ငါးနှင်းဖြူ၊ ခရမ်းချဉ်သီး၊ အော်ရီဂါနိုဆော့စ်နှင့် ဆလတ်ရိုး၊ မုန်လာဥနီသုပ် (Pan-Grilled Snow Cod Fish Steak in Tomato – Oregano Sauce & Lettuce Stalk with Carrot Salad)

ငါးနှင်းဖြူ၊ ခရမ်းချဉ်သီး၊ အော်ရီဂါနိုဆော့စ်နှင့် ဆလတ်ရိုး၊ မုန်လာဥနီသုပ်

(Pan-Grilled Snow Cod Fish Steak in Tomato – Oregano Sauce & Lettuce Stalk with Carrot Salad)

          ဒီလအတွက် ထပ်မံဖော်ပြပေးချင်တဲ့ ဟင်းလျာအတွဲကတော့ ‘ငါးနှင်းဖြူ၊ ခရမ်းချဉ်သီး၊ အော်ရီဂါနို ဆော့စ်နှင့် ဆလတ်ရိုး၊ မုန်လာဥနီသုပ်’ လေးပါပဲ။ အလွန်နူးညံ့ပြီး အရသာ မျှတလှတဲ့ ငါးနှင်းဖြူအိုးကပ်ကင် လေးကို ခရမ်းချဉ်သီးနဲ့ အော်ရီဂါနိုရွက် လတ်လတ်ဆတ်ဆတ်လေးရတုန်း ပြင်ဆင်ခဲ့တဲ့ဟင်းလျာလေးပါ။ အနောက်တိုင်းအစားအစာပြင်ဆင်နည်းကို  အခြေခံပြီးပြင်ဆင်ထားတဲ့ ငါးနှင်းဖြူအိုးကပ်ကင်ကို ထူးခြားတဲ့ ရှမ်းအစားအစာပြင်ဆင်နည်းလေးကို အခြေခံထားတဲ့ဆလတ်ရိုးနဲ့ မုန်လာဥနီသုပ်လေးနဲ့ တွဲဖက်ထားတာ ကြောင့် ထူးခြားပြီး အာဟာရပြည့်ဝစေမှာပါ။ ငါးနှင်းဖြူဆိုတဲ့  “Snow Cod Fish” က ပင်လယ်ငါးဖြစ်တာ ကြောင့် အာဟာရပြည့်ဝသလို ဆလတ်ရိုးနဲ့ မုန်လာဥနီကို ချင်းပဲပုပ်လေးနဲ့ ထူးခြားစွာပြင်ဆင်ထားတာက လည်း အလွန်လိုက်ဖက်စေမှာပါ။ ကဲအရှေ့တိုင်းရိုးရာအစားအစာလေးနဲ့ အနောက်တိုင်းအစားအစာ ဟင်းလျာအတွဲလေး ချက်ကြည့်ကြရအောင်ဗျား …

ငါးနှင်းဖြူ ခရမ်းချဉ်သီး အော်ရီဂါနိုဆော့စ်

►   ပါဝင်ပစ္စည်းများ

♦   ငါးနှင်းဖြူ   –   ၁၈ဝ ဂရမ်

♦   သံပရာသီး   –   ၁ စိတ်

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   အော်ရီဂါနိုရွက်   –   အနည်းငယ်

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ချင်း   –   အနည်းငယ်

♦   ပန်းသီးရှလကာရည်   –   ၁ ဇွန်း

♦   ရေသန့်   –   ၁ဝဝ မီလီလီတာ

♦   သံလွင်ဆီ   –   ၁ ဇွန်း

♦   ခရမ်းချဉ်သီးအနှစ်   –   ၅ ဇွန်း

♦   ကြက်သားမှုန့်   –   အနည်းငယ်

►   ချက်ပြုပုံအညွှန်း

၁။      ငါးနှင်းဖြူကို သံပရာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့နှင့် အရသာသွင်းထားပါ။

၂။      အော်ရီဂါနိုရွက်၊ ကြက်သွန်ဖြူ၊  ချင်း၊ ပန်းသီးရှလကာရည်၊ ရေသန့်တို့နှင့် ရောကြိတ်ပြီး ငါးနှင်းဖြူကို အနည်းငယ် အရသာထပ်သွင်းထားပါ။

၃။      အကင်အိုးတွင် သံလွင်ဆီကို အပူပေးပြီး အရသာသွင်းထားသော ငါးနှင်းဖြူကို အိုးကပ်ကင်ထားပါ။

၎။      ဒယ်အိုးတွင် ခရမ်းချဉ်သီးအနှစ်ကို အော်ရီဂါနိုအနှစ်၊ ဆား၊ ငရုတ် ကောင်းမှုန့်နှင့် ကြက်သားမှုန့် အနည်းငယ်တို့ဖြင့် ရောချက်ထားပါ။

၅။      အသင့်ချက်ထားသော ငါးနှင်းဖြူကို အသင့်ချက်ထားသော ခရမ်းချဉ်သီး အော်ရီဂါနိုဆော့စ်နှင့် တွဲဖက်ပြီးတည်ခင်းပါ။

ဆလတ်ရိုးနှင့် မုန်လာဥနီသုပ်

►   ပါဝင်ပစ္စည်းများ

♦   ဆလတ်ရိုး   –   ၄ ချောင်း

♦   မုန်လာဥနီ   –    တစ်ခြမ်း

♦   ရှမ်းငရုတ်သီး   –   ၁ တောင့်

♦   ကြက်သွန်နီ   –   ၁ လုံး

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   နံနံပင်   –   အနည်ငယ်

♦   ဂျူးပဲပုပ်ခြောက်   –   ၂ ချပ်

♦   ငါးငံပြာရည်   –   ၁ ဇွန်း

♦   ပုစွန်ခြောက်   –   ၅ ကျပ်သား

♦   နှမ်းဆီမွှေး   –   အနည်းငယ်

♦   ပစ်စတာချိုစေ့   –   အနည်းငယ်

♦   နှမ်း (ဖြူ + မည်း)   –   အနည်းငယ်

►   ချက်ပြုတ်ပုံအညွှန်း

၁။      ဆလတ်ရိုးကို အခွံနွှာပြီး အမျှင်ပါးပါးလှီး၍ မုန်လာဥနီကိုလည်း အမျှင်ပါးပါးလှီး၍ ရေခဲရေစိမ်ထားပါ။

၂။      ရှမ်းငရုတ်စိမ်းကို အစေ့ထုတ်ပြီး အမျှင်ပါးပါးလှီးပြီး ရေခဲရေတွေင်စိမ်ထား၍ ကြက်သွန်နီကိုလည်း ပါးပါးလှီးပြီး ရေခဲရေတွင် ရောစိမ်ထားပါ။

၃။      ကြက်သွန်ဖြူနှင့် နံနံပင်အနည်းငယ်ကိုလည်း ပါးပါးလှီးပြီး ရေခဲရေတွင်စိမ်ထားပါ။

၎။      ဂျူးပဲပုပ်ခြောက်ကို အိုးကပ်ကင်ပြီး ကြက်သွန်ဖြူ၊ နံနံပင်၊ ငါးငံပြာရည်၊ ပုစွန်ခြောက်နှင့် ရေ သန့်အနည်းငယ်ရောကြိတ်ထားပါ။

၅။      အသင့်လှီးပြီး ရေခဲရေစိမ်ထားသော ဆလတ်ရိုးနှင့် မုန်လာဥနီကို ရေစစ်ပြီး အသင့်ကြိတ်ထားသော ဂျူးပဲပုပ်အနှစ်၊ နှမ်းဆီမွှေး အနည်းငယ်တို့နှင့် ရောသုပ်ပြီး ရေခဲသေတ္တာတွင် အအေးခံထားပါ။

၆။      အသင့်အအေးခံထားသော ဆလတ်ရိုးနှင့် မုန်လာဥနီသုပ်ကို ပစ်စတာချိုစေ့၊ နှမ်း (ဖြူ+မည်း) တို့နှင့် အလှဆင်တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments