် ဘိုင်ကာဘိုနိတ် (Sodium Bicarbonate) ဖြစ်ပြီး မုန့်ဖုတ် ဆော်ဒါ (Baking Soda) လို့လည်း ခေါ်ကြပါတယ်။ အခြားနိုင်ငံတွေမှာ Bread Soda (ပေါင်မုန့်ဆော်ဒါ)၊ Cooking Soda (ဟင်းချက်ဆော်ဒါ) လို့ ခေါ်ကြတာလည်း ရှိပါတယ်။ ဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန် ထမ်းတွေကတော့ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ဆိုတဲ့ ဓာတုဗေဒအမည်ကို အပြည့်မခေါ်ဘဲ ဆိုဒါ ဘိုင်ကာ့(ဘ်) (Soda Bicarb) လို့ အတိုကောက်ပြောလေ့ ရှိပါတယ်။ ဆော်ဒါ နောက်တစ်မျိုးရှိပါသေးတယ်။ အဲဒါက အဝတ်လျှော် ဆော်ဒါ (Washing Soda) ဖြစ်ပြီး ဓာတုဗေဒအမည်က ဆိုဒီယမ်ကာဘိုနိတ် (Sodium Carbonate) ဓာတ်ပေါင်း ဖြစ်ပါတယ်။ ယခုတင်ပြမယ့်ဆော်ဒါက စားဆော်ဒါ (သို့) မုန့်ဖုတ်ဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) အကြောင်း ဖြစ်ပါတယ်။

          မုန့်ဖုတ်တဲ့အခါ မုန့်ကို ပွလာ၊ ကြွလာ၊ မွလာအောင် လုပ်ပေးတဲ့ ပစ္စည်းအနေနဲ့ စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) ကို အသုံးပြုခြင်းဖြစ်ပါတယ်။ မုန့်ဖုတ်ရာမှာ သုံးတဲ့ ဆော်ဒါအမှုန့်မှာ ဆိုဒီယမ် ဘိုင်ကာဘိုနိတ် ၃၀% လောက် ပါပါတယ်။ စားဆော်ဒါက အက်ဆစ် (Acid) တစ်မျိုးမျိုးနှင့် ဓာတ်ပြုတဲ့အခါ ကာဘွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ထွက်လာပါတယ်။ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့က နယ်ထားလို့ ပျစ်ခဲနေတဲ့ ဂျုံမှုန့်ကို ပွလာ၊ ကြွလာစေတဲ့အတွက် ပေါင်မုန့်ဆိုပြီး ဖြစ်လာတာပါ။

          မုန့်ဖုတ်ဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) ဟာ အက်ဆစ်နှင့် ဓာတ်ပြုတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီလို ဓာတ်ပြုနိုင်တဲ့ အက်ဆစ်သတ္တိရှိတဲ့ ပစ္စည်းတွေဟာ အစားအသောက်အမျိုးမျိုးမှာ ရှိနေပါတယ်။ ဥပမာ- အသီး တွေနှင့် အရွက်တွေမှာ ပါဝင်နေတဲ့ ဗီတာမင်စီဟာ အက်(စ်)ကောဗစ်အက်ဆစ် (Ascorbic Acid) ဆိုတဲ့ အက်ဆစ်တစ်မျိုးဖြစ်တဲ့အတွက် စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်)နှင့် ဓာတ်ပြုပါတယ်။ ဒိန်ချဉ်၊ သံပရာရည် စတဲ့အစားအသောက်တွေမှာလည်း အက်ဆစ်တွေ ပါပါတယ်။ ရှလကာရည်မှာ Acetic Acid ဆိုတဲ့ အက်ဆစ် တစ်မျိုး ပါပါတယ်။

          စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) ကို ပေါင်မုန့်၊ ကိတ်မုန့်ဖုတ်ရာမှာသာမက အခြားအစားအစာတွေ ပြုလုပ်ရာမှာနဲ့ ဟင်းချက်ရာမှာလည်း သုံးပါတယ်။ ဥပမာ- ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်တဲ့အခါ၊ ကြော်တဲ့အခါတွေမှာလည်း သုံးနိုင်ပါတယ်။ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်က ဟင်းသီးဟင်းရွက်တွေရဲ့ အစိမ်းရောင်ကို ပိုပြီးတောက်ပစေနိုင်ပါတယ်။ တမင် အရောင်ဆိုးဆေး ထည့်ထားသလားလို့ ထင်ရပါတယ်။ အရွက်တွေမှာပါတဲ့ အစိမ်းရောင် ခလိုရိုဖီးလ် (Chlorophll) ဆိုတဲ့ ဓာတ်ပေါင်းဟာ စားဆော်ဒါထဲက ဆိုဒီယမ် ဘိုင်ကာဘိုနိတ်နှင့် ဓာတ်ပြုရာက ခလိုရိုဖိုင်လင် (Chlorophllin) ဆိုတဲ့ ဓာတ်ပေါင်း ဖြစ်ပေါ်လာပါတယ်။ ခလိုရိုဖိုင်လင်ကြောင့် ဟင်းရွက်တွေက အစိမ်းရောင်တောက်သွားခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ခြင်းဟာ အစားအစာရဲ့ အရသာနှင့် နူးညံ့မှုကို ထိခိုက်နိုင်တဲ့အတွက် ဒီနည်းကို သုံးလေ့မရှိတော့ပါဘူး။ အချို့လူမျိုးတွေမှာ ပဲကို နူးသွား၊ ပျော့သွားအောင် ချက်ဖို့၊ မချက်မီ စားဆော်ဒါရည်ထဲမှာ စိမ်ထားတဲ့ ဓလေ့ရှိပါတယ်။ အသားတွေ ချက်ပြုတ်တဲ့အခါ နူးလွယ် အောင် စားဆော်ဒါကို သုံးကြတာလည်း ရှိပါတယ်။

စားဆော်ဒါ၏  အယ်လ်ကာလီ (Alkali) သတ္တိ

          စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) မှာ အယ်လ်ကာလီသတ္တိရှိပါတယ်။ အယ်လ်ကာလီသတ္တိ ဆိုတာကို ရှင်းပြပါမယ်။ ရေ (သို့) အရည်တစ်မျိုးမှာ အက်ဆစ်သတ္တိ၊ ဒါမှမဟုတ် အယ်လ်ကာလီသတ္တိ ရှိနိုင်ပါတယ်။ အက်ဆစ်လည်းမဟုတ်၊ အယ်လ်ကာလီလည်းမဟုတ်၊ ကြားနေ (Neutral) လည်း ဖြစ်နိုင်ပါတယ်။ ရေ (သို့) အရည်တစ်မျိုးထဲကို အပြာရောင် လစ်(တ်)မတ်(စ်) ပေပါ (Litmus Paper) ဆိုတဲ့ ဓာတ်ခွဲခန်းသုံး စက္ကူစကလေးထည့်လိုက်လို့ စက္ကူစကလေးဟာ အပြာရောင်ကနေ အနီရောင်ကို ပြောင်းသွားတယ်ဆိုလျှင် အဲဒီအရည်မှာ အက်ဆစ်သတ္တိရှိတယ်လို့ သတ်မှတ်ပါတယ် (အပေါ်ယာပုံ)။ အရည်တစ်မျိုးထဲကို အနီရောင် လစ်(တ်)မတ်(စ်)ပေပါ စက္ကူစကလေး ထည့်လိုက်လို့ စက္ကူစကလေးဟာ အနီရောင်ကနေ အပြာရောင်ကို ပြောင်းသွားတယ်ဆိုလျှင်တော့ အဲဒီအရည်မှာ အယ်လ်ကာလီ သတ္တိရှိတယ်လို့ သတ်မှတ်ပါတယ် (အောက်ယာပုံ)။ အနီရောင်ထည့်လည်း အရောင်မပြောင်း၊ အပြာရောင်ထည့်လည်း အရောင်မပြောင်းဘူး ဆိုလျှင်တော့ အဲဒီအရည်ဟာ အက်ဆစ်သတ္တိလည်းမရှိ၊ အယ်လ်ကာလီသတ္တိလည်း မရှိ၊ ကြားနေ (Neutral) ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။ ရေကူးကန်ထဲက ရေ၊ ရေကန်ထဲက ရေတွေမှာ အက်ဆစ်ဓာတ် များနေတယ်ဆိုလျှင် အယ်ကာလီသတ္တိရှိတဲ့ ဆိုဒီယမ် ဘိုင်ကာဘိုနိတ် ခတ်ပေးခြင်းအားဖြင့် အက်ဆစ်သဘာဝကို လျော့သွားစေနိုင်ပါတယ်။

          ရေ (သို့) အရည်တစ်မျိုးမျိုးမှာ ရှိနေတဲ့ အက်ဆစ် (သို့) အယ်လ်ကာလီ သဘာဝဟာ ဘယ်လောက် ပြင်းနေသလဲဆိုတာကို ပီအိတ်ခ်ျ (စံ) ဆိုတဲ့ ယူနစ်နှင့် တိုင်းပါတယ်။ အရည်တစ်ခုရဲ့ ပီအိတ်ခ်ျတန်ဖိုး ၇ (PH 7) ထက် များခြင်းက အဲဒီအရည်မှာ အယ်လ်ကာလီသဘာဝသတ္တိ ရှိနေတယ်လို့ ဆိုလိုပြီး ပီအိတ်ခ်ျတန်ဖိုးမြင့်လေ အယ်လ်ကာလီသဘာဝ ပြင်းလေ ဖြစ်ပါတယ်။ ဥပမာ- ပီအိတ်ခ်ျ ၇.၈ ဟာ ပီအိတ်ခ်ျ ၇.၅ ထက် အယ်လ်ကာလီ သဘာဝ ပိုပြီး ပြင်းပါတယ်။ ပီအိတ်ခ်ျ ၇ ထက် နည်းခြင်းက အက်ဆစ်သဘာဝသတ္တိ ရှိနေတယ်လို့ ဆိုလိုပြီး ပီအိတ်ခ်ျတန်ဖိုးနိမ့်လေ အက်ဆစ်သဘာဝ ပြင်းလေဖြစ် ပါတယ်။ ဥပမာ- ပီအိတ်ခ်ျ ၆.၄ ဟာ ပီအိတ်ခ်ျ ၆.၈ ထက် အက်ဆစ်သဘာဝ ပိုပြင်းပါတယ်။ သောက်ရေတစ်မျိုးရဲ့ ပီအိတ်ခ်ျဟာ ၇ (PH 7) တိတိ ရှိတယ်ဆိုတာ အဲဒီရေမှာ အက်ဆစ်သဘာဝသတ္တိလည်း မရှိ၊ အယ်လ်ကာလီ သဘာဝသတ္တိလည်း မရှိဘူးလို့ ဆိုလိုပါတယ်။ ရေကူးကန်၊ ဒါမှမဟုတ် ပန်းခြံထဲက ရေကန်မှာ ရေဟာ အက်ဆစ် သဘာဝ ကဲနေတယ် (ပီအိတ်ခ်ျ နိမ့်နေတယ်) ဆိုလျှင် ရေထဲကို ဆိုဒီယမ်ဘိုင်ကာဘိုနိတ်ကို ခတ်ခြင်းအားဖြင့် အက်ဆစ်သဘာဝ လျော့သွားအောင် (အယ်လ်ကာလီ သဘာဝ ဖြစ်လာအောင်) လုပ်နိုင်ပါတယ်။

ကျန်းမာရေး၊ ကုသရေးနှင့် ဆိုဒီယမ် ဘိုင်ကာဘိုနိတ်

          ကျန်းမာရေးနှင့် ဆေးကုသရေးအတွက် စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်)ရဲ့ လူသိအများဆုံး အသုံးကျပုံကို အစာအိမ်လေနာရောဂါ ခံစားရသူတွေ အသိဆုံး ဖြစ်ပါလိမ့်မယ်။ အိတ်ခ်ျပိုင်လော်ရီ (H. pylori) ဆိုတဲ့ ဗက်တီးရီးယားပိုးဟာ အစာအိမ်ရောဂါ၊ အစာအိမ်အနာဖြစ်ရာမှာ ပါဝင်ပတ်သက်နေတယ် စတဲ့အကြောင်းတွေကို မသိမီကာလတွေက  အစာအိမ်လေနာရောဂါဖြစ်ရခြင်းရဲ့ အခြေခံသဘောဟာ အစာအိမ်မှထုတ်လုပ်တဲ့ အက်ဆစ်က ရင်ဝမှာ ပူခြင်း၊ အောင့်ခြင်း၊ နာခြင်း စတဲ့ဝေဒနာကို ဖြစ်စေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

          စားဆော်ဒါမှာပါတဲ့ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်က အစာအိမ်အနာ၊ လေနာရှိသူရဲ့ အစာအိမ်ထဲက အက်ဆစ်ဓာတ်ကို ချေဖျက်ပေးခြင်းအားဖြင့် လေနာတဲ့ ဝေဒနာ၊ ဗိုက်အောင့်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ အခုခေတ်လို အစွမ်းထက်တဲ့ ဆေးတွေ မပေါ်ပေါက်မီက ခေတ်မီဆေးဝါးတွေကို လက်လှမ်းမမီကြသူတွေဟာ အစာအိမ်အနာကြောင့် ဗိုက်အောင့်တယ်၊ ဗိုက်နာတယ်၊ လေနာတယ်ဆိုလျှင် စားဆော်ဒါအမှုန့်ကို ရေနှင့် သောက်ခဲ့ကြရတာကို တွေ့ကြုံခဲ့ဖူးပါတယ်။ အစာအိမ်ဆေးအဖြစ် လူသုံးများခဲ့တဲ့ ဆိုဒါမင့် (Sodamint) ဆေးပြားမှာ ဆိုဒီယမ် ဘိုင်ကာဘိုနိတ် ပါဝင်ပါတယ်။

လူ့ခန္ဓာကိုယ်၏  အက်ဆစ်အယ်လ်ကာလီ ချိန်ခွင်လျှာ (Acid-alkali Balance) ကို ထိန်းခြင်း

          လူ့ခန္ဓာကိုယ်ထဲမှာ၊ သွေးထဲမှာ အက်ဆစ်သဘာဝ ကဲတဲ့ ပစ္စည်းတွေ၊ အယ်လ်ကာလီ သဘာဝကဲတဲ့ ပစ္စည်းတွေ အများအပြားရှိနေပါတယ်။ လူရဲ့သွေးဟာ အယ်လ်ကာလီသဘာဝ နည်းနည်းကဲပါတယ်။ ပီအိတ်ခ်ျတန်ဖိုး ၇.၄ လောက် ရှိပါတယ်။ ဒီအခြေအနေမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ဆဲလ် (cell – ရုပ်ကလာပ်စည်း) တွေဟာ ဆိုင်ရာဆိုင်ရာ ဇီဝလုပ်ငန်းတွေကို အကောင်း ဆုံး လုပ်ဆောင်နိုင်ကြပါတယ်။ လူ့ခန္ဓာကိုယ်ဟာ သွေးရဲ့ ပီအိတ်ခ်ျကို ၇.၄ တစ်ဝိုက်မှာ ရှိနေအောင် နည်းအမျိုးမျိုး နှင့် ထိန်းထားခြင်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ သွေး၊ ကျောက်ကပ်နှင့် အဆုတ်တွေဟာ အဓိကအခန်းတွေ နေ ပါဝင်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် သွေးထဲမှာ အက်ဆစ်အယ်လ်ကာလီ ချိန်ခွင်လျှာပျက်သွားတယ်၊ သွေးရဲ့ပီအိတ်ခ်ျဟာ ပြောင်းသွားတယ်၊ ၇.၄ ထက် နိမ့်သွားတယ်၊ ဒါမှမဟုတ် မြင့်သွားတယ်ဆိုလျှင် ပြန်လည် ပြုပြင်ပေးတဲ့ လုပ်ငန်းတွေ အများကြီးထဲမှာ ဘိုင်ကာဘိုနိတ်တွေလည်း ပါဝင်ပါတယ်။

          ဘိုင်ကာဘိုနိတ်ဟာ အယ်လ်ကာလီသတ္တိ ရှိပါတယ်။ ဥပမာ- ဝမ်းပျက်ဝမ်းလျှောတဲ့အခါ၊ ကာလဝမ်း ရောဂါ ဖြစ်တဲ့အခါ ထွက်သွားတဲ့ မစင်တွေထဲမှာ ဘိုင်ကာဘိုနိတ်တွေ အများအပြား ပါဝင်ဆုံးရှုံးသွားတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ၊ သွေးထဲမှာ အယ်လ်ကာလီ သဘာဝ လျော့နည်းပြီး အက်ဆစ်သဘာဝကဲတဲ့ အခြေအနေ တစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အက်ဆီ ဒိုးဆစ် (Acidosis) လို့ ပြောပါတယ်။ အက်ဆီဒိုးဆစ် ကြောင့် လူနာရဲ့ ဦးနှောက်အစရှိတဲ့ အရေးကြီးတဲ့ အင်္ဂါတွေဟာ ပုံမှန်အလုပ်မလုပ်နိုင်ဘဲ သတိလစ်ခြင်း၊ အသက်ဆုံးရှုံးခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကို ကုသတဲ့နည်းတစ်ခုက သွေးပြန်ကြောထဲကနေ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို ထိုးသွင်းပေးခြင်း၊ ထည့်ပေးခြင်း ဖြစ်ပါတယ်။

          ဝမ်းပျက်လျှင် ဖျော်သောက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တီထွင်ထုတ်လုပ်ထားတဲ့ ဓာတ်ဆားထုပ်မှာ ခလိုရိုက်၊ ပိုတက်စီယမ်တို့နှင့်အတူ ထရိုင်ဆိုဒီယမ် ဆစ်ထရိတ် (Trisodium Citrate) ဆိုတဲ့ ဓာတ်ဆားကို ထည့်ထားပါတယ်။ ထရိုင်ဆိုဒီယမ် ဆစ်ထရိတ်ဟာ လူ့ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်အဖြစ် ဓာတ်ပြောင်းသွားပြီး သွေးထဲက အက်ဆစ်သဘာဝ လွန်ကဲနေမှု အခြေအနေကို ဖြေလျှော့ပေးပါတယ်။

          ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ဟာ အနောက်တိုင်းဆေးပညာမှာ အလွန်အသုံးကျတဲ့ ဆေးတစ်မျိုးဖြစ်ပါ တယ်။ အက်ဆစ်သဘာဝ လွန်ကဲမှုအခြေအနေ (Acidosis) ဆိုတာက ဝမ်းပျက်ဝမ်းလျှောတဲ့အခါမှာသာမက နာတာရှည်ကျောက်ကပ်ရောဂါတွေ၊ အဆုတ်နှင့်ပတ်သက်တဲ့ ရောဂါတွေအပါအဝင် ရောဂါအမျိုးမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအခါတွေမှာ ဆိုဒီယမ် ဘိုင် ကာဘိုနိတ်ထိုးဆေးဟာ အလွန်အသုံးဝင်ပြီး အစွမ်းထက်တဲ့ ဆေးစွမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

အဆိပ်သင့်ရောဂါအမျိုးမျိုးကို ကုသခြင်း

          ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ရဲ့  ဆေးစွမ်းထက်ပုံတွေ ရှိပါသေးတယ်။ ဥပမာ- အကိုက်အခဲပျောက်ဆေးအဖြစ် အသုံးများခဲ့ပြီး ယခုလည်း နှလုံးသွေးကြောပိတ်ရောဂါကို ကာကွယ်တဲ့အနေနဲ့ သွေးကျဲဆေးအဖြစ် မှီဝဲသောက်သုံးနေကြတဲ့ အက်စပရင် (Aspirin) ဆေးပြားကို တမင်တကာဖြစ်စေ၊ မတော်တဆဖြစ်စေ အများအပြား သောက်မိတဲ့ လူတစ်ယောက်ကို အဆိပ်မသင့်အောင်၊ Poisoning မဖြစ်အောင် ကုသရာမှာ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို အသုံးပြုနိုင်ပါတယ်။ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်က အစာလမ်းကြောင်းထဲက အက်စပရင်တွေကို သွေးထဲရောက်အောင်၊ စုပ်ယူတဲ့လုပ်ငန်းကို နှေးကွေးအောင် ဟန့်တားပါတယ်။ အလားတူပဲ စိတ်ကျရောဂါအတွက် သုံးတဲ့ဆေးတွေ အများအပြား သောက်မိတဲ့လူနာကို အဆိပ်မသင့်အောင်၊ Poisoning မဖြစ်အောင် ကုသရာမှာလည်း ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို အသုံးပြုနိုင် ပါတယ်။

          အချို့သောလူတွေက တညင်းသီးစားပြီး ဗိုက်နာရာမှ ဆီးသွားလျှင် သွေးတွေပါလာတတ်ပါတယ်။ ဆီးနည်းသွားရာမှ လုံးဝ ဆီးမသွားနိုင်တော့ဘဲ အမေလေး၊ အဘလေးအော်ပြီး ဆေးရုံရောက်လာတတ်ပါတယ်။ ဒီလိုဖြစ်ရတာဟာ တညင်းသီးထဲက ဂျင်ခေါလစ်အက်ဆစ် (Djenkolic Acid) ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ ဆီးထဲမှာ အနယ်အမှုန်တွေဖြစ်ပြီး ဆီးလမ်းကြောင်းကို ပိတ်ဆို့နေခြင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ကုသရာမှာလည်း ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို ထိုးဆေးအဖြစ် သုံးနိုင်ပါတယ်။ ဘိုင်ကာဘိုနိတ်က ဆီးမှာ အယ်လ်ကာလီသတ္တိ ဖြစ်စေပါတယ်။ တညင်းသီးထဲက ဂျင်ခေါလစ်အက်ဆစ်တွေဟာ အယ်လ်ကာလီသတ္တိ ကဲနေတဲ့ ဆီးထဲမှာ အနယ်မှုန်မထတော့ဘဲ အရည်ပျော် ပြီး ပါသွားပါတော့တယ်။ တညင်းသီးကြောင့် ဆီးလမ်းကြောင်း ပိတ်သွားတာဟာ ပြင်းထန်လွန်းတယ်၊ ဆေးရုံကိုရောက်တာ နောက်ကျသွားတယ်ဆိုလျှင် လူနာရဲ့ သွေးကို ကျောက်ကပ်တုစက်နှင့် ဆေးရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အသက်ဆုံးရှုံးသွားတာတောင် ဖြစ်နိုင်ပါ တယ်။

          ကမ္ဘာတစ်ဝန်း တညင်းသီးဆိပ်သင့်တဲ့ လူနာတွေကို မလေးရှား၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတွေမှာ တွေ့ရပါတယ်။ တညင်းသီးကို လုံးဝမစားသင့်ကြောင်း ပြောကြ၊ ဟောကြပေမယ့် တညင်းသီးစားသုံးသူဦးရေနှင့် ယှဉ်လိုက်လျှင် အဆိပ်သင့်သူအရေအတွက်က အချိုး အဆအားဖြင့် အလွန်နည်းတာကြောင့် လိုက်နာသူနည်း လှပါတယ်။ တညင်းသီးရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ကလည်း သေးသေးမွှားမွှား မဟုတ်ပါဘူး။ ဒီဈေး ကွက်ကြီးကို မှီခိုပြီး နေထိုင်နေရသူတွေ အများအပြား ရှိပါတယ်။ တညင်းသီးစားလျှင် ဒီလိုအန္တရာယ်ဖြစ်နိုင်တယ်၊ ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်၊ ဒီလိုဝေဒနာတွေ ခံစားရတတ်တယ်၊ ဖြစ်လာလျှင် ဒီလိုကုပါ စသည် ဖြင့်သာ ပညာပေးကြရပါတယ်။ ကာကွယ်ရေးအနေနဲ့ တညင်းသီးကို ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ပါတဲ့ ရေနှင့် ပြုတ်ပြီး စားကြပါလို့ အကြံပေးပေမယ့် လိုက်နာသူက အလွန်နည်းပါတယ်။

အခြားနည်း အသုံးပြုနိုင်ပုံများ

          ဆိုဒီယမ် ဘိုင်ကာဘိုနိတ်မှာ သွားပိုးစားခြင်းကို ကာကွယ်နိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် အချို့သော သွားတိုက်ဆေးတွေ၊ Mouth Wash ဆိုတဲ့ ပါးစပ်ဆေးတဲ့ အရည်၊ အာလုတ်ကျင်းတဲ့အရည်တွေ မှာလည်း ပါပါတယ်။ ဂျိုင်း (ချိုင်း) နံ့ပျောက်ဆေး၊ အရေပြားယားယံမှု ပြေပျောက်ဆေး၊ အရေပြား နူးညံ့အောင်လိမ်းတဲ့ ဆေးတွေမှာလည်း ထည့်တတ်ပါတယ်။ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို အရေပြားမှာ မသုံးသင့် ဘူးလို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

          ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ဟာ ရောဂါပိုးအချို့ကို နှိမ်နင်းနိုင်တဲ့ အပျော့စား ပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ မှိုရောဂါပိုးအချို့ကို သတ်ဖြတ်နှိမ်နင်းနိုင်စွမ်းရှိပါတယ်။ အသုံးအဆောင်ပစ္စည်းတွေ မှိုစော်နံနေတာ၊ အောက်စော်နံနေတာတွေကို လျော့ပါးပျောက်ပျက်စေနိုင်ပါတယ်။ စာအုပ်အဟောင်း ရောင်းသူတွေဟာ စာအုပ်တွေ မှိုစော်မနံ၊ အောက်စော်မနံအောင် ပြုလုပ်ရာမှာ ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို အသုံးပြုကြပါတယ်။

          စားဆော်ဒါ (ဆိုဒီယမ် ဘိုင်ကာဘိုနိတ်) ကို အခြားနေရာတွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ဥပမာ- ပိုးဟပ်တွေကို နှိမ်နင်းရာမှာ စားဆော်ဒါကို အသုံးပြုနိုင်ပါတယ်။ စားဆော်ဒါကို စားမိတဲ့ ပိုးဟပ်ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ထွက်ပေါ်လာတဲ့ ဓာတ်ငွေ့တွေကြောင့် ကလီစာတွေဟာ ဖောင်းပွ၊ ပျက်စီးသွားခြင်း ဖြစ်ပါတယ်။ Fungus ဆိုတဲ့ မှိုပိုးတွေ မကြီးထွားနိုင်အောင် နှိမ်နင်းရာမှာလည်း ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို အသုံးပြုနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ပတ်ဝန်းကျင်ကာကွယ် ထိန်းသိမ်းရေး အေဂျင်စီ (Environmental Protection Agency-EPA) က ဆိုဒီယမ် ဘိုင်ကာဘိုနိတ်ကို ဘိုင်အိုပိုးသတ်ဆေး (Biopesticide) တစ်မျိုးအနေနှင့် မှတ်ပုံတင်ပါတယ်။

ဒေါက်တာလှကြည်

Facebook Comments

Menu