စပါးလင် ငါးကြော် (Lemongrass Fried Fish)

by Syi Lwin (Foodsgarden) for Food Magazine

          စပါးလင်အရသာဖြင့် နယ်နပ်ထားသော ငါးကို ကြော်လိုက်တဲ့အချိန်မှာ အနံ့မွှေးချက်ကတော့ ချက်ချင်း ဗိုက်ဆာစေပြီး စားလိုက်လျှင်လည်း လူကို လန်းဆန်းစေပါတယ်။ ချက်ချင်းကြော်ပြီး ကြွပ်ကြွပ်ရွရွလေးစားပါက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ငါးမကြိုက်တဲ့သူတွေတောင် သွားရည်ယိုစေပါတယ်။ လွယ်ကူပါတယ်။ လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ  (၂-၃ ယောက်စာ)

ငါးဖိန်းမ  –  ၁ ကောင် (အကြေးခွံနွှာပြီး ဗိုက်ခွဲ၊ ၃ နေရာလောက် တစောင်းမွှန်းထားပါ)

စပါးလင်  –  ၂  ချောင်း (ထုထောင်းပြီး အရည်ညှစ်ယူထားပါ)

စပါးလင်  –  ၂ ချောင်း (ထုပြီး အနေတော်အပိုင်း ပိုင်းထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်း  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

နေကြာဆီ  –  လိုသလောက် (ငါးကြော်ရန်)

ငါးကြော်နှင့် တွဲစားရန်ပစ္စည်း

ဆလတ်ရွက်  –  လိုသလောက်

          ဂေါ်ဖီ၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ သံပရာရည်၊ ဆား အနည်းငယ်၊ ခရမ်းချဉ်သီးနှင့် ပူဒီနာတို့ကို ရောသမပြီး သုပ်ပါ။ 

ပြုလုပ်နည်း

၁။       ငါးကို အကြေးခွံနွှာ၍ ဗိုက်ခွဲ၊ ချေးထုတ်ပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ဆားနယ်လျှင်၊ အရသာဝင်အောင်ကြော်လျှင် အကျက်မြန်ရန် ငါးကို  အလျားလိုက်လေးတွေ ငါးရဲ့  ၂ ဖက်စလုံးကို မွှန်းထားပါ။ ဖန်ဇလုံကြီးထဲ ဆား၊ စပါးလင်အရည်၊ နနွင်းမှုန့်များ အားလုံးထည့်ပြီး နာနာနယ်နှပ်ပါ။ မိနစ် ၃၀ ခန့် နယ်နှပ်ထားပါ။

၂။       ဆားနယ်ထားသော ငါးရဲ့ဝမ်းဗိုက်ထဲ စပါးလင်အချောင်းများ ကျစ်သိပ်နေအောင် ထည့်ပါ။

၃။       ဇောက်နက်အိုးထဲ ဆီထည့်ပြီး ဆီအနည်းငယ်ပူလျှင် ငါးထည့်ပါ။ တစ်ဖက်ကို ကြွပ်ရွနေအောင်ကြော်ပြီးမှ နောက်တစ်ဖက်ကို လှန်ပါ။ နှစ်ဖက်စလုံး ကြွပ်ရွနေလျှင် ရပါပြီ။ ကြွပ်ကြွပ်ရွရွ ငါးအသားများကို ဆလတ်ရွက်ထဲထည့်ပါ။ ပြီးလျှင် ဂေါ်ဖီသုပ် အနည်းငယ်ထည့်ပြီး ငါးကြော်ဖက်ထုပ်ပုံစံမျိုး ထုပ်စားလို့ရပါတယ်။

www.facebook.com/Syi Foodsgarden

Facebook Comments