
30 - July - 2018
by Sofia for Food Magazine
ထမင်းမြိန်စေမယ့် ငါး ပဲငါးပိဆိုင်ဟင်းလေးကို အတော်များများ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ချက်ရတာ လွယ်ကူမြန်ဆန်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကိုယ်တိုင်လုပ် ပဲငါးပိနဲ့ ချက်ထားခြင်းဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကို ကြိုတင်လှီးဖြတ်ထားပြီး စားခါနီးမှသာလျှင် ကြော်ပြီး ပူပူနွေးနွေး သုံးဆောင်နိုင်ပါတယ်။ ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
ငါး (နှစ်သက်ရာ ငါးအသား) – ၂၀ဝ ဂရမ် (ပုစွန်၊ ကြက်သား၊ အမဲသား)
ကြက်သွန်နီ – အနေတော် ၂ လုံး
ချင်းကြက်သွန်ဖြူထောင်း – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – ဇွန်းတစ်ဝက်
ဟင်းခတ်မှုန့် – ၁ ဇွန်း
ကော်မှုန့် – ၁ ဇွန်း
ပဲငါးပိအစပ် – စားပွဲဇွန်း ၁ ဇွန်း (ဈေးမှာ ရှမ်းချဉ်ဖြင့် တွဲရောင်းပါတယ်)
ခရမ်းချဉ်သီး – ၁ လုံး
ကြက်သွန်မြိတ် – ၂ ပင်
ငရုတ်သီးစိမ်းအနီ – ၃ တောင့်
ဆီ – လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
၁။ ဦးစွာ ငါးအသားကို အနေတော်အရွယ် ခပ်စောင်းစောင်း လှီးဖြတ်၍ ဆား၊ ဟင်းခတ်မှုန့်၊ ချင်းကြက်သွန်ဖြူထောင်း၊ ကော်မှုန့်ထည့်ပြီး နယ်ထားပါ။
(နယ်ပြီး ရေခဲသေတ္တာထဲမှာ တစ်ခါချက် အထုပ်လေးများ ထုပ်ပြီး သိမ်းထားပါက ချက်ခါနီး အဆင်သင့်မြန်ဆန်စွာ ချက်နိုင်ပါတယ်။)
၂။ ကြက်သွန်နီ မထူမပါးလှီးထားပါ။ ခရမ်းချဉ်သီးအမြှောင်း ခပ်ထူထူစိတ်ထားပါ။ ငရုတ်သီး ထက်ခြမ်းခြမ်းထားပါ။ ကြက်သွန်မြိတ် ၁ လက်မအရှည်ဖြတ်ထားပါ။
၃။ အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ (ဆီအနည်းငယ် ပိုထည့်ပေးမှ ဟင်းပွဲလှပါတယ်။)
၎။ ဆီပူလျှင် ကြက်သွန်ထည့်ပြီး ကြော်ပါ။ မီးပြင်းပြင်းဖြင့် အရောင်ပြောင်းရုံကြော်ပါ။ ပဲငါးပိထည့်ပြီး ငါးအသားထည့်ကြော်ပါ။
၅။ အရောင်ပြောင်းပါက ကြက်ပြုတ်ရည် (သို့) ရေအနည်းငယ်ထည့်ပေးပါ။ နည်းနည်းစီ ထည့်ပါ။
၆။ ငါးအသားကျက်ပါက အရသာအပေါ့အငန် မြည်းပါ။ ငရုတ်သီးခြမ်း၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ် ထည့်၍ သမအောင်မွှေပြီး မီးဖိုမှချကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။(မီးပြင်းပြင်းဖြင့်ကြော်ပြီး အရည်စပ်စပ်ဖြင့်ချပါ။ ကြက်သွန်တအားခြောက်ပြီး နွမ်းလျှင် စားမကောင်းပါ။)