ငုံးဥ အာလူးငါးပိချက် (Quail Egg and Potato with Shrimp Paste)

by Syi Lwin (Foodsgarden) for Food magazine

              ဘယ်အချိန်ပဲကြည့်ကြည့်၊ ဘယ်လိုပဲလုပ်စားစား ချစ်ဖို့ကောင်းတဲ့ ငုံးဥကို ကလေးတွေ ကြိုက်ကြမှာပါ။ ကြက်ဥမစားတဲ့ ကလေးများအတွက် အကောင်းဆုံး ဟင်းတစ်ခွက်ပါ။ ကြက်ဥချက်သလိုပဲ ချက်စားရတဲ့ အရသာလေးကလည်း တစ်မျိုးလေးမို့ ချက်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ငုံးဥ  –  ၂၀ လုံး (ပြုတ်ထားပြီး အခွံနွှာထားပါ)

အာလူး  –  ၂ လုံး (အခွံနွှာပြီး အတုံးသေးလေးတွေ တုံးထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပင်စိမ်း  –  ၃ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဟင်းအနှစ်လုပ်ရန် ပါဝင်ပစ္စည်း

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ချင်း  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်သီးခြောက်  –  ၈ တောင့်

အရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း  ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

အသီးအရွက်ဆီ  –  စားပွဲဇွန်း ၃  ၁/၂ ဇွန်း

ခရမ်းချဉ်သီး  –  ၂ လုံး ( ခပ်ကြမ်းကြမ်းလေး လှီးထားပါ)

ပြုလုပ်နည်း

၁။       ဟင်းအနှစ်လုပ်ရန် ပါဝင်သောပစ္စည်းများ အားလုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်ပါ။

၂။       စောက်နက် အိုးထဲမှာ ဆီပူအောင်တည်ပါ။ ဆီပူလာလျှင် ငါးပိကို အရင်မွှေးအောင် ဆီသတ်ပါ။ ပြီးမှ ဟင်းအနှစ်များထည့်ပြီး ဆီသတ်ပါ။ အနံ့သင်းမွှေးလာလျှင် အာလူးတုံးများထည့်ပြီး နှံ့အောင် မွှေပေးပါ။ ရေ အနည်းငယ်ထည့်ပါ။ မီးအနေတော်နှင့် ၅ မိနစ်ခန့် တည်ပါ။

၃။       အာလူးအနည်းငယ်နူးလျှင် ငုံးဥများနှင့် ဆားထည့်ပြီး ဆီကျန်၊ ရေကျန်လာသည်အထိ တည်ပါ။ ဆားမြည်းပြီး လိုတာထပ်ထည့်ပါ။ မီးဖိုပေါ်က မချခင်  ပင်စိမ်းအုပ်ပါ။ အသင့်သုံးဆောင်လို့ ရပါပြီ။

www.facebook.com/Syi Foodsgarden

Facebook Comments