
6 - August - 2018
by Chef Sunny for Food Magazine
ဒီလအတွက် ရွေးချယ်ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ “ငုံးဇီရာအကြွပ်ကြော်နှင့် ဗိုလ်စားပဲ မုန်လာဥနီသုပ်” လေးပါပဲ။ ဗိုလ်စားပဲနှင့် မုန်လာဥနီကို ရှမ်းပဲပုပ်ခြောက်လေးနှင့် သံလွင်ဆီတို့နဲ့ ပေါင်းစပ်ပြင်ဆင်ထားတာမို့ ရှမ်းအစားအစာနဲ့ ဥရောပအစားအစာ ပြင်ဆင်နည်းနှစ်မျိုးကို ပေါင်းစပ်ထားတဲ့ FUSION STYLE ဟင်းလျာအတွဲလေးပါ။ ငုံးသားကိုလည်း ဇီရာ၊ ဒိန်ချဉ်တို့နဲ့ အရသာသွင်းပြီးမှ ဆီမြုပ်ကြော်ထားပါတယ်။ အရမ်းအရသာရှိပြီး ဇီရာနံ့လေးသင်းနေတဲ့ ဟင်းလျာ အတွဲလေးပါပဲ။ ကဲ… ပြင်ဆင်ရတာ လွယ်ကူပြီး အရသာထူးခြားတဲ့ ဟင်းလျာအတွဲလေး ပြင်ဆင်ကြည့်ကြရအောင်။ OK, WOW!!! SO BEAUTIFUL!!!
ငုံးဇီရာအကြွပ်ကြော်
ပါဝင်ပစ္စည်းများ
ငုံး – ၂ ကောင်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဆား – အနည်းငယ်
ဒိန်ချဉ် – စတီးဇွန်း ၂ ဇွန်း
ဇီရာစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်ချိုမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပဲဆီသန့် – ၅၀ ကျပ်သား
ဆလတ်ရွက် – အနည်းငယ်
ကြက်သွန်ဖြူ – ၂ မြွှာ
ရှမ်းငရုတ်သီးစိမ်း – ၁ တောင့်
သံပရာသီး – ၁ စိတ်
ပဲငံပြာရည် – အနည်းငယ်
ငါးငံပြာရည် – အနည်းငယ်
ပြုလုပ်ပုံ
၁။ ငုံးသားကို ၄ ပိုင်းပိုင်းပြီး နနွင်းမှုန့်၊ မဆလာ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဒိန်ချဉ်၊ ဇီရာမှုန့်၊ တရုတ်မဆလာ၊ ငရုတ်ချိုမှုန့်တို့နှင့် အရသာသွင်းထားပါ။
၂။ အိုးထဲမှာ ပဲဆီသန့်ကို အပူပေး၍ အသင့်အရသာသွင်းထားသော ငုံးသားကို အကြွပ်ကြော်ပြီး ဆီစစ်ထားပါ။
၃။ ရှမ်းငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူတို့ကို ပါးပါးလှီး၍ သံပရာရည်၊ ပဲငံပြာရည်၊ ငါးငံပြာရည် အနည်းငယ်တို့နှင့် ဆော့စ်ပြုလုပ်ပြီး ငုံးကြွပ်ကြော်ကို ဆလတ်ရွက် အနည်းငယ်နှင့် တည်ခင်းပါ။
ဗိုလ်စားပဲမုန်လာဥနီသုပ်
ပါဝင်ပစ္စည်းများ
ဗိုလ်စားပဲ – ၁၀ ကျပ်သား
မုန်လာဥနီ – ၁/၃ လုံး
ပဲဆီသန့် – ၅ ကျပ်သား
ဂျူးပဲပုပ်ခြောက် – ၂ ချပ်
ရှမ်းငရုတ်သီးစိမ်း – ၂ တောင့်
ကြက်သွန်နီ – ၁ လုံး
ကြက်သွန်ဖြူ – ၂ မြွှာ
ပုစွန်ခြောက် – စတီးဇွန်း ၂ ဇွန်း
ပစ်စတာချိုအစေ့ – ၁၀ စေ့
နံနံပင် – အနည်းငယ်
သံပရာသီး – ၁ လုံး
ပန်းသီးရှလကာရည် – စတီးဇွန်း ၁ ဇွန်း
ငါးငံပြာရည် – အနည်းငယ်
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
သံလွင်ဆီ – စတီးဇွန်း ၂ ဇွန်း
ဆလတ်ရွက် – အနည်းငယ်
ပြုလုပ်ပုံ
၁။ ဗိုလ်စားပဲကို အတောင့်လိုက် ဆားခတ်ထားသော ရေနွေးမှာ ၂ မိနစ်ခန့်ပြုတ်ပြီး ရေခဲရေမှာ စိမ်ထားပါ။
၂။ မုန်လာဥနီကို အခွံနွှာပြီး အမျှင်ပါးပါးလှီး၍ ရေခဲရေမှာ စိမ်ထားပါ။
၃။ ရှမ်းငရုတ်သီးစိမ်းကို အစေ့ထုတ်၍ အမျှင်ပါးပါးလှီးပြီး ရေခဲရေမှာ စိမ်ထားပါ။
၎။ ဂျူးပဲပုပ်ခြောက် ၂ ချပ်ကို ပဲဆီသန့်နှင့် အနည်းငယ်ကြော်ပြီး ထောင်းထားပါ။
၅။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီး ရေခဲရေမှာ စိမ်ထားပါ။
၆။ ပုစွန်ခြောက်ကို ရေအနည်းငယ်စိမ်၍ ထောင်းထားပြီး ပစ်စတာချိုအစေ့ကို အခွံနွှာထားပါ။
၇။ အသင့်ပြုတ်ပြီး ရေခဲရေစိမ်ထားသော ဗိုလ်စားပဲကို ပါးပါးလှီး၍ နံနံပင် အနည်းငယ်၊ သံပရာရည်၊ ပန်းသီးရှလကာရည်၊ ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ဂျူးပဲပုပ်ခြောက်မှုန့်၊ သံလွင်ဆီတို့နှင့် အသင့်လှီးထားသော မုန်လာဥနီ၊ ရှမ်းငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကိုရော၍ သုပ်ပြီး ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။
၈။ အသင့်အအေးခံထားသော ဗိုလ်စားပဲနှင့် မုန်လာဥနီသုပ်ကို ဆလတ်ရွက် အနည်းငယ်ခင်းပြီး ပစ်စတာချိုအစေ့ဖြူး၍ တည်ခင်းပါ။