စည်းချက်အညီ ချက်ကြည့်မည်

by အဓိပတိ (ဖြူး) နန်းစန်းစန်းအေး for Food Magazine

           ဇန်နဝါရီလမှာတော့  ဆရာမနန်းစန်းစန်းအေးက “ငါးခူပဲပုပ်ချက်” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို  စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ငါးသလောက်ကြော်ချက်၊ သရက်သီးပေါက်သုပ်၊ ပဲဝါလေးဟင်းရည်၊ ဂွေးသီးငါးပိချက်။

၂။       အမဲခြောက်ခရမ်းချဉ်သီးချက်၊ ပဲပုစွန်ပဲပင်ပေါက်သုပ်၊ မှိုဟင်းရည်၊ မန်ကျည်းရွက် ငါးပိထောင်း။

၃။       ဝက်ကလီစာ မဆလာချက်၊ ဂေါ်ရခါးသီးသုပ်၊ မျှစ်ချဉ်ပေါင်းခါးဟင်းရည်၊ ရေကျိုငါးပိကြော်။

၎။       ဆိတ်သားလုံးပျဉ်းတော်သိမ်ချက်၊ ရုံးပတီသီးကြော်၊ ကုလားပဲဟင်းရည်၊ မန်ကျည်းသီးငါးပိထောင်း။

၅။       ငါးခူပဲပုပ်ချက်၊ ခရမ်းသီးကြက်ဥကြော်၊ အာလူးချဉ်စပ်ဟင်းရည်၊ ပူဒီနာငရုတ်သီးထောင်း။

၆။       ကင်းမွန်ခြောက် ခရမ်းသီးချက်၊ ပုစွန်ဆိတ် ကြက်ဟင်းခါးသီးကြော်၊ ပဲပုစွန်ဟင်းရည်၊ ငါးပိသုပ်။

၇။       ကြက်သားပြားကြော်၊ သီးစုံဆီပြန်ဟင်း၊ ခရမ်းချဉ်သီးငါးပိချက်၊ ငရုတ်သီးထောင်းကြော်။

အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ငါးခူ ပဲပုပ်ချက်၊ ခရမ်းသီးကြက်ဥကြော်၊ အာလူးချဉ်စပ်ဟင်း ရည်၊ ပူဒီနာငရုတ်သီးထောင်းတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

စည်းချက်အညီ ချက်ကြည့်မည်

          “ဗုံသံ၊ မောင်းသံ ညံနေတယ် အောက်မေ့ပါတယ်။ တိုင်းရင်းသားအစီအစဉ်မှာ ရှမ်းနှစ်သစ်ကူးအကအလှတွေ လာနေတာကိုး”

          “အကတွေထဲမှာ ရှမ်းအကက အတော်လွယ်တယ်လို့ မထင်ဘူးလား”

          “အံမယ်… လွယ်တယ်လို့ပြောရအောင် နင်က ကတတ်လို့လား။ တကယ်သွားလုပ်ကြည့်လိုက်၊ ကြည့်တော့သာ လက်လေးမြှောက်မြှောက်၊ ခြေလေးမြှောက် မြှောက် အောက်မေ့တာ။ စည်းဝါးမကျလို့ကတော့ ကိုးရိုး ကားရားဖြစ်ပြီးသားပဲ”

          “ထင်တော့ထင်သားပဲ။ ရှမ်းရှင်လောင်းပွဲတွေမှာ ရှမ်းခမောက်အကြီးကြီးတွေ၊ ရှမ်းဘောင်းဘီပွကြီးတွေ ဝတ်ပြီး သဲ့သဲ့သာကြားရတဲ့ ဗုံသံ၊ မောင်းသံကို အားပြုပြီး ကနေကြတဲ့ ရှမ်းကြီးတွေကို ကြည့်ရတာကိုက တစ်ခုခုကို ခံစားရတယ်”

          “သူ့လောက်တော့ ငါလည်းဖြစ်တယ်ဆိုပြီး ကကြည့်သေးလား”

          “ဘယ်နေမလဲ၊ မှန်ကြည့်ပြီးကို လုပ်ကြည့်တာ။ ကြည့်လည်း မကောင်းဘူး”

          “အဲဒီလိုကတတ်ဖို့ တကယ့်ရှမ်းအက ကတတ်တဲ့ ရှမ်းပြည်နယ်က ဆရာတွေ သင်ပေးတာ။ စာမေးပွဲပြီးတဲ့ မတ်လအကုန်လောက်ဆို ရှမ်းပြည်နယ်က ဆရာတွေ မြေပြန့်က ရှမ်းတိုင်းရင်းသားတွေဆီကို အဲဒီရှမ်းယဉ်ကျေး မှုအစုံစုံ သင်ပေးဖို့လာကြတယ်”

          “ဒီတစ်ခါလာရင် သွားတက်မယ်။ အိုးစည်တီးတာ ရော၊ သိုင်းအကရော၊ ရှမ်းအကရော အားလုံးသင်မယ်”

          “တကယ်စည်းစနစ်ကျဖို့ ဆရာကောင်းတွေဆီမှာ သင်ကြစို့ပေါ့”

          “အခုတော့ ဗိုက်ဆာတယ်။ အိမ်မှာ အမေတို့ခရီးသွားနေလို့ ကိုယ့်အားကိုယ်ကိုးပြီး ချက်စားဖို့လုပ်ကြစို့”

          “အမြန်ကျက်လွယ်တဲ့ ငါးဟင်းချက်မယ်။ ငါးခူပဲပုပ်ချက်၊ ခရမ်းသီးကြက်ဥကြော်၊ အာလူးချဉ်စပ်ဟင်းရည်၊ ပူဒီနာ၊ ငရုတ်သီးထောင်းလေး လုပ်လိုက်ကြရအောင်”

          ငါးခူ ၂၀ ကျပ်သား အရိအရွဲတွေ ပြောင်စင်အောင် ဆား၊ နနွင်းမှုန့်၊ ဗနီလာအရည်နဲ့ နယ်ဖတ်ပြီး ရေစင်အောင် ဆေးမယ်။ ခေါင်းဖြုတ်ပြီး အူတွေနုတ်မယ်။ ဘယ်ညာ ဓားရာပေးပြီး အနေတော်တုံးမယ်။ ချက်မယ်ဆို ငါးတုံးတွေကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အရသာမှုန့် ဇွန်းတစ်ဝက်၊ ငါးငံပြာရည် စတီးဇွန်းကြီး ၁ ဇွန်းနဲ့ နယ်ထားမယ်။ ချက်မယ့်အိုးထဲ ဆီ ၅ ကျပ်သားထည့်ပြီး အဆာအတွက် ထောင်းထားတဲ့ ကြက်သွန်နီ ၂ လုံး၊ ကြက်သွန်ဖြူ ၁ ဥ၊ ငရုတ်သီးပွ ၅ တောင့် အားလုံးပေါင်းပြီး ရောကြော်မယ်။ အဆာဖတ်တွေ ရွှေဝါရောင်သန်းရင် ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ၃ လုံး၊ ထောင်းထားတဲ့ ရှမ်းပဲပုပ် ၂ ချပ် ထပ်ထည့်မယ်။ ခရမ်းချဉ်သီးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် ငါးခူတုံးတွေ ထည့်မယ်။ မီးအရှိန်လျှော့ပြီး ငါးတွေကို အထက်အောက်သာသာ လှန်ပေးမယ်။ ငါးထဲပါတဲ့ အရည်ခန်းပြီး ဆီပြန်လာရင် ပွက်စာအတွက် ရေ ၅ ကျပ်သားထည့်၊ အဖုံးအုပ်ပြီး တည်မယ်။ ၃ မိနစ် ပွက်ပွက်ဆူပြီးရင် ငါးခူပဲပုပ်ဟင်း ရပါပြီ။ အနံ့အတွက် ချင်းရွက်၊ ဂျူးမြစ်အရွက်၊ ရှိရာအရွက် ပါးပါးလှီးပြီး ဖြည့်ထည့်ပေးရင် ပြည့်စုံပါပြီ။ အရသာကိုတော့ ကိုယ့်အကြိုက်ဖြစ်အောင် မြည်းကြည့်ပေးပါ။

          ခရမ်းသီးကြက်ဥကြော်အတွက် ဖုတ်ရလွယ်ကူတဲ့ ခရမ်းသီးအရှည် ၂ လုံးကို မီးပြင်းပြင်းမှာ ကျက်အောင် ဖုတ်မယ်။ အခွံနွှာ၊ ရေဆေးပြီး ကြေအောင် ဇွန်းနဲ့ခြေထားမယ်။ စားခါနီးရင် ဆီ စတီးဇွန်းကြီး ၂ ဇွန်းထဲ ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက် ထည့်ကြော်မယ်။ အနံ့မွှေးလာရင် ခရမ်းသီးထည့်ကြော်မယ်။ ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ၊ အရသာ လက်တစ်မလောက် ထည့်မယ်။ ခရမ်းသီး ဆီပြန်လာရင် ကြက်ဥ ၁ လုံးကို ကြေအောင် ခေါက်ပြီး လောင်းထည့်မယ်။ ကြက်ဥနဲ့ ခရမ်းသီးရောသွားအောင် အမြန်မွှေပေးမယ်။ ကြက်ဥဖတ်တွေကျက်ရင် ခရမ်းသီးမီးဖုတ်ကြက်ဥကြော် ရပါပြီ။ အနံ့အတွက် ရှမ်းနံနံတစ်ပင် ပါးပါးလှီးထည့်ပေးလိုက်ပါ။

          အာလူးချဉ်စပ်ဟင်းရည်အတွက် အာလူးကြီး ၂ လုံး ကို အခွံနွှာပြီး ခြစ်နဲ့ အမျှင်ဖြစ်အောင် ဆွဲထားမယ်။ ဟင်း ရည်အိုးထဲ ရေ ၁ လီတာ၊ ကြက်ရိုး ၅ ချောင်း၊ သန့်စင်ပြီး ပြုတ်မယ်။ သုံးပုံတစ်ပုံကျရင် ချင်း ၂ ပြား၊ ၃ ပြား၊ ကြက်သွန်ဖြူ ၃ မြွှာ ဓားပြားရိုက်ထည့်မယ်။ စားခါနီးရင် အာလူးအမျှင်၊ ဆား၊ အရသာ အနေတော်ဖြစ်အောင် ကြည့်မယ်။ ပွက်ပွက်ဆူပြီး အာလူးအမျှင်တွေကျက်ရင် သံပရာရည်တစ်လုံးစာ၊ ငရုတ်သီးအစပ်စားနိုင်သလောက် ထပ်ထည့်ရင် ချဉ်စပ်အရသာနဲ့ အာလူးဟင်းရည် ရပါပြီ။ ကြက်သွန်မြိတ်၊ ပင်စိမ်း ကြိုက်နှစ်သက်ရာအရွက် ခတ်ပေးပါ။

          ပူဒီနာ ငရုတ်သီးထောင်းကိုတော့ ပူဒီနာရွက် ၁ စည်း၊ ငရုတ်သီးစိမ်းမီးကင် ၁၀ တောင့်၊ ကြက်သွန်ဖြူ ၂ မြွှာ၊ မြေပဲ ၄၊ ၅ စေ့၊ ဆားအနည်းငယ် အားလုံးပေါင်းပြီး ထောင်းရင် ပူဒီနာငရုတ်သီးထောင်း ဖြစ်ပါပြီ။

          ကိုယ့်မီးဖိုထဲမှာ ကိုယ့်စိတ်ကြိုက် ဆရာမလို ချက်ချင် သလိုချက်လို့ရတဲ့ ဟင်းအတွဲတချို့ပါ။ ချက်ကြည့်လိုက်ကြပါဦး။

နန်းစန်းစန်းအေး

အဓိပတိ

 

ငါးခူပဲပုပ်ချက်

ငါးခူ  –  ၂၀ ကျပ်သား

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့်  –  ဇွန်းတစ်ဝက်

ငါးငံပြာရည်  –  စတီးဇွန်းကြီး ၁ ဇွန်း

ဆီ  –  ၅ ကျပ်သား

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၁ ဥ

ငရုတ်သီးပွ  –  ၅ တောင့်

ခရမ်းချဉ်သီး  –  ၃ လုံး

ရှမ်းပဲပုပ်  –  ၂ ချပ်

ရေ  –  ၅ ကျပ်သား

 

အာလူးချဉ်စပ်ဟင်းရည်

အာလူး (အလုံးကြီး)  –  ၂ လုံး

ရေ  –  ၁ လီတာ

ကြက်ရိုး  –  ၅ ချောင်း

ချင်း  –  ၂၊ ၃ ပြား

ကြက်သွန်ဖြူ  –  ၃  မြွှာ

သံပရာသီး  –  ၁ လုံး

ငရုတ်သီးစိမ်း  –  လိုသလောက်

ခရမ်းသီးကြက်ဥကြော်

ခရမ်းသီး  –  ၂ လုံး

ဆီ  –  စတီးဇွန်းကြီး ၂ ဇွန်း

ကြက်သွန်ဖြူ  –  ၅ မြွှာ

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

အရသာမှုန့်  –  အနည်းငယ်

ကြက်ဥ  –  ၁ လုံး

ရှမ်းနံနံ  –  ၁ ပင်

ပူဒီနာငရုတ်သီးထောင်း

ပူဒီနာရွက်  –  ၁ စည်း

ငရုတ်သီးစိမ်းမီးကင်  –  ၁၀ တောင့်

ကြက်သွန်ဖြူ  –  ၂  မြွှာ

မြေပဲ  –  ၄၊ ၅ စေ့

ဆား  –  အနည်းငယ်

Facebook Comments