ငှက်ပျောကြော် ကြွပ်ကြွပ်ချိုချိုလေး

by Meemeetofu for Food Magazine

          ငှက်ပျောကြော်ဆိုလျှင် ကော်ပြန့်ဖက်ခွံနဲ့ကြော်တာ အကောင်းဆုံးလို့ မှတ်ယူထားခဲ့မိတယ်။ ကြာကြာကြွပ်တာကိုး။ အဲဒီနည်းက ဖက်ခွံရှိလျှင် လူတိုင်း အလွယ်ကြော်စားလို့ ရနေတော့ နည်းရေးရလောက်အောင် မထူးခြားဘူး။ အခု မုန့်ရည်စပ်ပြီး ကြော်တာက ပညာလည်းပါ၊ စားလို့လည်း ကောင်းပြီးတော့ အချိန်ကြာကြာလည်း ကြွပ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆန်မှုန့် (အစိမ်းမှုန့်)  –  ၈၀ ဂရမ် ( ၅ ကျပ်သားခန့်)

ပဲမှုန့်  –  ၂၀ ဂရမ် (စားပွဲဇွန်း ၁ ဇွန်း မောက်မောက်)

ပြောင်းကော်မှုန့်  –  ၂၀ ဂရမ်  (စားပွဲဇွန်း ၁ ဇွန်း မောက်မောက်)

နှမ်း  –  ၂၀ ဂရမ် (စားပွဲဇွန်း ၂ ဇွန်း)

သကြား  –  စားပွဲဇွန်း ၁  ဇွန်း (မောက်မောက်)

ဆား  –  အနည်းငယ်

ထုံးရည်ကြည်  –  ၁၂၀ မီလီလီတာ

ဘိတ်ကင်းပေါင်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သီးမွှေးငှက်ပျောသီး  –   ၄ လုံး

ကြော်နည်း

၁။       ပါဝင်ပစ္စည်း အားလုံးကို ဇလုံတစ်ခုမှာ ရောမွှေထားပါ။

၂။       ငှက်ပျောသီးကို အခွံနွှာပြီး အစွေလိုက် မထူမပါးလှီးပါ။

၃။       ကြော်မယ့်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ငှက်ပျောသီးများကို မုန့်နှစ်ရည်ထဲနှစ်ပြီး ဇွန်းဖြင့်ခပ်ယူကာ ဆီပူထဲ ထည့်ကြော်ပါ။ ဟိုဘက်၊ ဒီဘက်လှန်ပေးရပြီး ရွှေအိုရောင် သန်းလာတဲ့အခါ ဆယ်ယူပြီး ဆီစစ်ပါ။ အေးသွားအောင် ခနစောင့်ပြီးမှ သုံးဆောင်ပါ။ သကြားပါတာကြောင့် ချခါစမှာ အလွန်ပူပြီး ပျဉ်းတွဲဖြစ်နေပါတယ်။ သေချာ အေးသွားမှ ကြွပ်ပါတယ်။

ငှက်ပျောကြော် ကြော်တဲ့အခါ…

၁။       မီးအပူရှိန် အလယ်အလတ်မှာသာ ရှိရပါမယ်။

၂။       မီးပြင်းလျှင် ကျွမ်းလွယ်ပါတယ်။

၃။       ပါဝင်ပစ္စည်း တစ်မျိုးတလေ မရှိလို့ဆိုပြီး ချန်ထားခဲ့လို့ မရပါ။ ငှက်ပျောကြော် ကြာကြာကြွပ်ဖို့ ပါဝင်ပစ္စည်းတိုင်း သူ့နေရာနဲ့သူ  အရေးပါပါတယ်။

၎။       မုန့်ရည်စပ်ဖို့ အတိအကျပေးထားပေမယ့်လည်း ချိန်ခွင်ခြင်ခွက်မရှိသူတို့က မျက်မှန်းဖြင့် မုန့်ရည်စပ်တဲ့အခါ မုန့်ရည်မပျစ်မကျဲ အနေအထားရအောင် စပ်ပါ။ ရေများလို့ အမှုန့်ထပ်ရောလျှင် အချိုးလွဲသွားနိုင်ပါတယ်။

၅။       ရေနည်းလျှင် မကြွပ်ဘဲ မာပြီး ပျဉ်းတွဲ ဖြစ်တတ်ပါတယ်။

၆။       ကွမ်းစားထုံး လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ ၅၀ဝ မီလီလီတာနဲ့ ရောဖျော်ပြီး အပေါ်ရေကြည် ၁၂၀ မီလီလီတာကိုပဲ သုံးပါ။

Facebook Comments