စပိန် နွားမြီးစတူး (Spanish OX’s Tail Stew)

by Chef Sunny for Food Magazine

          ဒီလအတွက် နောက်ထပ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာလေးကတော့ စပိန်လူမျိုးတွေနဲ့  စပန်းနစ်ရှ်ဘာသာစကားပြောတဲ့ နိုင်ငံတွေမှာ ပြင်ဆင်ချက်ပြုတ်တဲ့ ပုံစံလေးနဲ့  ချက်ထားတဲ့ “စပိန် နွားမြီးစတူး”  ဟင်းလျာလေးပါပဲ။ ပြင်ဆင်ရတာ လွယ်ကူပြီး အရသာလည်း အလွန်ထူးခြားသလို အာဟာရလည်း ပြည့်ဝစေပါတယ်။ နွားမြီးကို ခရမ်းချဉ်သီးအနှစ်၊ ဇီရာတို့နဲ့  နူးနေအောင် ချက်ထားတဲ့ဟင်းလျာလေးပါ။ မြေထဲ ပင်လယ်အစားအစာကို အခြေခံထားတာမို့ သံလွင်သီးလေးနဲ့ ချက်ထားပါတယ်။ ကောက်ရိုးမှိုနဲ့ ငရုတ်ပွဝါ ၊ ငရုတ်ပွနီတွေနဲ့ ချက်ထားပြီး ဝိုင်နီနဲ့ နူးအောင် နှပ်ချက်ထားတာမို့  အစာကြေလွယ်ပြီး အာဟာရဖြစ်စေပါတယ်။ ထူးခြားတာကတော့ စပိန်ဝက်အူချောင်း (Chorizo Sausage) ကို နုပ်နုပ်စဉ်းပြီး ထည့်ချက်ထားတာမို့  ထူးခြားတဲ့ မြေထဲပင်လယ် အစားအစာတွေရဲ့ ထူးခြားမှုကို ခံစားနိုင်ပါတယ်။ စပိန်ဝက်အူချောင်း မရနိုင်ရင်လည်း နီးစပ်တဲ့  ဝက်အူချောင်း၊ ကြက်အူချောင်းတွေကို ထည့်ချက်လို့ရပါတယ်။ ကဲ… ထူးခြားတဲ့ “စပိန်နွားမြီးစတူး” ဟင်းလေး ချက်ကြည့်ကြရအောင်..OK..

ပါဝင်ပစ္စည်းများ

နွားမြီး  –  ၁၆၀ဝ  ဂရမ် (သန့်စင်၍ လှီးဖြတ်ပြီး)

စပိန်ဝက်အူချောင်း  –  ၂၅၀   ဂရမ် (Chorizo Sausage)

သံလွင်ဆီ  –  ၁၀ဝ  မီလီလီတာ

ရှမ်းငရုတ်နီ  –  ၁၆၀  ဂရမ်

ရှမ်းငရုတ်ဝါ  –  ၁၆၀  ဂရမ်

ကြက်သွန်နီ  –  ၁၆၀  ဂရမ်

ကြက်သွန်ဖြူ  –  ၁၀  မြွှာ

ချင်း  –  ၅၀  ဂရမ်

မုန်လာဥနီ  –  ၁၆၀ ဂရမ်

ကောက်ရိုးမှို  –  ၁၆၀ ဂရမ်

အာလူး  –  ၄၀ဝ ဂရမ်

ခရမ်းချဉ်သီးအနှစ်  –  ၃ ဇွန်း

ခရမ်းချဉ်သီးပေါင်း  –  ၅၀ဝ ဂရမ်

အမဲသား အရသာမှုန့် (Instant Basic Brown Mix)  –  ၁၀ဝ ဂရမ်

ကရဝေးရွက်ခြောက်  –  ၃  ရွက်

ပန်းငရုတ်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဝိုင်နီ (optional)  –  ၁၅၀  မီလီလီတာ

အနက်ရောင် သံလွင်သီး (အစေ့လွတ်)  –  ၈၀ ဂရမ်

ပါစလီအရွက်  –  ၅၀  ဂရမ်

ဂျုံမှုန့်  –  ၁၀ဝ  ဂရမ်

ဇီရာအမှုန့်  –  ၁  ဇွန်း

ရေသန့်  –  ၃  လီတာ

ထောပတ် (ဆားလွတ် ထောပတ်)  –  ၁၀ဝ  ဂရမ်

ဆား ၊ ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရို့စ်မယ်ရီရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဒယ်အိုးကို အပူပေး၍ နွားမြီးကို ဂျုံမှုန့် အနည်းငယ်ကပ်ပြီး ကြော်ထားပါ။

၂။       ပရက်ရှာပေါင်းအိုးထဲ သံလွင်ဆီ ၁၀ဝ ဂရမ်နှင့် ထောပတ် ၁၀ဝ  ဂရမ်ထည့်၍ အပူပေးပြီး အသင့်နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ အသင့်ကြိတ်ထားသော ချင်းနှင့် ကရဝေးရွက်ခြောက်တို့နှင့် ဆီသတ်ထားပါ။

၃။       ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးအနှစ် ထည့်ချက်ပါ။ ခရမ်းချဉ်သီး အနှစ်ကျက်လျှင် ပန်းငရုတ်အမှုန့် ထည့်ချက်ပါ။ ပြီးလျှင် အသင့်ကြိတ်ထားသော ခရမ်းချဉ်သီးပေါင်း ထည့်ချက်ပါ။

၎။       ခရမ်းချဉ်သီးကျက်လျှင်အသင့်လှီးထားသော စပိန်ဝက်အူချောင်း ထည့်ချက်ပါ။ ပြီးလျှင် မုန်လာဥနီ၊ အာလူး၊ ကောက်ရိုးမှို၊ အနက်ရောင် သံလွင်သီးတို့ကို ထည့် ချက်ပါ။

၅။       အသီးအနှံများ အနည်းငယ်မွှေးလာလျှင် အသင့်ကြော်ထားသော နွားမြီးထည့်ချက်ပြီး ဝိုင်နီ ၁၅၀  မီလီလီတာနှင့် ဇီရာအမှုန့်ကို ထည့်ချက်ပါ။

၆။       ဝိုင်နီ အနည်းငယ်ခန်းလာပြီး အနံ့မွှေးလာလျှင် ရေသန့် ၃ လီတာ ၊ အမဲသားအရသာမှုန့်နှင့် ပါစလီရွက်ကို နုပ်နုပ်စဉ်းထည့်ပါ။ ပရက်ရှာ ပေါင်းအိုးကို မီးမှန်မှန်ဖြင့် ၁ နာရီခန့် နွားမြီးနူးအိသွားသည်အထိ ချက်ပါ။

၇။       နွားမြီးနူးလျှင် အသင့်လှီးထားသော ငရုတ်ပွဝါနှင့် ငရုတ်ပွနီ ထည့်ပြီး ၃ မိနစ်ခန့် ချက်ပါ။ အရသာကို ဆား ၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ထိန်းညှိပါ။

၈။       အနံ့အရသာနှင့် ပြည့်စုံသော နွားမြီးစတူးကို ရိုစ့်မယ်ရီရွက် အနည်းငယ်ဖြင့် အလှဆင်ပြီး ထမင်းဖြူဖြင့်သော်လည်းကောင်း၊ ပေါင်မုန့် အစုံဖြင့်သော်လည်းကောင်း တည်ခင်းနိုင်ပါတယ်။

Facebook Comments

Menu