
24 - November - 2017
by Meemeetofu for Food Magazine
အလွန်စားကောင်းတဲ့ ငှက်ပျောဆနွင်းမကင်းလုပ်နည်းလေး ရေးပေးလိုက်ပါတယ်။ မမီး ငှက်ပျောဆနွင်းမကင်းလုပ်တဲ့အခါ ငှက်ပျောသီးပါဝင်မှုများပြီး အသားကြေ ဆီပြန်လာတဲ့အထိ မွှေထားတာပါ။ မုန့်မွှေတဲ့အခါမှာ ရွှေကြည်နပ်ချိန် ခပ်ပျော့ပျော့လေးမှာ ချမလား၊ မုန့်သား လုံးထွေး ရေခြောက်သွားမှ မီးအပူက ဖယ်မလားဆိုတာ ဘယ်လိုမုန့်သားအနေအထားကို ကြိုက်နှစ်သက်လည်းအပေါ်မှာ မူတည်ပါတယ်။
ပါဝင်သောပစ္စည်းများ
ငှက်ပျောသီး – ၆၀ဝ ဂရမ်
(သီးမွှေး/ရခိုင် အခွံနွှာပြီးသားကို ချိန်ထားတာပါ)
သကြား – ၇၀ ဂရမ်
အုန်းနို့ – ဘူးတစ်ဝက်/ ၂၀ဝ မီလီလီတာ
ကြက်ဥ – ၁ လုံး
ထောပတ် – ၅၀ ဂရမ်
ရွှေကြည် – ၇၅ ဂရမ်
ဂျုံမှုန့် – ၂၀ ဂရမ် (all purpose flour)
အနီရောင်အစာဆိုးဆေး – ၃-၄ စက်
ဘိန်းစေ့ – စားပွဲဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
မုန့်ဖုတ်ဗန်း (အရွယ် ၆ x ၆ x ၂ လက်မ)
ပြုလုပ်ပုံ
၁။ မုန့်မကပ်အောင် မုန့်ဖုတ်မည့် ဗန်းအောက်ခြေကို ထောပတ်/ အုန်းဆီ သုတ်ထားပါ။
၂။ အုန်းနို့ဦးရည် စားပွဲဇွန်း ၄ ဇွန်းခန့် ဖယ်ထားပါ။
၃။ ခွက်တစ်ခုထဲ အုန်းနို့၊ ကြက်ဥကို ရောခေါက်ပါ။ ဆား၊ သကြားထည့်ခေါက်ပါ။
၎။ မီးဖိုပေါ်မှာ မုန့်မွှေမည့်အိုးတင်ပြီး ရွှေကြည်ထည့်မွှေ၊ အနည်းငယ်ညိုလာသည်အထိ မီးအေးအေးနှင့် လှော်ပါ။ ထောပတ်ထည့်မွှေပါ။
၅။ အုန်းနို့ ကြက်ဥအရော၊ ငှက်ပျောသီးတို့ကို ထည့်မွှေပါ။ ဂျုံကို ဆန်ခါနှင့် စစ်ချပြီး အနှံ့အပြား မျှထည့်ပါ။ မီးအေးအေးဖြင့် မုန့်သား လုံးထွေးလာပြီး ဆီပြန်လာသည်အထိ မွှေပါ။ အနီရောင် အစာဆိုးဆေး အနည်းငယ်ထည့်မွှေပါ။
၆။ အသင့်ပြင်ထားသော ဗန်းထဲ လောင်းချပါ။ မျက်နှာပြင်ညှိပါ။ ဖယ်ထားသော အုန်းနို့အနှစ်ကို အပေါ်မှ ညီညာအောင်ဖြန့်ခင်းပါ။ ဘိန်းစေ့ဖြူးပါ။
၇။ မီးသွေးမီးဖိုဖြင့် ဖုတ်ပါက အောက်မီးနည်းနည်း၊ အပေါ်မီး ကျဲကျဲဖြင့် ဖုတ်ပေးပါ။ ဖန်အိုး (Convection Oven/Halogen Oven) နှင့် ဖုတ်ပါတယ်။ ၄၅၀ံF ၁၀ မိနစ်ခန့် မုန့်မျက်နှာပြင် ရွှေအိုရောင်ဖြစ်လာသည်အထိ ဖုတ်ပါ။
၈။ အပေါ်မျက်နှာပြင် ရွှေအိုရောင်ဖြစ်လျှင် အပြင်ထုတ်ပြီး အအေးခံပါ။ လုံးဝအေးသွားမှ နှစ်သက်သလို လှီးပါ။