စည်းကမ်းနှင့်အညီ ချက်ကြမည်

by နန်းစန်းစန်းအေး (အဓိပတိ) for Food Magazine

          ဇူလိုင်လမှာတော့  ဆရာမနန်းစန်းစန်းအေးက “ဆိတ်သားကုလားပဲဟင်း” အပါအဝင်  ဟင်းလျာအတွဲအစပ် (၇)မျိုးကို စီစဉ်ထားပါတယ်။ အဲဒီဟင်းလျာအတွဲအစပ်များကတော့ –

၁။       ဝက်သားသရက်သီးသနပ်၊ ပဲကြီးကြာဆံဟင်းရည်၊ ရေကြိုငါးပိအစပ်ကြော်၊ ပဲရွက်သုပ်။

၂။       ဆိတ်သားကုလားပဲဟင်း၊ သရက်သီးမာလာဖူးသုပ်၊ အင်ဥကန်စွန်းရွက်ဟင်းရည်၊ ငါးပိရည်တို့စရာ။

၃။       ဖားသားကင်းမွန်ချဉ်ရွက်ချက်၊ ငါးနီတူခြောက်သုပ်၊ သီးရွက်စုံဟင်းရည်၊ ငရုတ်သီး အညာထောင်း။

၎။       ငါးသလောက်ကြက်သွန်ဥပေါင်း၊ ဖရုံညွန့်ကြော်၊ ကန်စွန်းရွက်ချဉ်ရည်၊ ငရုတ်သီး ငါးပိထောင်း။

၅။       ကြက်အသည်းအမြစ် မဆလာချက်၊ ရုံးပတီသီး ပုစွန်ခြောက်ကြော်၊ ပဲကြီး ဂွေးတောက်ရွက်ဟင်းရည်၊ ကိုင်းခရမ်းချဉ်သီးထောင်း။

၆။       အမဲခြောက် ခရမ်းချဉ်သီးချက်၊ ပန်းမုန်လာ ကြက်ဥကြော်၊ ကြက်ရိုးပြုတ်ဟင်းရည်၊ ဂွေးသီးငါးပိချက်။

၇။       ပုစွန်ငရုတ်သီးချက်၊ ပဲသီးပြုတ်သုပ်၊ ဖလံတောင် ဝှေးဟင်းရည်၊ မန်ကျည်းရွက်ငါးပိကြော်။

          အဆိုပါ ဟင်းလျာအတွဲအစပ် (၇)မျိုးထဲမှ ဆိတ်သားကုလားပဲဟင်း၊ သရက်သီးမာလာဖူးသုပ်၊ အင်ဥ ကန်စွန်းရွက်ဟင်းရည်၊ ငါးပိရည်တို့စရာတို့ကို တင်ဆက်ပေးလိုက်ပါတယ်။

စည်းကမ်းနှင့်အညီ ချက်ကြမည်

          “အစ်မ ဈေးရောင်းကောင်းလား”

          “ရောင်းကောင်းသလား မမေးနဲ့။ ပျော်လားလို့ မေးဟယ်”

          “ပျော်မပျော်ကတော့ ကြည့်ရုံနဲ့ သိပါတယ်”

          “ဒါဆိုလည်း ပြီးရောလေ။ ကိုယ့်အစ်မ ပျော်ပျော်ပါးပါး အလုပ်တွေ လုပ်နေတယ်လို့ မှတ်”

          “တချို့က ပြောကြတယ်။ ဒီအရွယ်မှာ အလုပ်တွေလုပ်နေတာ လောဘကြောင့်၊ လိုချင်ခြင်းတွေကြောင့်လို့”

          “တော်ပါ ညီမလေးရယ်။ ပတ်ဝန်းကျင် ပြောစကားတွေ လိုက်ဂရုစိုက်နေလို့ကတော့ လောကကြီးမှာ နေလို့တောင် ရမှာမဟုတ်ဘူး”

          “ဒါနဲ့ အမြန်လမ်းဥပဒေအရ အစ်မတို့ ဆိုင်ရှေ့ကို ပိတ်မယ်လို့ ကြားနေပါလား”

          “ပိတ်ဆိုလည်း ပိတ်လိုက်မှာပေါ့။ ဥပဒေအပေါ်မှာ ကျော်ပြီး ဘာမှမလုပ်ဘူး။အမြန်လမ်းဘေး ထမင်းဆိုင် ဖွင့်လို့ဆိုတဲ့  ဥပဒေနဲ့ဖမ်းပြီး ထောင်ချမှာ ကြောက်လှပါရဲ့”

          “အများကြီးရင်းနှီးထားပြီး နှမြောစရာ အစ်မရယ်”

          “ဖွင့်လို့ရတဲ့အချိန်အထိတော့ ဖွင့်မယ်။ မဖွင့်ရဘူးဆိုရင်တော့ အပင်တွေစိုက်ပြီး အေးဆေးနေမယ်။ အခု တောင် စပါးတွေစိုက်တော့မှာ။ နောက်တစ်လလောက်ဆို စပါးပင်ပျိုတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုနေမှာ။ မြေတွေမှာ စိုက်ချင်တာ ထပ်စိုက်လိုက်ဦးမယ်။ ထမင်းလာစားရင်း ခင်မင်တဲ့သူတွေ လက်ဆောင်သယ်လာပေးတဲ့ အပင်ပေါင်းစုံကိုလည်း လှပဝေဆာနေအောင်လုပ်မယ်။ အရိပ်ရအပင်တွေ၊ အသီးစားရမယ့် အပင်တွေရောပေါ့”

          “တို့အစ်မ တကယ့်ကို စိတ်နှစ်ပြီး ပျော်နေတာပဲ”

          “ပျော်လက်စနဲ့ အပျော်ဆုံးအရာတွေ လုပ်ကြရအောင်။ ဆိတ်ပဲဟင်းနဲ့ အင်ဥကန်စွန်း ဟင်းရည်သောက် ချက်မယ်။ သရက်သီးနဲ့ မာလာဖူးသုပ်၊ အငန်အတွက် ငါးပိရည်ဖျော်၊ အရွက်အသီးအစုံတို့ ချက်မယ်”

          ဆိတ်သား ၃၀ ကျပ်သားမှာ အရိအရွဲတွေဖယ်ပြီး လက်မလောက် အတုံးသေးတွေ တုံးမယ်။ အဆာအတွက် ချင်း လက်တစ်ဆစ်၊ စပါးလင် အရင်းပိုင်း လက် ၅ လုံး၊ ဇီရာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်နီ ၃ ဥ၊ ကြက်သွန်ဖြူ ၂ ဥ၊ ငရုတ်ပွ ၅ တောင့် အစေ့ထုတ်၊ ရေစိမ်၊ နနွင်း လက် တစ်ဆစ်စာ အားလုံးပေါင်းထောင်းပြီး ဆား လက်ဖက် ရည်ဇွန်း ၁ ဇွန်း၊ အရသာ ဇွန်းတစ်ဝက်နဲ့အတူ ဆိတ်သား တွေကိုရောပြီး နာရီဝက်နယ်နှပ်ထားမယ်။

          အချိန်စေ့လို့ ချက်မယ်ဆိုရင် အိုးထဲ ဆီ ၅ ကျပ်သားထည့်ပြီး နယ်ထားတဲ့ ဆိတ်သား၊ ရေစိမ်ထားတဲ့ ကုလားပဲ ၁၀ ကျပ်သား ထည့်လုံးမယ်။ ဆိတ်သားထဲပါတဲ့ အရည်တွေခန်းပြီး ဆီသံဖြစ်ဖြစ်မြည်လာရင် ကရဝေးရွက် ၂ ရွက်၊ ပျဉ်းတော်သိမ် ၁ ခက်၊ သစ်ကြံပိုးခေါက် ၁ ခေါက်၊ အသား မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ဖြည့်မယ်။ မီး အရှိန်လျှော့၊ ရေ ၁၀ ကျပ်သား ၂ ခွက်ဖြည့်ပြီး ဆိတ်သား နဲ့ ပဲနူးအောင် အဖုံးအုပ်တည်မယ်။ ရေခန်းပြီး ဆီပြန်လာရင်တော့ လိုအပ်တဲ့ ဆား၊ အရသာ၊ ရေတို့ကို ထပ်ဖြည့် ထည့်ပေးပါမယ်။ ဆိတ်သားရော ပဲပါ နူးနပ်သွားရင်တော့ အနံ့မွှေးပြီး အရသာပြည့်စုံတဲ့ ဆိတ်ပဲဟင်း ရပါပြီ။

          အင်ဥ ကန်စွန်းရွက်အရည်သောက်အတွက် အင်ဥ ၁၀ ကျပ်သား ရေစင်စင်ဆေးကြောပြီး ထက်ခြမ်းခြမ်း ထားမယ်။ ကန်စွန်းရွက်တစ်စည်းကို အရိုးတွေ ထက်ခြမ်းခွဲပြီး သန့်စင်ထားမယ်။ ချက်မယ့်အိုးထဲ ရေ ၁ လီတာနဲ့အတူ ကြက်သွန်ဖြူ ၅ မြွှာ ဓားပြားရိုက်၊ ကြက်သွန်နီ ၁ ဥ ပါးပါးလှီး၊ ငါးကင်တစ်ကောင်ရဲ့အသား၊ ငါးပိ ၁ လက်မ၊ ဆား စတီးဇွန်း တစ်ဝက်၊ အရသာ လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံနဲ့အတူ အင်ဥတွေထည့်ပြီး ပွက်ပွက်ဆူအောင် ၁၀ မိနစ် တည်မယ်။

          စားခါနီးရင် ပိုင်းဖြတ်ထားတဲ့ ကန်စွန်းရွက် ထည့်ခတ်မယ်။ အနံ့မွှေးအောင် မစပ်တဲ့ ငရုတ်သီးစိမ်း ထက် ခြမ်းခွဲ ပေါင်းထည့်ပေးပြီးရင်တော့ အင်ဥကန်စွန်းရွက်ဟင်း အရည်သောက်ရပါပြီ။

          သရက်သီးသုပ်ကိုတော့ သရက်သီးတစ်ခြမ်း၊ သို့မဟုတ် တစ်လုံး အမျှင်ဖြစ်အောင် ခြစ်နဲ့ ခြစ်ယူမယ်။ ရေစင်စင်ဆေးပြီး ဆန်ခါနဲ့စစ်ထားမယ်။ မာလာဖူး ၂ ဖူး ပါးပါးလှီးနဲ့အတူ မြေပဲမှုန့် စတီးဇွန်းကြီး ၁ ဇွန်း၊ ပဲမှုန့် ဇွန်းတစ်ဝက်၊ ကြက်သွန်ဖြူဆီချက် ၁ ဇွန်း၊ ဆား၊ အရသာ၊ အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန့် အားလုံးပေါင်း နယ်လိုက်ရင် သရက်သီးသုပ်ဖြစ်ပါပြီ။

          အိမ်တိုင်းမှာ ရှိတဲ့ ငါးပိရည်ဖျော်နဲ့အတူ အတို့စုံ ပေါင်းလိုက်ရင် ပြည့်စုံတဲ့ ဟင်းအတွဲဖြစ်ပါပြီ။

          ကိုယ့်ပျော်ရွှင်မှုအတွက်ဆိုပေမယ့် ဘာအလုပ်ကို ပဲလုပ်လုပ် စည်းထဲဘောင်ထဲကပဲ လုပ်ရမယ်ဆိုတဲ့ အသိနဲ့အတူ ချက်ဖို့ဟင်းတချို့ပါ။

နန်းစန်းစန်းအေး (အဓိပတိ)

မြန်မာအစားအစာ

၁၁၀/၅ ဖာလုံ

အမြန်လမ်း၊ ဖြူးမြို့နယ်။

အင်ဥကန်စွန်းရွက်ဟင်းရည်

ပါဝင်ပစ္စည်းများ

အင်ဥ  –  ၁၀ ကျပ်သား

ကန်စွန်းရွက်  –  ၁ စည်း

ရေ  –  ၁ လီတာ

ကြက်သွန်ဖြူ  –  ၂ မြွှာ

ကြက်သွန်နီ  –  ၁ ဥ

ငါးကင်  –  ၁ ကောင်

ငါးပိ  –  အနည်းငယ်

ဆား  –  စတီးဇွန်း တစ်ဝက်

အရသာမှုန့်  –  လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ

သရက်သီးမာလာဖူးသုပ်

ပါဝင်ပစ္စည်းများ

သရက်သီး  –  တစ်ခြမ်း (သို့) တစ်လုံး

မာလာဖူး  –  ၂ ဖူး

မြေပဲမှုန့်  –  စတီးဇွန်းကြီး ၁ ဇွန်း

ပဲမှုန့်  –  ဇွန်းတစ်ဝက်

ကြက်သွန်ဖြူဆီချက်  –  ၁ ဇွန်း

ဆား၊ အရသာမှုန့်  –  အနည်းငယ်

ဆိတ်သားကုလားပဲဟင်း

ပါဝင်ပစ္စည်းများ

ဆိတ်သား  –  ၃၀ ကျပ်သား

ချင်း  –  လက်တစ်ဆစ်

စပါးလင်  –  လက် ၅ လုံး

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၃ ဥ

ကြက်သွန်ဖြူ  –  ၂ ဥ

ငရုတ်ပွ  –  ၅ တောင့်

နနွင်း  –  လက်တစ်ဆစ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရသာမှုန့်  –  ဇွန်းတစ်ဝက်

ဆီ  –  ၅ ကျပ်သား

ကုလားပဲ  –  ၁၀ ကျပ်သား

ကရဝေးရွက်  –  ၂ ရွက်

ပျဉ်းတော်သိမ်  –  ၁ ခက်

သစ်ကြံပိုး  –  ၁ ခေါက်

မဆလာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရေ  –  ၁၀ ကျပ်သား

Facebook Comments